AI နဲ့ပြုလုပ်ထားတဲ့ ဗီဒီယိုကို အီရန်နိုင်ငံထဲ ဝင်ရောက်လာတဲ့ အမေရိကန်တပ်ဖွဲ့တွေဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 မတ် 2026 အချိန် 09h25
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ်တိုက်ခိုက်မှုတွေကနေ စတင်ခဲ့တဲ့ စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသကိုသက်ရောက်ထိခိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ထဲ အမေရိကန်စစ်တပ်တွေဝင်ရောက်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ Google AI အသုံးပြုပြီး ဖန်တီးထားတာဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်စစ်တပ်တွေ အီရန်နိုင်ငံထဲဝင်ရောက်လှုပ်ရှားနေတယ်ဆိုတဲ့ ဖော်ပြမှုတွေမရှိတဲ့အပြင် AI နဲ့ဖန်တီးထားကြောင်း သိသာစေတဲ့ ရုပ်ပုံကွဲလွဲမှုတွေကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။  

"အမေရိကန်စစ်သားတွေ အီရန်မှာ အသင့်ရှိနေတန်းစီပြီးဝင်လာနေပြီ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်က မျှဝေထားတဲ့ Facebook ဗီဒီယိုမှာ ရေးသားထားပါတယ်။  

ညအချိန် မြို့တစ်မြို့ရဲ့လမ်းမပေါ်  သံချပ်ကာစစ်ကားတွေနဲ့ စစ်သားတွေ ဖြည်းဖြည်းချင်း ရွေ့လျားဝင်ရောက်လာတဲ့ မြင်ကွင်းတွေနဲ့ ဗီဒီယိုဖိုင်နှစ်ခုကို တွေ့ရပါတယ်။  

အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးနိုင်ငံတို့ဟာ အီရန်နိုင်ငံထဲက စစ်ရေးပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးစေခဲ့တဲ့ ဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ တီဟီရန်က ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့နောက် ဒီဗီဒီယို ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)

ဒူဘိုင်း၊ ဘာရိန်း၊ အီရတ်နဲ့ အခြားနေရာတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရသလို ဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားလည်း လုံးဝနီးပါး ရပ်တန့်သွားရတဲ့အထိ ရှုပ်ထွေးမှုတွေဖြစ်ပွားခဲ့ပါတယ်။ 

Image
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က အနီရောင် X အပြင် AI အမှတ်အသားပြုလုပ်ထား

တူညီတဲ့ပြောဆိုမှုနဲ့ ဗီဒီယိုကို FacebookTikTok နဲ့ X မှာ မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာဟော်ဆာဘာသာစကားနဲ့လည်း ပျံ့နှံ့ခဲ့ပါတယ်။  

ဒါပေမဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့  ဂရင်းနစ်စံတော်ချိန် နံနက် ၈ နာရီအထိ အီရန်နိုင်ငံထဲ အမေရိကန်စစ်တပ်တွေ ဝင်ရောက်လှုပ်ရှားနေတယ်ဆိုတဲ့ ဖော်ပြချက်တွေမရှိခဲ့ပါဘူး။  

စစ်ပွဲတွေမှာ အမေရိကန်တပ်ဖွဲ့တွေရဲ့ပါဝင်မှုတွေကို အဆုံးသတ်ဖို့ ကတိပေးခဲ့ဖူးတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့က the New York Post နဲ့ အင်တာဗျူးတစ်ခုမှာ "လိုအပ်ပါက" အီရန်ထဲ အမေရိကန် မြေပြင်တပ်ဖွဲ့တွေ စေလွှတ်မှုဖြစ်နိုင်ခြေကို ဖယ်ထုတ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ (Archived link)

"လက်ရှိအချိန်မှာ" ဒီလှုပ်ရှားမှုအတွက် အမေရိကန်တပ်ဖွဲ့တွေကို အီရန်ထဲစေလွှတ်ဖို့ "အစီအစဉ်မရှိဘူး" လို့ မတ်လ ၄ ရက်မှာ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ (Archived link)

မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုထဲကရုပ်ပုံတွေကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ အရည်အသွေးပိုမိုကောင်းမွန်တဲ့ ဗီဒီယိုတစ်ခုကို Facebook မှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

"ဉာဏ်ရည်တုနည်းပညာရဲ့ အံအားသင့်ဖွယ် အရည်အသွေးတွေကို လေ့လာကြဖို့" လူမှုကွန်ရက်အသုံးပြုသူတွေကို လှုံ့ဆော်ထားတဲ့ "DailymindAi" စာမျက်နှာက ဒီဗီဒီယိုကို မျှဝေထားတာဖြစ်ပါတယ်။ ဒါဟာ AI ဖန်တီးမှုဖြစ်ကြောင်းလည်း အခြားသူတွေက မှတ်ချက်ပေးထားပါတယ်။   

အခြားရေစာတစ်ခုကို ဖုံးထားတဲ့ "Daily mind_ai" ဆိုတဲ့ ရေစာကိုလည်း ဗီဒီယိုရဲ့ ညာဘက်အောက်ခြေမှာ တွေ့ရပါတယ်။  

Image
DailymindAi ဗီဒီယိုကို AFP က AI အမှတ်အသားပြုလုပ်ထား

ဗီဒီယိုကို အနီးကပ်စစ်ဆေးကြည်တဲ့အခါ AI နဲ့ဖန်တီးထားကြောင်း သိသာစေတဲ့ ရုပ်ပုံကွဲလွဲမှုတွေ တွေ့ရပါတယ်။ လူနာတင်ယာဥ်တွေမှာ တွေ့ရလေ့ရှိတဲ့ အရေးပေါ်အချက်ပြမီးတွေကို စစ်ဘက်ဆိုင်ရာယာဥ်တွေမှာ မှားယွင်းဖော်ပြထားပြီး အချို့စစ်သားတွေကို မူမမှန်တဲ့ပုံစံတွေနဲ့ တွေ့ရပါတယ်။  

Image
AFP က AI အမှတ်အသားပြုလုပ်ထားပြီး ရုပ်ပုံကွဲလွဲမှုထောက်ပြထား

ထပ်မံပြီး Google ရဲ့ SynthID နဲ့ ဗီဒီယိုကို စစ်ဆေးကြည့်တဲ့အခါ Google ပလက်ဖောင်းရဲ့ AI နည်းပညာကိုသုံးပြီး ဖန်တီးထားနိုင်ခြေ "အလွန်မြင့်မား" ကြောင်း တွေ့ရှိရပါတယ်။ (Archived link)

Image
SynthID စစ်ဆေးတွေ့ရှိမှု

အရှေ့အလယ်ပိုင်းကစစ်ပွဲနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ