စစ်တပ်ထုတ်ပြန်မှုက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ဓာတ်ပုံဟောင်းဆိုပြီး Google AI Overview က မှားယွင်းဖော်ပြ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 မေ 2026 အချိန် 09h31
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 12 မေ 2026 အချိန် 09h57
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲချထားမယ့်ထုတ်ပြန်ချက်နဲ့အတူ လူထုခေါင်းဆောင်ရဲ့ ရက်စွဲမပါတဲ့ ဓာတ်ပုံတစ်ပုံကို မြန်မာ့စစ်တပ်က၂၀၂၆ ခုနှစ်၊ ဧပြီလ နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဓာတ်ပုံရဲ့ စစ်မှန်မှုကို ဖမ်းဆီးခံခေါင်းဆောင်ရဲ့ ရှေ့နေအဖွဲ့က မေးခွန်းထုတ်ခဲ့ပေမယ့် ဒီဓာတ်ပုံကို AFP က ဓာတ်ပုံဟောင်းဖြစ်ကြောင်း စိစစ်ထုတ်ဖော်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ မှားယွင်းပါတယ်။ ဒီမှားယွင်းပြောဆိုမှုတွေက Google ရဲ့ ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ ပံ့ပိုးထားတဲ့ Google AI Overview ရလဒ်မှားတစ်ခုကို မျှဝေထားတာတွေ့ရပါတယ်။ ဒီ ရလဒ်က ဖေဖော်ဝါရီလမှာ ရေးသားထားပြီး သက်ဆိုင်မှုမရှိတဲ့ AFP အချက်အလက်စိစစ်မှုဆောင်းပါးကို ကိုးကားထားတာဖြစ်ပါတယ်။
"စစ်တပ် က အကောင်တွေ ကင်မရာ ကောင်းကောင်းမရှိဖူး ထင်တယ် ဝါးတားတားတွေဘဲ ပုံတွေ က လူထုကို စစ်အုပ်စုက ပုံမှားရိုက်တဲ့ misleading ပုံ သိပ်ပျော်မနေကြနဲ့ ဒီပုံဟာ လတ်တလောပုံမဟုတ်ပါဘူး။၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂ ရက်နေ့က ထွက်ပေါ်လာတဲ့ CCTV ပုံရိပ်ဖြစ်ပြီး AFP Fact Check က အတည်ပြုထားပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်က Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဖြေကြားထားတဲ့ AI overview ရဲ့ Screenshot ကိုလည်း ပို့စ်မှာ မျှဝေထားပါတယ်။
"မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဟောင်းဖြစ်သူ ဒေါ်အောင်ဆန်စုကြည်အား စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် တွေ့ရသည့်ဓာတ်ပုံ ဖြစ်သည်။ ၎င်းကို 'လက်ရှိ' ဓာတ်ပုံအဖြစ် မကြာသေးမီက လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သော်လည်း AFP မှ ၎င်းသည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ပေါက်ကြားခဲ့သော CCTV ဗီဒီယိုဖြစ်ကြောင်း အတည်ပြုခဲ့သည်။" လို့အဓိပ္ပါယ်ရတဲ့ AI overview အဖြေလည်း ပါရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက စစ်တပ်ရဲ့ အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီအာဏာသိမ်းမှုကြောင့် ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီလမ်းကြောင်းပျောက်ဆုံးခဲ့ရပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်မီးတောက်လောင်စေခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ စစ်တပ်ခေါင်းဆောင်အဖြစ်ကနေ သမ္မတအသွင်ပြောင်းခဲ့တဲ့ မင်းအောင်လှိုင်က အသက် ၈၀ ရှိပြီဖြစ်တဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)
ဒါပေမဲ့ သားဖြစ်သူ Kim Aris က မြန်မာနိုင်ငံတွင်းပြည်သူတွေရဲ့ အားပေးထောက်ခံမှုရရှိနေဆဲဖြစ်တဲ့ သူ့ရဲ့မိခင်နဲ့ အဆက်အသွယ်မရရှိသေးကြောင်း ဆိုပါတယ်။
စစ်တပ်ဝတ်စုံဝတ်ဆင်ထားသူနဲ့ ရဲဝတ်စုံဝတ်ဆင်ထားသူတို့အကြား တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို စစ်တပ်သတင်းပြန်ကြားရေးအဖွဲ့က တစ်နေ့တည်းမှာပဲ ထုတ်ဖော်မျှဝေခဲ့ပါတယ်။
ဒီဓာတ်ပုံကို ရန်ကုန်အခြေစိုက် AFP သတင်းထောက်တွေက Viber ကနေတဆင့်ရရှိခဲ့ပြီး အစိုးရပိုင် MRTV သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။ (Archived link)
"ဒါဟာ အစစ်အမှန်လား AI လားဆိုတာ ကျွန်တော်တို့မသိပါဘူး။" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ Francois Zimeray က ဆိုပါတယ်။
"သူအသက်ရှိနေသေးကြောင်း သက်သေ၊သူ့ရဲ့ ဓာတ်ပုံနဲ့ သူ့ကို အမှန်တကယ်နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ကြောင်း သက်သေတွေ ကျွန်တော်တို့မှာမရှိပါဘူး။ သူ့ကိုဘယ်နေရာမှာ ထားရှိသလဲဆိုတာလည်း ကျွန်တော်တို့မသိသေးပါဘူး။" လို့ ထပ်မံဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
AFP အနေနဲ့ စစ်တပ်ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံဟာ အစစ်အမှန်ဖြစ်ကြောင်း သီးသန့်အတည်ပြုနိုင်ခြင်းမရှိပါဘူး။
ဒါပေမဲ့ Facebook ပေါ်က ပို့စ်တွေမှာ ပျံ့နှံ့နေသလို ဒီဓာတ်ပုံကို AFP က အချက်အလက်စိစစ်ထားခြင်း မရှိပါဘူး။
AI အမှား
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ AFP သတင်းထောက်တစ်ဦးက ဒီဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေမှုစစ်ဆေးမှုပြုလုပ်ခဲ့ပြီး မှားယွင်း AI overview ကို တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီ overview က ကိုးကားထားတဲ့ AFP အချက်အလက်စိစစ်ရေးဆောင်းပါးဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
ဒီဆောင်းပါထဲက ရုပ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသမ္မတဟောင်း ဦးဝင်းမြင့်နဲ့အတူ တွေ့ရတဲ့ အခြား ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။
လက်ရှိမှာ Google က AFP ရဲ့ ယခင် ဆောင်းပါးကို မှားယွင်းဖော်ပြထားတဲ့ AI overview ရလဒ်ကို ပြင်ဆင်ထားပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်က စစ်ဆေးအချက်အရ ဒီဓာတ်ပုံရဲ့ အကြောင်းအရာမှာ "၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် မြန်မာအစိုးရပိုင်းသတင်းဌာနက ထုတ်ပြန်ထားသည့် ဤဓာတ်ပုံတွင် အာဏာဖြုတ်ချခံ ခေါင်းဆောင်ဟောင်း အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပြီးနောက် တွေ့ရစဥ်။" ဆိုပြီး ဖော်ပြထားပါတယ်။
AFP က Google ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်လာခြင်းမရှိပါဘူး။
၂၀၂၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ ဒီ AI overview လုပ်ဆောင်ချက်ဟာ အမြဲတမ်း တိုးတက်ပြောင်းလဲလျက်ရှိပြီး "အမှားပြုလုပ်တာတွေရှိသလို အမှားပြုလုပ်နိုင်ခြေလည်းရှိ" တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ AI overview ရဲ့ အဖြေရလဒ်တွေကို နှစ်ခါပြန်စစ်ဆေးဖို့ ကုမ္ပဏီရဲ့ ဝဘ်ဆိုဒ်မှာ အကြံပြုသတိပေးထားပါတယ်။ (Archived link)
ဧပြီလကုန်ထဲ စစ်တပ်ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံကို ထပ်မံပြီး ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ယခင်ကမျှဝေထားတာမျိုးမရှိတာကို တွေ့ရပါတယ်။
ဒါအပြင် Google ရဲ့ SynthID နဲ့ InVID-WeVerify နဲ့ စစ်ဆေးကြည့်တဲ့အခါ AI နဲ့ပြုပြင်ဖန်တီးထားကြောင်း သိသာတဲ့ ရလဒ်တွေ့ မတွေ့ရှိခဲ့ပါဘူး။
"ဒီဓာတ်ပုံဟာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ အထူးရဲတပ်ဖွဲ့မှူးချုပ်တို့က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံအစစ်အမှန်ပါ။" ဆိုပြီး မြန်မာပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြီးပိုင်း ရဲအရာရှိတစ်ဦးက AFP ကို ပြောပါတယ်။
"နေအိမ်အကျယ်ချုပ်ပြောင်းလဲဖို့အမိန့်ထုတ်ပြန်ချက်ထုတ်ပြန်တဲ့နေ့မှာပဲ သူ့ကို သွားရောက်အသိပေးချိန်မှာ ရိုက်ကူးခဲ့တယ်လို့ထင်ပါတယ်။"
မြန်မာနိုင်ငံတွင်းမငြိမ်မသက်မှုတွေနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။
ဆောင်းပါးမှ စာလုံးပေါင်းသတ်ပုံမှားယွင်းမှုအားပြင်ဆင်ပြီး အက်ပ်ဒိပ်ပြုလုပ်ထားသည်။May 12, 2026 ဆောင်းပါးမှ စာလုံးပေါင်းသတ်ပုံမှားယွင်းမှုအားပြင်ဆင်ပြီး အက်ပ်ဒိပ်ပြုလုပ်ထားသည်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်