ဆယ်စုနှစ်ကြာဗီဒီယိုဟာ ရှာဂျာမြို့ လူနေတိုက်မြင့်မီးလောင်မှုကဖြစ်ပြီး အီရန်ရဲ့ CIA ဌာနချုပ်ကို တိုက်ခိုက်မှုမဟုတ်

အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ်  အစ္စရေး-အမေရိကန် ပူးတွဲတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသတလျှောက် ဒုံးကျည်၊ ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမယ့် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အထပ်မြင့်အဆောက်အအုံ မီးလောင်မှု ဗီဒီယိုဟာ "ဒူဘိုင်းက CIA ရုံးချုပ်" မဟုတ်ပါဘူး။ ဒီဗီဒီယိုဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကတည်းက ပျံ့နှံ့ခဲ့တာဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှာဂျာမှာ အဆောက်အအုံတစ်ခု မီးလောင်ခဲ့စဥ်ကဖြစ်ပါတယ်။  

"အီရန် ထိပ်စီးတွေ ကျသွားတဲ့တိုင် အခုထိ ဖွဲ့စည်းပုံတော့ မပျက်သေးတာ တွေ့ရတယ်။ အထူးသဖြင့် အီရန်ဒုံးတပ်နဲ့ ကြည်းတပ်က အတော်လေးအားကောင်းနေသေးတာ ထင်ရှားတယ်။"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။  

ပြန်လည်မျှဝေမှုအကြိမ်ရေ ၆၀၀ ကျော်ရှိတဲ့ အဲဒီဓာတ်ပုံမှာ မိုးမျှော်တိုက်ကြီးတစ်ခုကနေ မီးခိုးတွေထွက်နေတာကို တွေ့နိုင်ပါတယ်။ "စီအိုင်အေရုံး အီရန်ဒုံးကျည်ထိ"(မူရင်းအတိုင်း) ဆိုပြီးလည်း ဓာတ်ပုံပေါ်မှာ စာသားပါရှိပါတယ်။   

Image
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

အီရန်နိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးစေခဲ့တဲ အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ကြီးမားတဲ့ အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုကို အီရန်က တုံပြန်ခဲ့တဲ့နောက် တူညီတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ နိုင်ဂျီးရီးယား စတဲ့နိုင်ငံတွေရဲ့ Facebook နဲ့ Instagram စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)

တီဟီရန်ဟာ အစ္စရေးနဲ့ အမေရိကန်အခြေစိုက် စစ်စခန်းတွေရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။ (Archived link 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အာရပ်စော်ဘွားများပြည်ထောင်စုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အီရန်ရဲ့ ဒုံးကျည်တွေကြောင့် ဒူဘိုင်းရဲ့  Palm Jumeirah လူလုပ်ကျွန်းမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ဒရုန်းအပျက်အစီးတွေကြောင့် အဆင့်မြင့် ဇိမ်ခံဟိုတယ် Burj Al Arab မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ (Archived link 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး လူသုံးဦးသေဆုံးခဲ့ရာ သူတို့ဟာ ပါကစ္စတန်၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ (Archived link 

ပင်လယ်ကွေ့နိုင်ငံတွေထဲက အမေရိကန်သံသမန်လုပ်ငန်းစဥ်တွေကို အီရန်ကတိုးမြှင့်တိုက်ခိုက်ခဲ့ပြီး မတ်လ ၃ ရက် နောင်းပိုင်းမှာ ဒူဘိုင်းမြို့က အမေရိကန်သံရုံး ဒရုန်းတိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒူဘိုင်းက CIA အဆောက်အအုံတစ်ခု အီရန်ဒရုန်းထိမှန်ခဲ့တယ်ဆိုတဲ့ တရားဝင်ဖော်ပြချက်တွေမရှိပါဘူး။ (Archived link) 

CIA ရဲ့ ဌာနချုပ်ဟာ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ Langley မှာ အခြေစိုက်တည်ရှိပါတယ်။ (Archived link

Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က မျှဝေထားတဲ့ ဒီ YouTube ဗီဒီယိုကဆိုတာ တွေ့ခဲ့ရပါတယ်။ (Archived link) 

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ မျှဝေခဲ့တဲ့ YouTube ဗီဒီယိုမှာ "အာရပ်စော်ဘွားများပြည်ထောင်စု၊ ရှာဂျာမြို့က မီးလောင်မှုကြီး"ဆိုပြီး အာရဗြီဘာသာစကားနဲ့ စာသားပါရှိပါတယ်။  

Image
မှားယွင်းပိုစ့် (ဘယ်) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက မျှဝေထားတဲ့ YouTube ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

အဓိကစကားလုံးတွေနဲ့ အချက်အလက်ထပ်မံရှာဖွေကြည့်ရာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မျှဝေထားတဲ့ အလားတူ ဗီဒီယိုအများအပြားကို တွေ့ခဲ့ရပါတယ်။ (Archived links here and here)  

ရှာဂျာမြို့က အထပ် ၃၀ အမြင့်ရှိ လူနေအဆောက်အအုံတစ်ခုမီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ (Archived links here and here)

ပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ ၂၀၁၅ ခုနှစ်၊ မတ်လမှာ ရိုက်ကူးထားတဲ့ အဆောက်အအုံရဲ့  Google Maps က Street view ဓာတ်ပုံနဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived link 

Image
မှားယွင်းပိုစ့် (ဘယ်) ကို ၂၀၁၅ ခုနှစ်က Google Maps Street view ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြီး တူညီမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထား

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကနေ စတင်လာတဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ