ဂျပန်နိုင်ငံတောင်ပိုင်းက ၇.၇ မဂ္ဂနီကျု ငလျင်လှုပ်ခတ်မှုဆိုပြီး ဗီဒီယိုဟောင်းတွေမှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဧပြီ 2026 အချိန် 09h45
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Grace MOON, Livia LIU, AFP ထိုင်း, AFP ဟောင်ကောင်, AFP တောင်ကိုရီးယား
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှာ ဂျပန်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို ပြင်းအား ၇.၇ မဂ္ဂနီကျု ငလျင်လှုပ်ခတ်ခဲ့တဲ့နောက် ဒီငလျင်ရဲ့ရိုက်ခတ်မှုဆိုပြီး ဗီဒီယိုအများအပြား လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ ၂၀၂၅ ခုနှစ်မှာ ဂျပန်နိုင်ငံကို ဆူနာမီရေလှိုင်းရိုက်ခတ်မှု၊ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနေ့ ငလျင်လှုပ်ခတ်မှုနဲ့ ၂၀၁၁ ခုနှစ် မတ်လက ငလျင်လှုပ်ခတ်မှုနဲ့ ဆူနာမီရိုက်ခတ်မှုတွေကဖြစ်ပါတယ်။
"ပြင်းအား ၇.၄ မဂ္ဂနီကျုရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ဂျပန်နိုင်ငံတွင် ဆူနာမီရိုက်ခတ်" ဆိုပြီး ဗီဒီယိုနှစ်ခုကို မျှဝေထားတဲ့ X ပို့စ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်က မျှဝေထားပါတယ်။
"Hachinohe ဆိပ်ကမ်းကို ပထမဆုံးလှိုင်းလုံးတွေရိုက်ခတ်နေပါပြီ" ဆိုပြီးလည်း အင်္ဂလိပ်ဘာသာနဲ့ စာသားဖော်ပြထားပါတယ်။ Hachinohe ဟာ ဂျပန်နိုင်ငံရဲ့ အဓိက Honshu ကျွန်းရဲ့ အရှေ့တောင်ကမ်းရိုးတန်းက မြို့တစ်မြို့ဖြစ်ပါတယ်။
ကြီးမားတဲ့ရေလှိုင်းတွေကမ်းခြေတစ်ခုကို ရိုက်ခတ်နေတဲ့ဗီဒီယိုအပြင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေနဲ့ လျှပ်စစ်မီးတိုင်တွေတုန်ခါနေတဲ့မြင်ကွင်းနဲ့ ဗီဒီယိုကိုလည်း ဒီပို့စ်မှာ မျှဝေထားပြီး ကြည့်ရှုမှုအကြိမ်ရေ ၄၂,၀၀၀ ကျော်ရှိနေပါတယ်။
ဆူနာမီရေလှိုင်းတွေက မြို့ပြလမ်းမတစ်ခုကို ဝါးမြိုနေတဲ့ ဆင်တူဗီဒီယိုတစ်ခုကိုလည်း X ပို့စ်တစ်ခုမှာ ဧပြီလ ၂၀ ရက်က မျှဝေထားပါတယ်။
"ဂျပန်မှာ မဂ္ဂနီကျု ၇.၄ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက်ထုတ်ပြန်။ အထိအခိုက်မများပါစေနဲ့" လို့ အဓိပ္ပါယ်ရတဲ့ ကိုရီးယားဘာသာနဲ့ စာသားပါရှိပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဗီဒီယိုတွေကို မြန်မာဘာသာအပြင် တရုတ်၊ အင်္ဂလိပ်၊ ဂျပန်၊ ထိုင်းဘာသာစကားတွေနဲ့လည်း လူမှုကွန်ရက်မှာ ပျံနှံနေပါတယ်။
လူဦးရေ ၁၂၅ သန်းနီပါးနေထိုင်ပြီး ကမ္ဘာ့ငလျင်လှုပ်ခတ်မှုအများဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်မှာ ဧပြီလ ၂၀ ရက်က ပြင်းအား ၇.၇ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဒီဗီဒီယိုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived link)
ဒီငလျင်ဟာ ဂျပန်နိုင်ငံအရှေ့တောင်ပိုင်းကို လှုပ်ခတ်ခဲ့ပြီး Iwate ကျွန်းစုက Kuji ဆိပ်ကမ်းမှာ ၈၀ စင်တီမီတာ (၃၁ လက်မ) အထိရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်ပေါ်ကဗီဒီယိုတွေဟာ ဧပြီလ ၂၀ ရက် ငလျင်လှုပ်ခတ်မှုကမဟုတ်ပါဘူး။ ဒါအပြင် အဲဒီငလျင်ကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေလည်း မရှိခဲ့ပါဘူး။ (Archived link)
၂၀၂၅ ဆူနာမီရိုက်ခတ်မှု
ရေလှိုင်းရိုက်ခတ်မှုဗီဒီယိုရဲ့ရုပ်ပုံတွေကိုသုံးပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က Facebook ပို့စ်တစ်ခုမှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
ရုရှားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တစ်ခုကြောင့် ဆူနာမီရေလှိုင်းရိုက်ခတ်မှုဆိုပြီး စာသားဖော်ပြထားပါတယ်။
ဆင်တူဗီဒီယိုတစ်ခုကို AP သတင်းဌာနက တစ်နေ့တည်းမှာပဲ မျှဝေထားပြီး ရုရှားနိုင်ငံရဲ့ အရှေ့ပိုင်းအစွန်ဖျားကို လှုပ်ခတ်ခဲ့တဲ့ ၈.၈ မဂ္ဂနီကျုငလျင်ကြောင့် ဂျပန်နိုင်ငံမှာ ဆူနာမီရေလှိုင်းရိုက်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ပစိဖိတ်ဒေသတလျှောက် ဆူနာမီသတိပေးချက်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဗီဒီယိုကို ဂျပန်နိုင်ငံရဲ့ Ibaraki ကျွန်းစုမှာ ရိုက်ကူးထားကြောင်းလည်း ဖော်ပြထားပါတယ်။ (Archived link)
ဒီငလျင်ကြောင့် လူနှစ်သန်းနီးပါး ဘေးလွတ်ရာအမြင့်နေရာတွေကို ရွှေ့ပြောင်းခဲ့ကြရပြီး ၁.၃ မီတာ (၄.၃ ပေ) အထိရှိတဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ (Archived link)
ဒီဗီဒီယိုဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှာ ၈၀ စင်တီမီတာရှိ ဆူနာမီလှိုင်းရိုက်ခတ်ခဲ့တဲ့ ကူဂျီမြို့ရဲ့ တောင်ဘက် ၄၅၀ ကီလိုမီတာ (၂၇၉ မိုင်) အကွာက Ibaraki မြို့ရဲ့ Google Earth ဂြိုဟ်တုပုံရိပ်နဲ့ ကိုက်ညီနေပါတယ်။ (Archived link)
၂၀၂၄ နိုတိုငလျင်
ဒုတိယဗီဒီယိုကရုပ်ပုံတွေကို အသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ပိုမိုရှည်လျားပြီး ဖြတ်ညှပ်မှုမပြုလုပ်ထားတဲ့ ဗီဒီယိုကို ဂျပန်သတင်းဌာန MBS က YouTube မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
နှစ်သစ်ကူးနေ့မှာ လှုပ်ခတ်ခဲ့တဲ့ နိုတိုကျွန်းဆွယ်ငလျင်ကဖြစ်ကြောင်း ဂျပန်ဘာသာနဲ့ ဗီဒီယိုဖော်ပြချက်မှာ ရေးသားထားပါတယ်။ လူ ၄၇၀ နီးပါး အသက်ဆုံးရှုံးခဲ့တဲ့ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိ ဒီငလျင်ဟာ ဂျပန်နိုင်ငံရဲ့ ဆယ်စုနှစ်အတွင်း လူသေဆုံးမှုအများဆုံးငလျင်ဖြစ်ခဲ့ပါတယ်။ (Archived link)
ဆက်လက်ပြီး အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို X အသုံးပြုသူတစ်ဦးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ သူမရဲ့ မိသားစုနဲ့အတူ ငလျင်ဘေးလွတ်ရာ ထွက်ပြေးရတဲ့ အတွေ့အကြုံနဲ့အတူ မျှဝေထားပါတယ်။ (Archived link)
ဗီဒီယိုထဲကရုပ်ပုံတွေဟာ ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း Ishikawa ကျွန်းစုက Anamizu မြို့ လမ်းစုံတစ်နေရာရဲ့ Google Street View ဓာတ်ပုံတွေနဲ့ ကိုက်ညီနေပါတယ်။ (Archived link)
၂၀၁၁ ဂျပန်ငလျင်နှင့် ဆူနာမီ
လမ်းမတစ်ခုကို ဆူနာမီရေလှိုင်းတွေ ဝါးမြိုနေတဲ့ဗီဒီယိုရဲ့ ရုပ်ပုံတွေကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်မှာ ဂျပန်သတင်းဌာန All-Nippon News Network က YouTube မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်မှာ Kesennuma မြို့ကို ဆူနာမီရိုက်ခတ်ခဲ့စဥ်က ရိုက်ကူးထားတဲ့ဗီဒီယိုဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ပြင်းအား ၉.၀ မဂ္ဂနီကျုရှိပြီး ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်စေခဲ့တဲ့ ဒီငလျင်လှုပ်ခတ်မှုဟာ ဂျပန်နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးသဘာဝဘေးအန္တာရာယ်တစ်ခုဖြစ်ခဲ့ပြီး လူပေါင်း ၁၈,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။ (Archived here and here)
ဒီဗီဒီယိုထဲကရုပ်ပုံတွေဟာ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာရိုက်ကူးထားတဲ့ Kesennuma မြို့ရဲ့ Google Street View ဓာတ်ပုံတွေနဲ့ ကိုက်ညီမှုရှိနေပါတယ်။ ဒီမြို့ဟာ ကူဂျီမြို့ရဲ့ တောင်ပိုင်း ၁၄၀ ကီလိုမီတာ (၈၆ မိုင်) အကွာမှာတည်ရှိပါတယ်။ (Archived link)
သဘာဝဘေးအန္တာရာယ်တွေဖြစ်ပေါ်မှုကနေ ရုပ်ပုံ၊ ဗီဒီယိုဟောင်းတွေ မှားယွင်းမျှဝေမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်