ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေစိုးရိမ်မှုတွေနဲ့အတူ သူ့ရှေ့နေရဲ့ ဗီဒီယိုဟောင်းမှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 မေ 2026 အချိန် 08h34
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
မြန်မာအာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲချထားဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့နောက် နိုဘယ်ဆုရှင်ဟာ ကျန်းမာရေးကောင်းမွန်တယ်လို့ သူမရှေ့နေက ပြောဆိုထားတဲ့ ဗီဒီယိုဟောင်းတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဟာ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးစဥ်ကဖြစ်ပါတယ်။ ဖျက်သိမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်တစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အပြီးသတ်အမိန့်ချပြီးကတည်းက ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံနိုင်တာမျိုးမရှိဘူးလို့ AFP ကိုပြောပါတယ်။
"အမေစု သတင်းကောင်းလေးပါဗျို့ အမေစု ကျန်းမာစွာရှိနေတယ်လို့ အမေစု ရဲ့ရှေ့နေပြောလာပါတယ် ပြည်သူတွေကိုလဲ ကျန်းမာအောင်နေကြပါတဲ့။ အမေရယ် ပြည်သူတွေကိုစိတ်ပူနိုင်သေးတယ်နော်။" ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ဗီဒီယိုမှာ စာသားတစိတ်တပိုင်း ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာ နှာခေါင်းစည်းဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ပြောဆိုနေတာကို တွေ့ရပါတယ်။
"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်"(မူရင်းအတိုင်း) ဆိုပြီးလည်း ဗီဒီယိုမှာ စာသားထည့်သွင်းရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ဖြုတ်ချခဲ့ပြီး အာဏာသိမ်းယူခဲ့စဥ်ကတည်းက သူဟာ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ရာထူးကနေဖယ်ရှားဖို့ စွပ်စွဲချက်တွေလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုကြတဲ့ စွဲချက်တွေနဲ့ သူ့ကို စစ်တပ်က တရားစွဲဆိုခဲ့ပါတယ်။ (Archived link) မြန်မာပြည်သူလူထုအများစုက ထောက်ခံအားပေးကြတဲ့ အသက် ၈၀ အရွယ် နိုဘယ်ဆုရှင်ရဲ့ ကျန်းမာရေးယိုယွင်းလာမှုကို မိသားစုဝင်တွေက သတိပေးနေပေမယ့် သူဟာ အပြင်လောကနဲ့ လုံးဝအဆက်အသွယ်ဖြတ်တောက်ခြင်း ခံထားရပါတယ်။ (Archived link)
အာဏာသိမ်းဆန့်ကျင်သူတွေကို စစ်တပ်က ပြင်းထန်စွာနိမ်နင်းမှုတွေကြောင့် လူသန်းပေါင်း ၅၀ နီးပါးနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပြီး လူထောင်ချီသေဆုံးခဲ့သလို သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်လွှတ် ရွှေ့ပြောင်းထွက်ပြေးခဲ့ကြရပါတယ်။ (Archived link)
မြန်မာစစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရွှေ့ပြောင်းခဲ့တဲ့နောက် တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ Facebook မှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒါပေမဲ့ ဗီဒီယိုဟာ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေရဲ့ မကြာသေးခင်က ပြောဆိုမှုမဟုတ်ပါဘူး။
၂၀၂၁ ခုနှစ်က အင်တာဗျူးဖြေဆိုမှု
မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ The Associated Press (AP) သတင်းဌာနကမျှဝေထားတဲ့ ပိုမိုကြည်လင်ပြတ်သားတဲ့ ဗီဒီယိုကိုတွေ့ရပါတယ်။ (Archived link)
"ရှေ့နေ - ဒေါ်အောင်ဆန်းစုကြည်ကို တရားခွင်တွင် ကျန်းမာစွာတွေ့ရ" ဆိုပြီး ခေါင်းစဥ်ရေးသားထားပါတယ်။ ဗီဒီယိုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေစဥ်အတွင်း ရှေ့နေအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်မင်းမင်းစိုးက သူမရဲ့ ရုံးခန်းမှာ မီဒီယာတွေကို စကားပြောဆိုနေစဥ်အတွင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
တူညီတဲ့ ဗီဒီယိုကို အခြားမီဒီယာတစ်ခုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးတင်စစ်ဆေးမှုအကြောင်း သတင်းဖော်ပြချက်မှာ ထည့်သွင်းမျှဝေထားပါတယ်။ (Archived link)
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဖျက်သိမ်းခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်တစ်ဦးကလည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် အပြီးသတ်အမိန့်ချပြီးကတည်းက သူဟာ ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံနိုင်တာမျိုးမရှိဘူးလို့ AFP ကိုပြောပါတယ်။ (Archived link)
"ရှေ့နေတွေနဲ့ အန်တီနဲ့မတွေ့ရတာ အမိန့်ချပြီးကတည်းကပါ။ ဧည့်တွေ့ကတော့ သတ်မှတ်သဘောတူထားတဲ့တစ်ယောက်က ပစ္စည်းတွေသွားသွားပို့ပေးတာပဲရှိပါတယ်။ အန်တီနဲ့တွေ့ခွင့်ရတာမျိုး ခုထိတော့ မရှိသေးပါဘူး။" ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်မှာ AFP ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim Aris က မိခင်ဖြစ်သူကို နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့ခဲ့တဲ့နောက် အသက်ရှင်နေသေးကြောင်းသက်သေပြနိုင်ဖို့ ပြင်သစ်အစိုးရကိုပါ အကူညီတောင်းခံခဲ့ပါတယ်။ (Archived link)
"အသက်ရှင်ကြောင်း လွတ်လပ်စွာအတည်ပြုနိုင်တဲ့ အထောက်အထားတွေ ရရှိနိုင်စေဖို့နဲ့ သင့်တော်တဲ့ဆေးကုသမှု၊ ရှေ့နေတွေအပါအဝင် မိသားစုနဲ့ တွေ့ဆုံခွင့် စတဲ့ အခြေခံအခွင့်အရေးတွေ ရနိုင်ဖို့ ကျွန်တော့်ရဲ့ တောင်းဆိုမှုမှာ ပြင်သစ်နိုင်ငံပါဝင်ဖို့ အကူညီတောင်းပါတယ်" ဆိုပြီး ပြင်သစ်သမ္မတ Emmanuel Macron ကို Kim ကပေးပို့ထားတဲ့စာမှာ ရေးသားထားတာကို AFP ကတွေ့ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ Francois Zimeray ကလည်း MRTV ကထုတ်ပြန်တဲ့ ရဲဝတ်စုံနဲ့ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားနှစ်ယောက်ရှေ့မှာ ထိုင်နေတဲ့ ခေါင်းဆောင်ဟောင်းဓာတ်ပုံရဲ့ စစ်မှန်မှုကို မေးခွန်းထုတ်ခဲ့ပါတယ်။ (Archived link)
"ဒါဟာ အစစ်အမှန်လား AI လားဆိုတာ ကျွန်တော်တို့မသိပါဘူး။" လို့ Zimeray ကဆိုပါတယ်။ "သူအသက်ရှိနေသေးကြောင်း သက်သေ၊သူ့ရဲ့ ဓာတ်ပုံနဲ့ သူ့ကို အမှန်တကယ်နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ကြောင်း သက်သေတွေ ကျွန်တော်တို့မှာမရှိပါဘူး။" လို့ထပ်မံဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းမငြိမ်မသက်မှုတွေနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်