တရုတ်နိုင်ငံက ပေါက်ကွဲမှု ဗီဒီယိုကို အီရန်က အစ္စရေးကိုတိုက်ခိုက်မှုအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 မတ် 2026 အချိန် 06h57
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP အမေရိကန်ပြည်ထောင်စု
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand

အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေးကြောင့် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့တဲ့နောက် အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တဲလ်အဗစ်မှာ အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဆိုပြီး လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့ ဗီဒီယိုကတော့ မှားယွင်းပြောဆိုမှု တစ်ခုသာဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုဟာ ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမှာဖြစ်ပွားခဲ့တဲ့ ဓာတုပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ် မြင်ကွင်းတွေကြောင့် မကြာခဏမှားယွင်းဖော်ပြခံရတဲ့ ဗီဒီယိုလည်း ဖြစ်ပါတယ်။ 

"အီရန်က နေတန်ယာဟုရဲ့ ရုံးခန်းနဲ့ လေတပ်ဦးစီးချုပ်ရဲ့ နေအိမ်ကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပြီး အသေးစိတ် မသိရှိရသေးပါ…" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ဗီဒီယိုမှာ စာသားတစိတ်တပိုင်းရေးသားထားပါတယ်။  

ဗီဒီယိုထဲမှာ မီးတောက်တွေပြင်းထန်စွာပေါက်ကွဲပြီး မြို့ပြဧရိယာတစ်နေရာက အထပ်မြင့်အဆောက်အအုံတွေကို မီးတောက်တွေနဲ့ ဖုံးလွှမ်းသွားတဲ့ မြင်ကွင်းတွေကိုတွေ့ရတဲ့အပြင် ဗီဒီယိုရိုက်ကူးသူရဲ့ ကြောက်လန့်တကြားအော်ဟစ်နေသံတွေလည်း ကြားရပါတယ်။ တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့ပါ Facebook InstagramTikTok နဲ့ X စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။  

Image
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အယာတိုလာ ခါမေနီ အပါအဝင် အီရန်ရဲ့ အခြားထိပ်သီးခေါင်းဆောင် အများအပြား သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ဒေသတွင်း အလျင်အမြန်ပျံ့နှံ့ခဲ့တဲ့ စစ်ပွဲစတင်ခဲ့ပါတယ်။ အဲဒီနောက် ကျန်ရှိနေသေးတဲ့ အစိုးရကို အင်အားချိနဲ့အောင်ရည်ရွယ်ပြီး လေကြောင်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ရက်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။ (Archived link)  

အီရန်တပ်ဖွဲ့တွေဟာ အမေရိကန်သံရုံးတွေနဲ့ စစ်စခန်းတွေကို ဒုံးကျည်၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးနိုင်ငံရဲ့ ဟိုင်ဖာ၊ အရှေ့ဂျေရုဆလင်နဲ့ တဲလ်အဗစ်မြို့တွေမှာရှိတဲ့ လုံခြုံရေးပစ်မှတ်တွေကိုလည်း ဒုံးကျည်၊ ဒရုန်း တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ (Archived link)  

ဒါပေမဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ပေါက်ကွဲမှု ဗီဒီယိုဟာ တဲလ်အဗစ်မြို့ကတိုက်ခိုက်မှု မဟုတ်ပါဘူး။

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ စက်မှုဇုန်ပေါက်ကွဲမှုအကြောင်း သတင်းဖော်ပြချက်တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက BBC သတင်းဌာနဟာ မျက်မြင်သက်သေဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပြီး ပေါက်ကွဲပစ္စည်းတွေသိုလှောင်ထားတဲ့ မြို့ထဲကဂိုဒေါင်တစ်ခု မီးလောင်ပြီး ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။ (Archived links here and here)  

လူပေါင်း ၁၇ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ ပေါက်ကွဲမှုရဲ့ အခြားရှုထောင့်တွေကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို AFP ကလည်း မျှဝေခဲ့ပါတယ်။  

လူမှုကွန်ရက်အသုံးပြုသူတွေက တီယန်ကျင်းဖြစ်ရပ်ကို မကြာခဏ မှားယွင်းစွာ ဖော်ပြလေ့ရှိပါတယ်။ ဒီမီးလောင်ပေါက်ကွဲမှု ဗီဒီယိုကို ၂၀၂၂ခုနှစ်က ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုဆိုပြီးဖော်ပြခဲ့သလို၊ ၂၀၂၅ ခုနှစ်မှာလည်း အမေရိကန်-အစ္စရေးရဲ့ အီရန်ကိုပူးပေါင်းတိုက်ခိုက်မှုအဖြစ် မှားယွင်းပြောဆိုခဲ့ကြပါတယ်။  

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်က တဲလ်အဗစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု အပြီးအခြေအနေကိုပြတဲ့ Al Jazeera နဲ့ CNN သတင်းဖော်ပြချက်တွေမှာ ပြိုကျနေတဲ့ အဆောက်အအုံတွေနဲ့ ပြန့်ကျဲနေတဲ့ မီးတောက်တွေကိုပဲ တွေ့ရပါတယ်။ တီယန်ကျင်းဖြစ်ရပ်ကလို အပြင်းထန်ပေါက်ကွဲနေတဲ့ မီးတောက်ကြီးတွေကို မတွေ့ရပါဘူး။ (Archived links herehere and here)  

အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ