၂၀၂၆ ခုနှစ်၊ ဧပြီလ ဂျပန်ငလျင်ရဲ့ နောက်ဆက်တွဲအခြေအနေဆိုပြီး ဓာတ်ပုံဟောင်းတွေမှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 မေ 2026 အချိန် 10h25
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
၂၀၂၆ ခုနှစ်၊ ဧပြီလက ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ပြင်းအား ၇.၇ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေဆိုတဲ့ ဓာတ်ပုံတွေကတော့ ၂၀၂၄ ခုနှစ်၊ ဂျပန်နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းနဲ့ ၂၀၁၆ ခုနှစ်၊ ဂျပန်နိုင်ငံတောင်ပိုင်းတွေမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေရဲ့ ပျက်စီးမှုတွေ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို သတင်းဌာနတွေနဲ့ ရုပ်ပုံအေဂျင်စီတွေက ယခင်ကတည်းက မျှဝေဖော်ပြခဲ့ကြပါတယ်။
"#ဂျပန်ငလျင် ပြင်းအား ၇.၇တဲ့ ဂျပန်ပြည်သူများနဲ့ ဂျပန်ရောက်မြန်မာများအားလုံးဘေးကင်းကြပါစေ.." (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
အဲဒီပိုစ့်မှာ ပျက်စီးနေတဲ့ အိမ်တွေနဲ့ လမ်းတွေရဲ့ ဓာတ်ပုံလေးပုံ ပါရှိပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှာ Iwate စီရင်စုအနီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ကြီးမားတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့နောက် အဲဒီမှားယွင်းပြောဆိုမှုတွေက ပျံ့နှံ့ခဲ့ပါတယ်။ ပြင်းထန်တဲ့ ငလျင်ကြောင့် ကီလိုမီတာရာပေါင်းများစွာအကွာက မြို့တော်တိုကျိုရှိ အဆောက်အအုံကြီးများပါ တုန်ခါခဲ့ပါတယ်။ (Archived link)
ငလျင်ကြောင့် အနည်းဆုံးလူခြောက်ဦး ဒဏ်ရာရရှိခဲ့ပေမယ့် ပျက်စီးမှုကြီးကြီးမားမား တော့မရှိခဲ့ပါဘူး။ (Archived link)
တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ Facebook နဲ့ TikTok စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒါပေမဲ့ ဓာတ်ပုံတွေဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ငလျင်လှုပ်ခတ်ပြီး ပျက်စီးမှုအခြေအနေတွေ မဟုတ်ပါဘူး။
Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ဂျပန်နိုင်ငံအနောက်ကမ်းရိုးတန်း ငလျင်နဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီလက ဂျပန်နိုင်ငံတောင်ပိုင်းငလျင်တွေရဲ့ နောက်ဆက်တွဲဖြစ်စဥ်တွေရဲ့ ဓာတ်ပုံတွေဖြစ်ကြောင်း တွေ့ရပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးနေ့ငလျင်
အိမ်တွေပြိုကျနေတဲ့ ပထမဆုံး ဓာတ်ပုံဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ Reuters သတင်းဌာနက ထုတ်ဝေခဲ့တဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ (Archived link)
"၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်က ဂျပန်နိုင်ငံ၊ Ishikawa စီရင်စု၊Kanazawa တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသော အိမ်များ၊ ကားများနှင့် လမ်းများ၏ အခြေအနေကို Kyodo မှ ထုတ်ပြန်သောဓာတ်ပုံ" ဆိုပြီးစာသားဖော်ပြထားပါတယ်။
The Atlantic နဲ့ Voice of America သတင်းဌာနတွေကလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ နိုတိုကျွန်းဆွယ်မှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်အကြောင်း သတင်းဖော်ပြချက်တွေမှာ တူညီတဲ့ ဓာတ်ပုံကို အသုံးပြုထားပါတယ်။ (Archived links here, here and here)
ငလျင်ကြောင့် အဆောက်အအုံတွေ ပျက်စီးပြိုလဲခြင်း၊ မီးလောင်မှု ဖြစ်ပွားခြင်းနဲ့ အခြေခံအဆောက်အအုံတွေ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ် ခဲ့ပြီး လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ (Archived link)
တူညီတဲ့အိမ်တွေရဲ့ အခြားရှုထောင့်တစ်ခုကနေရိုက်ကူးထားတဲ့ ဓာတ်ပုံကို The Yomiuri Shimbun သတင်းစာကလည်း မျှဝေခဲ့ပါတယ်။ (Archived link)
မြေပြိုမှုကြောင့် အိုးအိမ်တွေ တောင်ကုန်းပေါ်ကနေလျှောကျပျက်စီးခဲ့တယ်လို့ သတင်းဖော်ပြချက်မှာ ရေးသားထားပါတယ်။
ပြိုကျသွားတဲ့ အိမ်တွေထဲက အိမ်တစ်အိမ်အောက်မှာ ကားတစ်စီး ပိမိနေပေမယ့် ကားထဲမှာလူတွေမရှိသလို ထိခိုက်ဒဏ်ရာရတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။
ပျက်စီးနေတဲ့ အိမ်တွေကြားမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြတဲ့ ဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်မှာ ဓာတ်ပုံရောင်းဝယ်ရေးအေဂျင်စီတစ်ခုဖြစ်တဲ့ Getty Images ကမျှဝေခဲ့ပြီး Kyodo သတင်းဌာနရဲ့ဓာတ်ပုံဖြစ်ကြောင်း ဖော်ပြထားပါတယ်။ (Archived link)
"၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်က ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ နေရာတော်တော်များများကို ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဂျပန်နိုင်ငံအလယ်ပိုင်း Ishikawa စီရင်စု၊ Wajima တွင် ပြိုကျနေသော အဆောက်အအုံတစ်ခုအတွင်း ပိတ်မိနေနိုင်သူများကို ရဲအရာရှိများက ရှာဖွေနေကြစဥ်" ဆိုပြီးစာသားဖော်ပြထားပါတယ်။
ပျက်စီးနေတဲ့ အဆောက်အအုံရဲ့ အလားတူဓာတ်ပုံတစ်ပုံကိုလည်း The Guardian သတင်းဌာနရဲ့ နှစ်သစ်ကူးနေ့ ငလျင်အကြောင်းသတင်းဖော်ပြချက်မှာ ထည့်သွင်းမျှဝေထားပါတယ်။ (Archived link)
မှားယွင်းပို့စ်က တတိယမြောက်ဖြစ်ပြီး ဆိုးရွားစွာပျက်စီးနေတဲ့ လမ်းပေါ်က ကားတွေရဲ့ ဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ Associated Press (AP) သတင်းဌာနကမျှဝေခဲ့ပြီး သတင်းဓာတ်ပုံဆရာ Hiro Komae က ရိုက်ကူးခဲ့ကြောင်း ဖော်ပြထားပါတယ်။ (Archived link)
"၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ အင်္ဂါနေ့တွင် တိုကျိုမြို့၏ အနောက်မြောက်ဘက် ဂျပန်ပင်လယ်ပြင်ကို မျက်နှာမူထားသော နိုတိုကျွန်းဆွယ်ရှိ နိုတိုမြို့အနီး ပျက်စီးဆုံးရှုံးမှုများကို ကြည့်ရှုနေကြစဉ်" ဆိုပြီး စာသားဖော်ပြထားပါတယ်။
တူညီတဲ့ဓာတ်ပုံကို အဲဒီအချိန်က သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြပြီး The Guardian နဲ့ AL Jazeera တို့ရဲ့ ငလျင်သတင်းဖော်ပြချက်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ (Archived links here and here)
၂၀၁၆ ခုနှစ်၊ Kumamoto ငလျင်များ
ငလျင်ကြောင့် ပျက်စီးသွားတဲ့ အိမ်တွေတွေ့ရတဲ့ နောက်ဆုံးဓာတ်ပုံကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်မှာ AP သတင်းဌာနက ထုတ်ဝေခဲ့ပြီး Kyodo သတင်းဌာနရဲ့ ဓာတ်ပုံအဖြစ် ဖော်ပြထားပါတယ်။ (Archived link)
"၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်၊ စနေနေ့၊ ဂျပန်နိုင်ငံတောင်ပိုင်း၊Kumamoto စီရင်စု၊Mashiki တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသော အိမ်များ" ဆိုပြီး စာသားတစိတ်တပိုင်း ရေးသားထားပါတယ်။
၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း ဂျပန်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီး မြေပြိုမှုတွေဖြစ်ပွားကာ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ (Archived link)
CNN သတင်းဌာနရဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီလက ဓာတ်ပုံစုစည်းဖော်ပြမှုမှာ တူညီတဲ့ဓာတ်ပုံကို အသုံးပြုထားပါတယ်။ (Archived link)
အခြားရှုထောင့်ကနေရိုက်ကူးထားတဲ့ တူညီတဲ့ အိမ်အပျက်အစီးတွေရဲ့ ဓာတ်ပုံကို ၂၀၁၆ ခုနှစ်၊ ဧပြီလက New York Times သတင်းစာရဲ့ ငလျင်တွေအကြောင်းသတင်းဖော်ပြချက်မှာလည်း မျှဝေထားပါတယ်။ (Archived link)
သဘာဝဘေးအန္တရာယ်တွေကျရောက်တဲ့အခါ ဓာတ်ပုံဟောင်းတွေ မကြာခဏပြန်လည် ပျံ့နှံ့လေ့ရှိပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်