တရုတ်နိုင်ငံက မီးသတ်လေ့ကျင့်ရေးဗီဒီယိုကို နီပေါငလျင်အဖြစ် မှားယွင်းပြောဆို
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဇန်နဝါရီ 2025 အချိန် 07h34
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Carina CHENG, AFP ထိုင်း, AFP ဟောင်ကောင်
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"#မြေငလျင် အပ်ဒိတ်- ၇/၁/၂၀၂၅ နီပေါနိုင်ငံအနီး မဂ္ဂနီကျု ၇.၁ အဆင့် ရှိ ငလျင်လှုပ်ခတ်စဉ်...Sankhuwasabha နှင့် Taplejung အနီးရှိ တရုတ်နယ်စပ်အနီး NEMRC/DG က ယနေ့ နံနက်ဒေသစံတော်ချိန် ၆ နာရီ ၅၀ မိနစ်တွင် ပဏာမတိုင်းတာခဲ့သည်။" (မူရင်းအတိုင်း) ဆိုပြီး ဇန်နဝါရီလ ၇ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ဒီပို့စ်က စက္ကန့် ၃၀ ကြာချိန်ရှိတဲ့ဗီဒီယိုမှာ ဆင်တူဝတ်စုံဝတ်ဆင်ထားတဲ့ ကလေးငယ်တစ်စုက မီးခိုးတွေနဲ့အဆောက်အအုံတစ်ခုထဲကနေ ထွက်ပြေးနေတာတွေ့ရပြီး သတိပေးဥသြသံတွေလည်း နောက်ကွယ်မှာကြားရပါတယ်။
ဇန်နဝါရီလ ၇ ရက် မနက်ခင်းမှာ တရုတ်နိုင်ငံရဲ့ တိဗက်ဒေသမှာ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူအနည်ဆုံး ၁၂၆ ဦးသေဆုံးခဲ့ပြီး အခုလို ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ (Archived here)
တရုတ်ငလျင်ကွန်ရက်စင်တာ (CENC) က ဒီငလျင်ဟာ ပြင်းအား ၆ ဒဿမ ၈ မဂ္ဂနီကျူ့ရှိတယ်လို့ဆိုပေမယ့် အမေရိကန်ဘူမိဗေဒစစ်တမ်းကတော့ ငလျင်ပြင်းအား ၇ ဒဿမ ၁ မဂ္ဂနီကျူ့ ရှိတယ်လို့ ဆိုပါတယ်။ ဒီလှုပ်ခတ်မှုဟာ အိမ်နီးချင်း အိန္ဒိယနဲ့ နီပေါနိုင်ငံတွေကိုလည်း သက်ရောက်ခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုတွေ မရှိခဲ့ပါဘူး။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။
မီးသတ်လေ့ကျင့်ခန်း
Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေမှုအပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က တရုတ်လူမှုကွန်ရက် Douyin မှာ မျှဝေထားတဲ့ ပိုမိုရှည်လျားတဲ့ ဗီဒီယိုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
"ဒီမီးဘေးလွတ်မြောက်ရေးနှင့်ကယ်ဆယ်ရေး လေ့ကျင့်ခန်း အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ ကျောင်းဆရာ၊ဆရာမတွေနဲ့ ကျောင်းသားပေါင်း ၁,၄၀၀ ကျော်ဟာ ၂ မိနစ် နဲ့ ၃၀ စက္ကန့်အတွင်း မီးဘေးလွတ်ရာကို ပြောင်းရွေ့နိုင်ခဲ့ပါတယ်" ဆိုပြီး တရုတ်ဘာသာနဲ့ စာသားပါရှိပါတယ်။
ဒီ Douyin အသုံးပြုသူက သူဟာ ဟူနန်ပြည်နယ်၊ Hengyang ကောင်တီက Taiyuan အလယ်တန်းကျောင်းရဲ့ ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ ဗီဒီယိုတစ်ခုမှာ မိတ်ဆက်ထားပြီး ကျောင်းရဲ့ လှုပ်ရှားမှုတွေကို သူ့ရဲ့ စာမျက်နှာမှာ ဖော်ပြလေ့ရှိပါတယ်။ (Archived here, here and here)
တရုတ်ဘာသာစကားနဲ့ ကျောင်းနာမည်ကို အချက်အလက်ရှာဖွေတဲ့အခါ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်က မီးဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်ခန်းအကြောင်းဖော်ပြထားတဲ့ Hengyang ကောင်တီအစိုးရရဲ့ ထုတ်ပြန်စာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ (Archived here)
"Taiyuan မြို့နယ် Furong ကျောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားမီ လျင်မြန်စွာ ကြိုတင်ကာကွယ်ရန်" ဆိုတဲ့ ခေါင်းစဥ်ပါရှိပါတယ်။
Furong ကျောင်းနဲ့ Hengyang ကောင်တီ မီးနှင့်ကယ်ဆယ်ရေးတပ်ဖွဲ့တို့က ပူးတွဲပြီး မီးသတ်လေ့ကျင့်ရေးလုပ်ဆောင်မှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဒီထုတ်ပြန်ချက်မှာ ဆိုပါတယ်။ Douyin ဗီဒီယိုထဲမှာတွေ့ရတဲ့ တူညီဝတ်စုံတွေဝတ်ဆင်ထားတဲ့ ကျောင်းသားတွေက အဆောက်အအုံတစ်ခုကနေ ထွက်လာတဲ့ဓာတ်ပုံနဲ့ မီးသတ်ဆေးဘူးအသုံးပြုပြီး မီးသတ်နေတဲ့ ဓာတ်ပုံတွေလည်း ဒီထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
Baidu Maps မှာ တွေ့ရတဲ့ ကျောင်းရဲ့ဓာတ်ပုံကိုအသုံးပြုပြီး ဒီဗီဒီယိုကို Taiyuan အလယ်တန်းကျောင်းမှာ ရိုက်ကူးခဲ့တယ်ဆိုတာ AFP က အတည်ပြုနိုင်ခဲ့ပါတယ်။ (Archived here)
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက ငလျင်လှုပ်ခတ်မှုနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်