
ဂျပန်နိုင်ငံ နှစ်သစ်ကူးနေ့ငလျင်ကဗီဒီယိုတွေကို တိဗက်ငလျင်ကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 23 ဇန်နဝါရီ 2025 အချိန် 04h23
- အပ်ဒိတ်ရက်စွဲ 28 ဇန်နဝါရီ 2025 အချိန် 04h34
- ဖတ်ရန် ကြာချိန် 5 မိနစ်
- Roxana ROMERO, Tommy WANG, AFP အမေရိကန်ပြည်ထောင်စု, AFP Thailand, AFP ဖိလစ်ပိုင်, AFP ဟောင်ကောင်
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - Chayanit ITTHIPONGMAETEE , Jan Cuyco , AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ယမန်နေ့မနက် ၇:၃၅ နာရီက တိဗက် တရုတ်မြေငလျင်ကြီး မဂ္ဂနီကျု ၇.၁ အဆင့်လှုပ်ရှားစဉ်နှင့်လှုပ်ရှားပြီးမြင်ကွင်းအချို့။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
ကြည့်ရှုမှုအကြိမ်ရေ ၅၄၄,၀၀၀ ကျော် ရှိတဲ့ဗီဒီယိုမှာ အိမ်တွေနဲ့ ဓါတ်အားလိုင်းတွေ ပြင်းထန်စွာတုန်ခါပြီး အိမ်တွေအများကြီး ဖုန်လုံးကြီးတွေအဖြစ်ပြိုကျသွားတဲ့မြင်ကွင်းနဲ့အတူ၊ ငလျင်လှုပ်နေစဥ် စက်ဘီးစီးသူတစ်ဦးက အဆောက်အအုံတစ်ခုပြိုကျပြီး နောက်တစ်ခုကပြင်းထန်စွာလှုပ်ခတ်နေတာကိုမြင်ရာမှ ထိတ်လန့်တုန်လှုပ်နေတဲ့ မြင်ကွင်းတွေအပြင် ဝေဟင်ကနေရိုက်ကူးထားတဲ့ အဆောက်အအုံအပျက်အစီးတွေရဲ့ မြင်ကွင်းတွေကို စုစည်းထားပါတယ်။


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ နဲ့ နီပေါနိုင်ငံနယ်စပ်အနီး ဧဝရတ်တောင်ရဲ့ မြောက်ဘက် ကီလိုမီတာ ၈၀ (မိုင် ၅၀) ခန့်အကွာ ကျေးလက်တောင်ပေါ်ဒေသ Tingri ခရိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တစ်ခုကြောင့် အနည်းဆုံး လူ ၁၂၆ ဦးသေဆုံးပြီး ၁၈၈ ဦး ဒဏ်ရာရရှိခဲ့တဲ့နောက် အဲဒီမှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link)
China Earthquake Networks Center (CENC) က ငလျင်ရဲ့ ပြင်းအားကို မဂ္ဂနီကျု့ ၆ ဒဿမ ၈ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ US Geological Survey ကတော့ ပြင်းအား မဂ္ဂနီကျု့ ၇ ဒဿမ ၁ ရှိတယ်လို့ဆိုပါတယ်။
ဒီငလျင်လှုပ်ခတ်မှုက အိမ်နီးချင်း နီပေါ နဲ့ အိန္ဒိယနိုင်ငံတို့ကိုပါ သက်ရောက်ခဲ့ပေမဲ့ အဲဒီနေရာတွေမှာ လူသေဆုံးထိခိုက်တာမျိုးတော့ မရှိပါဘူး။
ပထမဗီဒီယိုကို ထိုင်းနိုင်ငံအခြေစိုက် Channel 8 ရုပ်သံလိုင်းက တိဗက်ငလျင်အကြောင်း သတင်းဖော်ပြမှုတစ်စိတ်တစ်ပိုင်းအဖြစ်သူတို့ရဲ့ Facebook နဲ့ Tiktok စာမျက်နှာတွေမှာမျှဝေခဲ့တဲ့အပြင် ကမ္ဘာတစ်ဝှမ်းမှာလည်း အင်္ဂလိပ်၊ ဟိန္ဒီ၊ စပိန် နဲ့ ပေါ်တူဂီစတဲ့ ဘာသာစကားတွေနဲ့ ပျံ့နှံ့နေပါတယ်။
ဒုတိယဗီဒီယိုကိုလည်း နီပေါ၊ အင်္ဂလိပ်၊ အူရဒူ၊ ဘင်္ဂါလီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ဘာသာစကားတွေနဲ့ မျှဝေလျက်ရှိပါတယ်။
မြန်မာဘာသာနဲ့ ဗီဒီယိုစုစည်းမှုကိုတော့ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာတွေ့နိုင်ပါတယ်။
နှစ်သစ်ကူးနေ့ ဂျပန်ငလျင်ရဲ့ ဗီဒီယိုတွေ
ပထမဗီဒီယိုက ရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တစ်ခုအကြောင်းရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာတွေ့ခဲ့ရပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် Chunichi Shimbun သတင်းစာမှာ ဗီဒီယိုနဲ့အတူ “ငလျင်လှုပ်နေစဥ် Horyumachi၊ Suzu မြို့၊ Ishikawa စီရင်စုရှိ အဆောက်အအုံများပြိုကျသွားပုံနှင့် ဖုံမှုန့်များမြေပေါ်မှလွင့်စင်သွားပုံကို ပြသသည့် Dashcam ဗီဒီယို“ ဆိုပြီးစာသားဖော်ပြထားပါတယ်။ (Archived link)
အောက်မှာ မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်) ကို Chunichi Shimbun သတင်းစာရဲ့ ဗီဒီယို (ညာ) နဲ့ နှိုင်းယှဉ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။

အဓိက စကားလုံးတွေအသုံးပြုပြီး ထပ်မံရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဗီဒီယိုကို ဂျပန်နိုင်ငံ Yomiuri Shimbun သတင်းစာရဲ့ ငလျင်အကြောင်းရေးသားထားတဲ့ ဆောင်းပါးတစ်ခုမှာ တွေ့ခဲ့ရပါတယ်။ (Archived link)
"ဇန်န၀ါရီလ ၁ ရက်နေ့က Suzu ပြည်နယ်၊ Ishikawa စီရင်စုတွင် လှုပ်ခတ်သွားသည့် နိုတိုကျွန်းဆွယ် ငလျင်ကို Dashcam မှ ရိုက်ကူးထားသောပုံ။ ညနေ ၄နာရီ၊ ၁၀ မိနစ်တွင် ပြင်းထန်စွာတုန်ခါမှုကြောင့် လူနေအိမ်များပြိုကျလုနီးပါးဖြစ်ခဲ့" ဆိုပြီးရေးသားထားပါတယ်။
ဗီဒီယိုကို Suzu ပြည်နယ်မှာ ရိုက်ကူထားကြောင်း Google Street View ကဓာတ်ပုံတွေအသုံးပြုပြီး AFP ကအတည်ပြုနိုင်ခဲ့ပါတယ်။
ဒုတိယဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ဂျပန်နိုင်ငံအခြေစိုက် The Mainichi သတင်းစာက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ထုတ်ဝေထားတဲ့ နိုတိုငလျင်ရဲ့ Dashcam ဗီဒီယိုစုစည်းမှုတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ (Archived link)
စက်ဘီးသမားရဲ့ ဗီဒီယိုကို ၂ မိနစ်၊ ၁၂ စက္ကန့် ကြာချိန်မှာ မြင်တွေ့နိုင်ပါတယ်။
အောက်မှာ မှားယွင်းတဲ့ ပိုစ့်က ဗီဒီယို (ဘယ်) နဲ့ The Mainichi သတင်းစာရဲ့ ဗီဒီယို (ညာ)ကိုနှိုင်းယှဥ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။

The Mainichi သတင်းစာအရ ဗီဒီယိုကို ငလျင်လှုပ်ခတ်ခဲ့တဲ့ Ishikawa စီရင်စုအခြေစိုက် လူမှုဖူလုံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Choujukai ပိုင် ကြိုပို့ယာဉ်ရဲ့ dashcam ကနေပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ရိုက်ယူထားခဲ့တယ်လို့ဆိုပါတယ်။
ဗီဒီယိုကို ဂျပန်ရုပ်သံလိုင်းတွေဖြစ်တဲ့ All-Nippon News နဲ့ Japan News Network တို့ကလည်း သူတို့ရဲ့ YouTube စာမျက်နှာတွေပေါ်မှာ မျှဝေထားကြပါတယ်။ (Archived here and here)
မူရင်းဗီဒီယိုမှာ နိုတိုကျွန်းဆွယ် Ishikawa စီရင်စုရှိ အမှတ် ၂၄၉ လမ်းမကြီးပေါ်ကတစ်နေရာမှာ ရိုက်ကူးထားတယ်ဆိုတဲ့ ကိုသြဒိနိတ်အမှတ်တွေပါရှိပါတယ်။ (Archived link)
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက Google Street View ရဲ့ဓာတ်ပုံမှာလည်း တူညီတဲ့ အပြာရောင်ဆိုင်းဘုတ်ရှိတဲ့ စျေးဆိုင်နဲ့တူ ဂျပန်ရိုးရာခေါင်မိုးနဲ့အိမ်တစ်လုံးကို ဗီဒီယိုထဲကအတိုင်းတွေ့နိုင်ပါတယ်။ (Archived link)
အောက်မှာ The Mainichi သတင်းစာက ဗီဒီယို (ဘယ်) နဲ့ Google Street View ကပုံ (ညာ)ကို နှိုင်းယှဉ်ထားပြီး AFP က တူညီမှုတွေကို အမှတ်အသားပြုလုပ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။

ဝေဟင်ကနေရိုက်ကူးထားတဲ့ တတိယမြောက်ဗီဒီယိုကတော့ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ တိဗက်ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးတွေကိုရိုက်ကူးထားတာဖြစ်ပြီး RFA Tibetan သတင်းဌာနက တိဗက်ငလျင်မှတ်တမ်းဗီဒီယိုစုစည်းမှုမှာ တစ်စိတ်တစ်ပိုင်းဖော်ပြထားပါတယ်။ (Archived link)
AFP အနေနဲ့ တိဗက်ငလျင်နဲ့ ပတ်သက်တဲ့အချက်အလက်မှားတွေကို ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်