ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan သေနတ်ပစ်ခတ်ခံရပြီးနောက် ဓာတ်ပုံဟောင်းမှားယွင်းပျံ့နှံ့
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ဟာ နိုဝင်ဘာလထဲက ဆန္ဒပြပွဲတစ်ခုမှာ သေနတ်ပစ်ခတ်ခံခဲ့ရပြီးနောက် မြေပြင်မှာ လဲလျောင်းတဲ့အနေအထားနဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့ ဓာတ်ပုံဟောင်းတစ်ပုံကို လူမှုကွန်ရက်တွေမှာ မှားယွင်းမျှဝေနေကြပါတယ်။ ဒီဓာတ်ပုံကို Imran Khan ကိုယ်တိုင် သူ့ရဲ့ Twitter အကောင့်မှာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လက မျှဝေထားတာဖြစ်ပြီး အဲ့ဒီတုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ Nawaz Sharif ကို ဆန့်ကျင်တဲ့ သပိတ်ပွဲက ဓာတ်ပုံဖြစ်ပါတယ်။
ဒီဓာတ်ပုံကို ဝန်ကြီးချုပ်ဟောင်း Imran Khan ပစ်ခတ်ခံရတဲ့ သတင်းနဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။
ဒီဓာတ်ပုံနဲ့အတူစာသားကို အောက်မှာတွေ့နိုင်ပါတယ်။
“ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းကို သေနတ်နဲ့ပစ်ခတ်ခံရကြောင်း သိရ
ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အိမ်ရာန် ခါန် ဟာ Gujranwala မှာ လူထုစုဝေးပွဲအပြီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ခြေထောက်မှာ ကျည်ဆန် ဒဏ်ရာရသွားခဲ့တဲ့လို့ Al Jazeera News မှတဆင့် သိရှိရပါတယ်။
သူ့ကို Lahore မှာရှိတဲ့ ဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး “လုပ်ကြံသတ်ဖြတ်ခြင်း” ကြိုးပမ်းမှုအပြီးမှာ ဒဏ်ရာအပြင်းအထန်မရရှိခဲ့ဘူးလို့ သူ့ရဲ့ပါတီတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။” (မူရင်းအတိုင်း)
“အင်မတန် မိုက်မဲတဲ့လုပ်ကြံမှု”လို့ ပါကစ္စတန်သမ္မတက မှတ်ချက်ပေးခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့် ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တဲ့ Imran Khan ဟာ အခုတော့ တည်ငြိမ်တဲ့အခြေအနေကို ပြန်လည်ရောက်ရှိနေပြီလို့ AFP က ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ ခရစ်ကတ်အားကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ Imran Khan ဟာ ဧပြီလထဲမှာ ဝန်ကြီးချုပ်ရာထူးကနေဖြုတ်ချခံခဲ့ရပြီး ရွေးကောက်ပွဲအသစ်ပြန်လည် ကျင်းပပေးဖို့တောင်းတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြလူထုကို Lahore မြို့ကနေ Islamabad မြို့အထိ ဦးဆောင်ခဲ့ပါတယ်။
Gujranwala အနီး လူအုပ်ကြားဖြည်းညင်းစွာမောင်းနှင်လာတဲ့ ကွန်တိန်နာထရပ်ကားပေါ် မတ်တပ်ရပ်လိုက်ပါလာတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan နဲ့ အခြားအရာရှိတွေကို ပစ်ခတ်ခဲ့ချိန်မှာ သူ့ရဲ့ခြေထောက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဒီပစ်ခတ်မှုဖြစ်စဥ်နဲ့အတူ ဓာတ်ပုံကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။
ပါကစ္စတန်သတင်းဌာနတွေဖြစ်တဲ့ ARY News နဲ့ Hum News ရုပ်မြင်သံကြားသတင်းက ဒီဓာတ်ပုံဟောင်းကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းတင်ဆက်မှုတွေကို ကြည့်ရှု့မှုအကြိမ်ရေ သန်းနဲ့ချီရှိနေပါတယ်။
ဗြိတိန်သတင်းထောက်တစ်ဦးဖြစ်တဲ့ Piers Morgan ကလည်း ဒီဓာတ်ပုံကို Imran Khan ပစ်ခတ်ခံရတဲ့အကြောင်းဖော်ပြထားတဲ့ ဒီ Tweet နဲ့အတူ မျှဝေခဲ့ပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို မှားယွင်းဖော်ပြထားတာ တွေ့ရပါတယ်။
ထိုင်သပိတ်
Imran Khan က ဒီဓာတ်ပုံကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့မှာ “Night at the Dharna” (ညပိုင်း ထိုင်သပိတ်) ဆိုတဲ့ စာသားနဲ့ ဒီ Tweet မှာ မျှဝေခဲ့ပါတယ်။
Night at the dharna. pic.twitter.com/5ppIGJAs1S
— Imran Khan (@ImranKhanPTI) August 17, 2014
“Dharna” ဆိုတဲ့ စကားလုံးဟာ အာဒူဘာသာစကားအရ “သပိတ်၊ ဆန္ဒပြပွဲ” လို့အဓိပ္ပါယ်ရပြီး ၂၀၁၄ ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ Imran Khan ပါတီ Tehreek-e-Insaf က ဦးဆောင်တဲ့ လနဲ့ချီ နိုင်ငံတဝန်းပြုလုပ်ခဲ့တဲ့ ထိုင်သပိတ်ကို ရည်ညွန်းတာဖြစ်ပါတယ်။
အဲဒီတုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ Nawaz Sharif ကို ရွေးကောက်ပွဲ လိမ်လည်မှု စွပ်စွဲချက်တွေနဲ့ ရာထူးကနှုတ်ထွက်ဖို့ ဒီထိုင်သပိတ်မှာ တောင်းဆိုခဲ့ကြပါတယ်။
Imran Khan ရဲ့ Tweet ကို အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ The Hindu သတင်းဌာနက ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။
အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်)ကို Imran Khan ရဲ့ Tweet က ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။
