ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဥ်ကို ကန့်ကွက်သည့်အနေဖြင့် လမ်းမတွေကို နွားနို့နှင့် သန့်စင်နေသည့် ရုပ်ပုံသည် AI ဖန်တီးမှုသာဖြစ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 ဇူလိုင် 2026 အချိန် 13h08
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း

၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ယခင်စစ်ခေါင်းဆောင်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်သောအနေဖြင့် ဆန္ဒပြသူများသည် ဩဂုတ်လ ၆ ရက်တွင် ဆိုင်းဘုတ်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည့်အပြင် ကိတ်မုန့်များကိုလည်း ဝေမျှခဲ့ကြပါသည်။ သို့သော် ဦးမင်းအောင်လှိုင်၏ "နိမိတ်မကောင်းမှု" ကိုသန့်စင်ရန် ထိုင်းလူမျိုးများက လမ်းမကြီးကို နွားနို့များဖြင့် ဆေးကြောနေသည်ဟု ဖော်ပြထားသည့် ရုပ်ပုံမှာ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ပါသည်။ ထိုခရီးစဉ်ကို သတင်းယူခဲ့သည့် AFP သတင်းထောက်က ထိုကဲ့သို့ဖြစ်စဥ်မျိုး ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အချက်အလက်စိစစ်ရေးကိရိယာတစ်ခုကလည်း အဆိုပါ ရုပ်ပုံမှာ OpenAI နည်းပညာဖြင့် ဖန်တီးထားကြောင်း သတ်မှတ်ဖော်ပြခဲ့ပါသည်။

"ထိုင်းနိုင်ငံရှိ ပြည်သူများက မအလ မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်ပြီးနောက် ထိုင်းနိုင်ငံရှိ လမ်းမများကို နွားနို့များဖြင့် ဆေးကြောနေကြပါသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်က မျှဝေထားတဲ့ Facebook ပိုစ့်တစ်ခုတွင် ရေးသားထားပါသည်။ 

"အရှေ့တိုင်းအယူဆများအရ အမင်္ဂလာကောင် အိမ်သို့ရောက်လာခြင်း၊ မြို့သို့ဝင်လာခြင်းများ ရှိပါက နမိတ်မကောင်းကြောင်း၊ ကျက်သရေယုတ်ကြောင်း အယူရှိကြပြီး ထိုသူပြန်သွားသောအခါ ၎င်းအသုံးပြုခဲ့သည့် ထိုင်ခုံများ၊ ဝင်ရောက်ခဲ့သည့် အဆောက်ဦးများ၊ သွားလာခဲ့သည့် လမ်းမများနှင့် ဆက်စပ်လမ်းမများကို နွားနို့ဖြင့် ဆေးကြသော အယူဆရှိသည်။" (မူရင်းအတိုင်း) ဟုလည်း ဆက်လက်ရေးသားထားပါသည်။ 

အဆိုပါပိုစ့်တွင် ထိုင်းနိုင်ငံအလံ နဖူးစည်းများနှင့်လူတွေက "၁၀၀% ထိုင်းခြံထွက် နွားနို့စစ်စစ်" ဟုထိုင်းဘာသာဖြင့်ရေးသားထားသော  မော်တော်ယာဉ်အနီးရှိ လမ်းမပေါ်သို့ အဖြူရောင် အရည်တစ်မျိုးကို လောင်းချနေသည့် ရုပ်ပုံကို ဖော်ပြထားပါသည်။    

Image
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်က ရယူထားသော မှားယွင်းပိုစ့်၏ Screenshot ကို AFP က အနီရောင် X နှင့် AI အမှတ်အသားပြုထား

ဦးမင်းအောင်လှိုင်သည် အိမ်နီးချင်းနိုင်ငံသို့ အရပ်ဘက် ခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်အတွင်း ဩဂုတ်လ ၆ ရက်တွင် ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုရုပ်ပုံနှင့်အတူ သတင်းမှားတချို့ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့ပါသည်။ (Archived link)

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသည့်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့သော ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးမင်းအောင်လှိုင်က ဦးဆောင်ခဲ့ပြီး ယင်းဖြစ်စဉ်သည် ပြည်တွင်းစစ်ကို စတင်ဖြစ်ပွားစေကာ ဘက်အသီးသီးမှ လူပေါင်း ၁၀၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းရပါသည်။   

ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ရွေးကောက်ပွဲများအပြီးတွင် မြန်မာနိုင်ငံ၏ သမ္မတအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါသည်။ သို့သော် ဒီမိုကရေစီ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများနှင့် အနောက်နိုင်ငံများကမူ အဆိုပါရွေးကောက်ပွဲကို စစ်ကောင်စီ၏ ပုံရိပ်ကို အဖတ်ဆယ်ရန် ရည်ရွယ်သည့် ကြိုတင်စီစဉ်ထားသော ဟန်ပြရွေးကောက်ပွဲဟုသာ သတ်မှတ်ခဲ့ကြပါသည်။    

ယခင်စစ်ခေါင်းဆောင်သည် စစ်ယူနီဖောင်းကို ချွတ်၍ အရပ်ဝတ် လဲလှယ်ဝတ်ဆင်ခဲ့ပြီးနောက် အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံအပါအဝင် အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် လာအိုနိုင်ငံတို့ကို သွားရောက်ကာ သံတမန်ရေးအရ အရှိန်အဟုန်မြှင့်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူကဲအို (Sihasak Phuangketkeow) က ဘန်ကောက်၏ သံတမန်ရေးအရ လုပ်ဆောင်မှုများသည် လက်တွေ့ကျကျဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ဩဂုတ်လ ၆ ရက်တွင် သတင်းထောက်များကို ပြောကြားပါခဲ့သည်။

"ဒါဟာ တရားဝင်ခြင်းမဝင်ခြင်းနဲ့ မဆိုင်ပါဘူး။ လက်တွေ့ပကတိအခြေအနေနဲ့သာဆိုင်ပါတယ်" ဆိုပြီး ဆီဟာဆက် ကပြောကြားခဲ့ပါသည်။ 

ပျံ့နှံ့နေသည့် ပို့စ်အောက်ရှိ မှတ်ချက်များအရ အဆိုပါ ရုပ်ပုံကို အစစ်အမှန်ဟု လူမှုကွန်ရက်သုံးစွဲသူများက ယုံကြည်နေကြပါသည်။   

"ဝမ်းသာလိုက်တာအေ ကျေးဇူးလည်းတင်တယ်" (မူရင်းအတိုင်း) ဆိုပြီး လူမှုကွန်ရက်အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါသည်။ 

"တကယ်ကြီးလား ရှက်လိုက်တာ" (မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်က ရေးသားထားပါသည်။ 

သို့သော် အဆိုပါ ရုပ်ပုံမှာ AI ဖြင့် ဖန်တီးထားခြင်းသာဖြစ်ပါသည်။ ဦးမင်းအောင်လှိုင် ရောက်ရှိနေမှုကို ကန့်ကွက်ရန် လမ်းမပေါ်သို့ နွားနို့များ လောင်းချသည့် ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း ထိုခရီးစဥ်ကို သတင်းရယူခဲ့သည့် AFP သတင်းထောက်တစ်ဦးက အတည်ပြုခဲ့ပါသည်။

ထိုင်းနှင့် မြန်မာခေါင်းဆောင်များ၏ မျက်နှာဖုံးများကို စွပ်ထားသည့် ဆန္ဒပြသူများသည် ခေါင်းဆောင်များအကြား အကျိုးအမြတ်များ ခွဲဝေယူကြခြင်းကို အသွင်ယူပြီး ကိတ်မုန့် ခွဲဝေနေကြသည့် သတင်းဓာတ်ပုံများကို AFP က ဖြန့်ဝေခဲ့ပါသည်။

အဆိုပါ ရုပ်ပုံကို အသေးစိတ် ကြည့်ရှုပါက ပုံမမှန်သော လက်ချောင်းများ၊ တွန့်လိမ်နေသော ရုပ်ပုံများနှင့် ထပ်နေသော နွားနို့စည်များသည် AI ဖန်တီးမှုများတွင်တွေ့ရလေ့ရှိသည့် အမှားတွေသာဖြစ်ပါသည်။ 

Image
ရုပ်ပုံကွဲလွဲမှုများကို AFP ကမြင်သာအောင်ဖော်ပြထားပြီး AI အမှတ်အသားထည့်သွင်းထား

ဓာတ်ပုံထဲတွင် ရေးသားထားသော "၁၀၀ ရာခိုင်နှုန်း နွားနို့စစ်စစ်" ဟု အဓိပ္ပာယ်ရသည့် ထိုင်းစာသားမှာလည်း စာလုံးပေါင်း မှားယွင်းနေသည်ကို တွေ့ရပါသည်။

မှားယွင်းပျံ့နှံ့နေသည့် ရုပ်ပုံရှိ လမ်းညွှန်ဆိုင်းဘုတ်တွင် ဖော်ပြထားသော Ratchadamnoen လမ်းသည်လည်း ဘန်ကောက်မြို့ရှိ အဆိုပါလမ်း၏ Google Street View နောက်ဆုံးဓာတ်ပုံများနှင့် ကိုက်ညီခြင်းမရှိသည်ကို တွေ့ရပါသည်။ (Archived link

Image
မှားယွင်းမျှဝေထားသောရုပ်ပုံ (ဘယ်) ကို ရာဇဒမ္နိုအန်လမ်း၏ Google Street View ဓာတ်ပုံ (ညာ) နှင့် နှိုင်းယှဥ်ပြီး AFP က AI အမှတ်အသားထည့်သွင်းထား

ရုပ်ပုံစိစစ်ရေး ဆော့ဖ်ဝဲလ်ကလည်း အဆိုပါ ပျံ့နှံ့နေသည့် ရုပ်ပုံကို AI ဖြင့် ဖန်တီးထားခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

OpenAI ၏ ရုပ်ပုံစိစစ်ရေးကိရိယာကလည်း အဆိုပါရုပ်ပုံတွင် Google ၏ SynthID ရေစာအမှတ်အသား ပါဝင်နေသည်ကို တွေ့ရှိခဲ့ပါသည်။ (Archived link)

Google ကုမ္ပဏီသည် ၎င်း၏ AI နည်းပညာဖြင့် ဖန်တီးထားသော ရုပ်ပုံနှင့် ဗီဒီယိုများမှာ ထိုရေစာကို အမှတ်အသားအဖြစ် ထည့်သွင်းလေ့ရှိပါသည်။ အဆိုပါရေစာသည် ဖြတ်ညှပ်ကပ်ပြုလုပ်ပြီး ဖုံးကွယ်ခြင်းများကို ကာကွယ်ရန်အတွက် ထည့်သွင်းထားခြင်းဖြစ်ပါသည်။ (Archived link)

Image
OpenAI စစ်ဆေးမှုရလာဒ်

AFP သည် မြန်မာစစ်ခေါင်းဆောင်ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့် သတင်းအမှားများကို ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါသည်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ