ဧပြီလအင်ဒိုနီးရှားငလျင်အပြီး ယခင်ငလျင်တွေကဓာတ်ပုံဟောင်းတွေမှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဧပြီ 2026 အချိန် 09h06
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
၂၀၂၆ ခုနှစ်၊ ဧပြီလအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ ပြင်းအား ၇.၄ မဂ္ဂနီကျုရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ပြိုကျနေတဲ့အဆောက်အအုံဓာတ်ပုံတွေကတော့ ကျွန်းစုမှာ ယခင်ဖြစ်ပေါ်ခဲ့တဲ့ ငလျင်တွေကပဲဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေကို ထင်ရှားတဲ့သတင်းအေဂျင်စီတွေက ၂၀၁၈၊ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ထုတ်ဝေခဲ့ပါတယ်။
"ယနေ့မနက် အင်အား 7.4 ပမာဏတောင်ရှိတဲ့ ငလျင်ကြီး လှုပ်ခ.တ်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံရဲ့ အခြေအနေ"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားတစိတ်တပိုင်းရေးသားထားပါတယ်။
အဆောက်အအုံအပျက်အစီးတွေရဲ့ ဓာတ်ပုံသုံးပုံကို ပိုစ့်မှာဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Kota Ternate ကမ်းရိုးတန်းမှာ ပြင်းအား ၇.၄ မဂ္ဂနီကျုရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အဲဒီပိုစ့်တွေ ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ ငလျင်ကြောင့် အဆောက်အအုံပြိုကျရာကနေ လူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ (Archived links here and here)
မြေတိမ်ငလျင်ကြောင့် ၇၅ စင်တီမီတာ (၂.၅ ပေ) မြင့်တဲ့လှိုင်းလုံးတွေ နေရာအချို့မှာဖြစ်ပေါ်ခဲ့ပါတယ်။ ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ Facebook နဲ့ TikTok မှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒါပေမဲ့ ဒီပိုစ့်ကဓာတ်ပုံတွေဟာ ယခင်နှစ်တွေမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်တွေက ဖြစ်ပါတယ်။
Google မှာဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ ရှာဖွေကြည့်ရာ မှားယွင်းပိုစ့်မှာပါတဲ့ ပထမဓာတ်ပုံဟာ အမေရိကန်သတင်းဌာန The Associated Press ရဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်က မျှဝေထားတဲ့ မြင်ကွင်းပိုကျယ်တဲ့ ဓာတ်ပုံနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ (Archived link)
"၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ သောကြာနေ့၊ အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူလာဝေစီ၊ မာမူဂျူတွင် ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို ဒေသခံများ စစ်ဆေးနေစဉ်။"ဆိုပြီး တစိတ်တပိုင်း ဖော်ပြထားပါတယ်။
ငလျင်ကြောင့် လူပေါင်း ၈၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှာ AFP ကဖော်ပြထားပါတယ်။ (Archived link)
ကာတာအခြေစိုက် Al-Jazeera ရုပ်သံလိုင်းကလည်း ငလျင်အကြောင်းသတင်းဖော်ပြချက်မှာ တူညီတဲ့ဓာတ်ပုံကို မျှဝေခဲ့ပါတယ်။ (Archived link)
ထပ်မံရှာဖွေမှုတွေအရ မှားယွင်းပိုစ့်က ဒုတိယဓာတ်ပုံဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှာ AFP ကဖော်ပြခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားရှိ Cianjur မြို့မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ သတင်းဓာတ်ပုံပဲဖြစ်ပါတယ်။
"၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က Cianjur တွင် အင်အား ၅.၆ မဂ္ဂနီကျုအဆင့်ရှိငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရွာသားတွေဟာ ပျက်စီးနေတဲ့ အိမ်တွေကနေ ပစ္စည်းတွေ ပြန်လည်တူးဖော်"ဆိုပြီးရေးသားထားပါတယ်။
နောက်တစ်လအကြာမှာ အာဏာပိုင်တွေက အဲဒီသဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၆၀၀ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပြီး အများစုမှာ အဆောက်အအုံပြိုကျတာ ဒါမှမဟုတ် မြေပြိုတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ (Archived link)
မှားယွင်းပိုစ့်မှာ မျှဝေထားတဲ့ တတိယမြောက်ဓာတ်ပုံကိုတော့ ဓာတ်ပုံရောင်းဝယ်ရေးဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Getty Images က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်မှာ မျှဝေထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီပြည်နယ် Palu မှာ ပြင်းအား ၇.၅ မဂ္ဂနီကျုအဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ဗလီတစ်ခုအနီးက အပျက်အစီးတွေနဲ့ အုတ်ပုံအပိုင်းအစတွေဆိုပြီး ဖော်ပြထားပါတယ်။ (Archived link)
AFP ကလည်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်မှာ ပြိုကျနေတဲ့ဗလီရဲ့ အလားတူဓာတ်ပုံကို မျှဝေခဲ့ပါတယ်။
ငလျင်နဲ့ နောက်ဆက်တွဲဆူနာမီကြောင့် Palu မှာ လူပေါင်း ၂,၂၀၀ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါအပြင် ပြင်းထန်တဲ့ငလျင်ကြောင့် မြေပြင်ဟာ အရည်သဏ္ဌာန်ဖြစ်ပေါ်သွားပြီး သဲနုန်းတစ်မျိုးအဖြစ်ပြာင်းလဲကာ ရပ်ကွက်တစ်ခုလုံးနွံထဲနစ်မြုပ်ခဲ့တာကြောင့် နောက်ထပ် ၂၂၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ (Archived link)
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်က အင်ဒိုနီးရှားမှာ ဖြစ်ပေါ်ခဲ့တဲ့ငလျင်နဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ့် နဲ့ ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်