စစ်ခေါင်းဆောင် မင်းအောင်လှိုင်မျက်နှာနဲ့ ငွေစက္ကူရုပ်ပုံတွေဟာ AI ဖန်တီးမှုသာဖြစ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 ဧပြီ 2026 အချိန် 10h29
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

၂၀၂၆ ခုနှစ်၊ ဧပြီလထဲမှာ စစ်တပ်ထောက်ခံမြန်မာ့လွှတ်တော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်လိုက်တဲ့နောက် စစ်ခေါင်းဆောင်ဟောင်းရဲ့ မျက်နှာနဲ့ ငွေစက္ကူအသစ်တစ်ခုရဲ့ ရုပ်ပုံတွေကို လူမှုကွန်ရက်ပို့စ်တွေမှာ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ငွေစက္ကူအသစ်ထုတ်လုပ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားတာမရှိပါဘူး။ ဒါအပြင် ရုပ်ပုံမှားယွင်းမှုတွေနဲ့ AI စိစစ်ရေးအထောက်အကူပရိုဂရမ်တွေအရ ဒီရုပ်ပုံတွေဟာ လုပ်ယူဖန်တီးထားကြောင်း သိရပါတယ်။

"ပိုက်ဆံ မင်းအောင်လိုင် ပေါ်လာပြီးနော် ညီကိုတို့" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်က Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

အရပ်သားဝတ်စုံနဲ့ မြန်မာ့စစ်တပ်ခေါင်းဆောင်ရုပ်ပုံပါဝင်တဲ့ ကျပ် ၂ သိန်းတန် ငွေစက္ကူရုပ်ပုံနှစ်ခုကို ဒီပို့စ်မှာ မျှဝေထားပါတယ်။

Image
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က အနီရောင် X နဲ့ AI အမှတ်အသား ပြုလုပ်ထား

ပြည်တွင်းစစ်တောက်လောင်နေတဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်အားပေးလွှတ်တော်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်တဲ့နေ့မှာပဲ တူညီတဲ့ပြောဆိုမှုတွေဟာ FacebookInstagram နဲ့ TikTok တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)

မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးပြင်းထန်စွာ တောက်လောင်ခဲ့ပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေအသက်ဆုံးရှုံးခဲ့ကြရပါတယ်။  

ဒီသမ္မတရွေးကောက်တင်မြှောက်မှုဟာ စစ်တပ်ဦးဆောင်ပြီး အကန့်အသတ်တွေများပြားခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ်အနိုင်ရရှိပြီးတဲ့နောက် ဆောင်ရွက်ချက်တွေရဲ့ နောက်ဆုံးရလဒ်တစ်ခုဖြစ်ပါတယ်။ (Archived link)

 Facebook အသုံးပြုသူတချို့က ဒီရုပ်ပုံတွေကို အစစ်အမှန်အဖြစ် ယုံကြည်နေကြတာကို မှတ်ချက်တွေမှာ တွေ့နိုင်ပါတယ်။  

"တန်းဖိုးရှိတဲ့ပိုက်ဆံကို တန်ဖိုးကျအောင်လုပ်နေတာ" (မူရင်းအတိုင်း) ဆိုပြီး မှတ်ချက်တစ်ခုမှာ ရေးသားထားပါတယ်။  

"အဲပုံနဲ့ ထွက်လို့ကတော့ 2သိန်းတန်မကလို့ 5သိန်းတန်ပဲ ဖြစ်ဖြစ် အိမ်သာထဲအီးကုန်းပစ်လိုက်" (မူရင်းအတိုင်း) ဆိုပြီးလည်း မှတ်ချက်တွေကို တွေ့ရပါတယ်။  

ဒါပေမဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေစက္ကူအသစ်ထုတ်ဝေကြောင်း တရားဝင်ထုတ်ပြန်ထားတာမရှိတဲ့အပြင် ဒီရုပ်ပုံတွေဟာ AI နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။  

ရုပ်ပုံမှားယွင်းမှုများ  

အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမှုအစီအစဥ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အဲဒီအချိန်ကစပြီး နောက်ထပ် ငွေစက္ကူအသစ်ထုတ်ဝေမှုထုတ်ပြန်ချက် မရှိပါဘူး။ (Archived link)

ရုပ်ပုံတွေကို အနီးကပ်စစ်ဆေးကြည့်တဲ့အခါ မြန်မာစာလုံးပေါင်း မှားယွင်းမှုတွေကို တွေ့ရပါတယ်။  

ဒါအပြင် မြန်မာနဲ့ အင်္ဂလိပ်ဘာသာ စာလုံးတွေကိုပူးတွဲထားတဲ့ စီးရီးနံပါတ်တွေနဲ့ ပုံစံမကျတဲ့ ခြင်္သေ့ရုပ်ပုံတွေကိုလည်း တွေ့ရပါတယ်။  

Image
ငွေစက္ကူရုပ်ပုံတုတွေရဲ့ Screenshot ကို AFP က AI အမှတ်အသားပြုလုပ်ထား

မြန်မာငွေစက္ကူအစစ်တွေမှာ တွေ့ရလေ့ရှိတဲ့ "Central Bank of Myanmar" အစား "Myanmar Central Bank" ဆိုပြီးလည်း မှားယွင်းဖော်ပြထားပါတယ်။ (Archived link)

Google ရဲ့ AI ဖန်တီးမှုတွေကို ထုတ်ဖော်ပေးနိုင်တဲ့ SynthID နဲ့ ထပ်မံစစ်ဆေးကြည့်တဲ့အခါ AI နဲ့ ဖန်တီးမှု ဖြစ်နိုင်ခြေ "အလွန်မြင့်မား" ကြောင်း တွေ့ရပါတယ်။ (Archived link)

Image
Image
SynthID ရဲ့ ရလဒ်နဲ့ ရုပ်ပုံတုတွေကို AFP က AI အမှတ်အသားပြုလုပ်ထား

ကော်သူးလေ သမ္မတနိုင်ငံတော်က ငွေစက္ကူသစ်ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုကိုလည်း AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ