ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံစဥ်ကဆိုတဲ့ အွန်လိုင်းပေါ်ကဗီဒီယိုဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 မေ 2026 အချိန် 09h28
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးစဥ်အတွင်း ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြခဲ့တဲ့နောက် မှုန်ဝါးတဲ့ဗီဒီယိုတစ်ခုကို သူတို့နှစ်ဦးတွေ့ဆုံခဲ့စဥ်ကဆိုပြီး လူမှုကွန်ရက်ပေါ်မှာ မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှု အမှန်တကယ်ပြုလုပ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်အတည်ပြုထားတာမျိုးမရှိတဲ့အပြင် ဗီဒီယိုကို ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ပြုလုပ်ထားတဲ့ သဲလွန်စတွေလည်း တွေ့ရပါတယ်။
"ဧပြီ ၂၅၊ ၂၀၂၆ တွင် နေပြည်တော်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွတ်သဘော တွေ့ဆုံခဲ့သည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း တရားဝင်ထုတ်ပြန်ချက် မရှိသေးပေ။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်က Facebook ပို့စ်မှာ ရေးသားထားပါတယ်။
"အချို့သတင်းရင်းမြစ်များအရ ဒေါ်အောင်ဆန်းစုကြည်အား နေရာရွှေ့ပြောင်းပြီးနောက် တွေ့ဆုံခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်ဟု မှတ်ချက်များ သတင်းများပေါ်ထွက်လာပြီးနောက် ဗွီဒီယိုဖိုင်အဆင့်ပါ ပေါက်ကြားလာခဲ့သည်" (မူရင်းအတိုင်း) ဆိုပြီးလည်း ဖြည့်စွက်ရေးသားထားပါတယ်။
ဒါအပြင် ကြည့်ရှုမှုအကြိမ်ရေ ၁၉၂,၀၀၀ ကျော်ရရှိထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဒီတွေ့ဆုံမှုကဆိုပြီး ပို့စ်မှာ မျှဝေထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယီတို့ စကားပြောဆိုပြီး စာရွက်စာတမ်းတွေကို ကြည့်ရှုနေတဲ့ အဖြူ၊အမဲ CCTV ရုပ်ပုံတွေကို တွေ့ရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက အသက် ၈၀ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက မေလ ၃ ရက်နေ့မှာ ဖော်ပြခဲ့တဲ့နောက် တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုဟာ Facebook နဲ့ TikTok တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
ဒီ "အလွတ်သဘောတွေ့ဆုံမှု"ကို မြန်မာအာဏာပိုင်တွေလည်း တက်ရောက်ခဲ့ပြီး နှစ်ဘက်စလုံးက တရားဝင်မှတ်တမ်းပြုလုပ်မှုတွေ ပိတ်ပင်ထားတယ်လို့ ဧရာဝတီသတင်းဌာနက သတင်းအရင်းအမြစ်နှစ်ခုကို ခြုံငုံပြီး ဖော်ပြထားပါတယ်။
ဝမ်ယီဟာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ပါဝင်တဲ့ သုံးနိုင်ငံသွားရောက်လည်ပတ်မှုခရီးစဥ်အတွင်း ဧပြီလ ၂၂ ရက်နဲ့ ၂၆ ရက်ကြားမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။ (Archived link)
စစ်အစိုးရအကြီးအကဲကနေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့စဉ် ပေဂျင်းက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ရာမှာ "ခိုင်မာစွာ ထောက်ခံမည်" ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဧပြီလမှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချကာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီလှုပ်ရှားမှုကို အဆုံးသတ်ခဲ့ပြီး ပြည်တွင်းစစ်စတင်စေခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှု ငါးနှစ်အကြာမှာ အရပ်သားရာထူးနဲ့ သူရဲ့အာဏာကိုတည်မြဲစေခဲ့ပါတယ်။
ဝမ်ယီ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဧပြီလ ၃၀ ရက်မှာ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကိုပြောင်းရွှေ့ပေးဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ မြန်မာအစိုးရပိုင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ (Archived link)
ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ဗီဒီယိုဟာ ဝမ်ယီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဥ်က မဟုတ်ပါဘူး။
သူတို့နှစ်ဦး အခုလိုတွေ့ဆုံခဲ့တယ်ဆိုပြီး တရုတ်အာဏာပိုင်တွေနဲ့ မြန်မာအာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။ (Archived link)
AI ဖန်တီးမှု
အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ပိုမိုရှင်းလင်းတဲ့ တူညီတဲ့ဗီဒီယိုကို TikTok အကောင့်တစ်ခုက မေလ ၆ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
ဒီအကောင့်က မှားယွင်းအချက်အလက်တွေနဲ့ clickbait လို့ခေါ်တဲ့ လူကြည့်များစေမယ့် အခြေအမြစ်မရှိ အချက်အလက်တွေကိုဖော်ပြလေ့ရှိတဲ့အပြင် BBC သတင်းဌာန ရဲ့ ဗီဒီယိုပုံစံကိုအတုယူထားတာကိုလည်း တွေ့ရပါတယ်။
၂၅ စက္ကန့်ကြာချိန်ရှိတဲ့ ဒီ TikTok ဗီဒီယိုထဲမှာ ပုံပန်းမကျတဲ့ မျက်နှာတွေ၊ စားပွဲထဲပျော်ဝင်သွားတဲ့လက်တွေ စတဲ့ AI နဲ့ ဖန်တီးထားကြောင်းသိသာစေတဲ့ ရုပ်ပုံကွဲလွဲချက်တွေ ပါရှိနေပါတယ်။
Google ရဲ့ AI ဖန်တီးမှုတွေထုတ်ဖော်ပေးနိုင်တဲ့ SynthID detector စစ်ဆေးချက်အရ ဗီဒီယိုတစ်ခုလုံးမှာ ဒစ်ဂျစ်တယ်ရေစာပါဝင်နေတာတွေ့ရပြီး Google AI ကို အသုံးပြုပြီး ဗီဒီယိုတစ်ခုလုံးကို ဖန်တီးထားကြောင်း တွေ့ရပါတယ်။ (Archived link)
မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်