အမေရိကန်အရာရှိတွေက တရုတ်လက်ဆောင်တွေကို အမှိုက်ပုံးထဲပစ်နေတဲ့ ရုပ်ပုံတွေဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 မေ 2026 အချိန် 10h45
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Chayanit ITTHIPONGMAETEE, AFP ထိုင်း
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပေကျင်းထိပ်သီးအစည်းအဝေး ကျင်းပပြီးတဲ့နောက် အိမ်ဖြူတော်ဝန်ထမ်းတွေနဲ့ သတင်းထောက်တွေဟာ Air Force One လေယာဉ်ပေါ်မတက်မီ တရုတ်နိုင်ငံကထုတ်ပေးထားတဲ့ တံဆိပ်နဲ့ ရင်ထိုးတွေကို လွှဲပြောင်းပေးအပ်ခဲ့ရပေမယ့် လူမှုကွန်ရက်မှာမျှဝေနေကြတဲ့ လက်ဆောင်တွေနဲ့ ယာယီဖုန်းတွေကို လွှင့်ပစ်နေတဲ့ ရုပ်ပုံတွေဟာ ဥာဏ်ရည်တုနည်းပညာ AI နဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ပုံတွေမှာ ရုပ်ပုံကွဲလွဲမှုတွေ အများအပြားပါရှိတဲ့အပြင် အချက်အလက်စိစစ်ရေးကိရိယာတွေကလည်း ပြုပြင်ဖန်တီးထားတယ်လို့ ညွှန်ပြနေကြပါတယ်။ အမေရိကန်သမ္မတရဲ့ တရုတ်နိုင်ငံကထွက်ခွာမှုကို သတင်းရယူခဲ့တဲ့ AFP ဓာတ်ပုံသတင်းထောက်က ရုပ်ပုံဟာပြုပြင်ဖန်တီးထားတယ်လို့ ပြောဆိုခဲ့တဲ့အပြင် အိမ်ဖြူတော်ကလည်း AI နဲ့ဖန်တီးထားတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
"ထရမ့် ခရီးစဉ်အပြီး တရုတ်မှ လက်ဆောင်ပစ္စည်းအားလုံး အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်က မျှဝေထားတဲ့ Facebook ပိုစ့်တွေမှာစာသားပါရှိပါတယ်။
ပြန်လည်မျှဝေမှုအကြိမ်ရေ ၆၀ နီးပါးရှိတဲ့ ပထမပိုစ့်မှာ အနီရောင်လက်ဆောင်ပုံးတွေနဲ့ တရုတ်အမှတ်တရပစ္စည်းတွေပြည့်နေတဲ့ သမ္မတလေယာဉ်အနီးက အမှိုက်ပုံးကြီးရဲ့ရုပ်ပုံကို ဖော်ပြထားပါတယ်။
ဒုတိယပိုစ့်မှာတော့ သမ္မတထရမ့်က အထောက်အထားလည်ဆွဲကဒ်တွေနဲ့ ဖုန်းတွေကို လေယာဉ်အနီးက အမှိုက်ပုံးထဲကို လွှင့်ပစ်နေတဲ့ ရုပ်ပုံကို ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်က ပေကျင်းမြို့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးကျင်းပခဲ့တဲ့နောက် တူညီတဲ့မှားယွင်းပြောဆိုမှုတွေနဲ့ ရုပ်ပုံတွေဟာ မြန်မာဘာသာအပြင် အခြားဘာသာစကားတွေနဲ့ပါပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
အဲဒီအစည်းအဝေးဟာ ပြိုင်ဘက်အင်အားကြီးနိုင်ငံတွေအကြား တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ကာ ထရမ့်က သူဟာ "အလွန်ကောင်းမွန်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ" ပြုလုပ်ခဲ့ပြီး "ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်ခဲ့" တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရှီကတော့ "သမိုင်းဝင်တွေ့ဆုံမှု" အဖြစ်ဒီခရီးစဥ်ကို ဖော်ပြခဲ့ပါတယ်။ (Archived link)
ဒါပေမဲ့ သတင်းဖော်ပြမှုတွေအပြင် လုံခြုံရေးလုပ်ငန်းစဥ်တွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်ဝန်ထမ်းတွေအကြား တင်းမာမှုတွေ ပြန်လည်ပေါ်ပေါက်ခဲ့ပါတယ်။
Air Force One လေယာဉ်ပေါ်တက်မယ့် ဝန်ထမ်းတွေနဲ့ မီဒီယာတွေဆီက တရုတ်ကပေးအပ်ထားတဲ့ တံဆိပ်နဲ့ ရင်ထိုးတွေအပြင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုပေးအပ်ထားတဲ့ ယာယီ "burner" ဖုန်းတွေကိုလည်း အမေရိကန်အရာရှိတွေက သိမ်းယူခဲ့ပါတယ်။ အဲဒီသိမ်းယူထားတဲ့ ပစ္စည်းတွေကို သမ္မတလေယာဉ်ရဲ့လှေကားအောက်ခြေက အမှိုက်ပုံးထဲကို စွန့်ပစ်ခဲ့တယ်လို့ AFP ကဖော်ပြထားပါတယ်။ (Archived link)
"Air Force One လေယာဥ်ပေါ်ကိုမတက်မီ တရုတ်အစိုးရကပေးထားတဲ့ အထောက်အထားလက်မှတ်တွေ၊ အိမ်ဖြူတော်ဝန်ထမ်းတွေရဲ့ burner ဖုန်းတွေ၊ ကိုယ်စားလှယ်တွေရဲ့ ရင်ထိုးတွေအားလုံးကို အမေရိကန်ဝန်ထမ်းတွေက သိမ်းယူပြီး လှေကားခြေရင်းက အမှိုက်ပုံးထဲမှာစွန့်ပစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဘာပစ္စည်းမှလေယာဉ်ပေါ်ကို ယူခွင့်မရှိပါဘူး။" ဆိုပြီး နယူးယောက်ပို့စ်ရဲ့ အိမ်ဖြူတော်သတင်းထောက် Emily Goodin ရဲ့ X စာမျက်နှာမှာ ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်က ရေးသားထားပါတယ်။ (Archived link)
ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ရုပ်ပုံတွေဟာ AI နည်းပညာနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။
လုပ်ကြံဖန်တီးထားတဲ့ ရုပ်ပုံတွေ
ထရမ့် Air Force One လေယာဉ်ပေါ်ကိုတက်နေစဉ်ရိုက်ကူးထားတဲ့ AFP ဓာတ်ပုံနဲ့ နှိုင်းယှဥ်ကြည့်တဲ့အခါ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ရုပ်ပုံတွေမှာ လေယာဉ်ရဲ့ကိုယ်ထည်၊ ပြတင်းပေါက်နဲ့ ကုန်တင်ကုန်ချအပေါက်တွေရဲ့ တည်နေရာတွေကွဲလွဲနေတာကို တွေ့နိုင်ပါတယ်။
အဲဒီဖြစ်စဥ်အတွင်း သတင်းရယူနေတဲ့ AFP ဓာတ်ပုံသတင်းထောက် Brendan Smialowski က ပျံ့နှံ့နေတဲ့ရုပ်ပုံကို "၁၀၀ ရာခိုင်နှုန်း လုပ်ကြံဖန်တီးထားတာ" ဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်။
တရုတ်ကထုတ်ပေးထားတဲ့ အထောက်အထားလက်မှတ်တွေ၊ ရင်ထိုးတွေနဲ့ ယာယီဖုန်းတွေကို စွန့်ပစ်ဖို့ သတင်းထောက်တွေကိုပြောတယ်လို့ သူကဆိုပါတယ်။
"မာကြောတဲ့ရင်ထိုးတွေဖြစ်တာကြောင့် ဒီလိုမျိုးလုပ်တာ သိပ်မထူးဆန်းပါဘူး။ ကျွန်တော်နားလည်တာက ပစ္စည်းတွေထဲမှာ ပါလာနိုင်တဲ့အရာတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးအတွက် စိုးရိမ်သလို ထုတ်ပေးတဲ့သူကလည်း ပြန်လိုချင်နိုင်ပါတယ်။"
"လက်ဆောင်တွေပြည့်နေတဲ့ အမှိုက်ပုံးကြီးကို ကျွန်တော်မတွေ့ ခဲ့ပါဘူး"လို့ Smialowski ကဆိုပါတယ်။
အိမ်ဖြူတော် ဓာတ်ပုံအယ်ဒီတာချုပ် Patrick Witty ကလည်း ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်က သူ့ရဲ့ တရားဝင် X စာမျက်နှာမှာ ပထမရုပ်ပုံကိုမျှဝေခဲ့ပြီး "ဒါကပြောနေစရာကိုမလိုပါဘူး။ ဒီပုံက AI နဲ့ဖန်တီးထားတာပါ"လို့ ရေးသားထားပါတယ်။ (Archived link)
ဒါအပြင် အိမ်ဖြူတော်အရာရှိတစ်ဦးက ပျံ့နှံ့နေတဲ့ရုပ်ပုံဟာ AI နဲ့ဖန်တီးထားတာဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်မှာ email ကနေတဆင့် AFP ကိုပြောပါတယ်။
Verification Plugin မှာပါရှိတဲ့ Synthetic image နဲ့ စိစစ်ကြည့်ရာ ပထမရုပ်ပုံဟာ ပြုပြင်ဖန်တီးထားကြောင်း "အလွန်ခိုင်မာတဲ့အထောက်အထား" တွေ့ရပါတယ်။ ဒါအပြင် Hive Moderation ရဲ့ စိစစ်ရေးကိရိယာကလည်း ရုပ်ပုံနှစ်ပုံလုံးဟာ AI နဲ့ဖန်တီးထားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ (Archived here and here)
ထရမ့်ရဲ့ တရုတ်နိုင်ငံအလည်အပတ် ခရီးစဥ်နဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်