ဘရာဇီးနိုင်ငံက “အမျိုးသမီးသီးသန့်”ရွာလေးဆိုတဲ့ မှားယွင်းပြောဆိုမှု အွန်လိုင်းပေါ်ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 နိုဝင်ဘာ 2022 အချိန် 09h16
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP Thailand
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းက Noiva do Cordeiro လို့ခေါ်တဲ့ရွာမှာ “အမျိုးသမီးသီးသန့်”နေထိုင်တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေနဲ့ အမျိုးသမီးအချို့ရဲ့ ဓာတ်ပုံတွေကို Facebook မှာ အများအပြားပြန်လည်မျှဝေနေကြပါတယ်။ ဒီဓာတ်ပုံတွေရဲ့ မူရင်းဓာတ်ပုံတွေကို မျှဝေခဲ့တဲ့ Noiva do Cordeiro အခြေစိုက်အဖွဲ့အစည်းတာဝန်ခံတစ်ဦးက ဒီရွာမှာ အမျိုးသားတွေလည်းနေထိုင်ကြတယ်လို့ AFP ကိုပြောပါတယ်။

ဒီမှားယွင်းပြောဆိုမှုနဲ့အတူ ဓာတ်ပုံ ခြောက်ပုံကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

ဒီဓာတ်ပုံတွေထဲကပုံတစ်ပုံမှာ တောင်တန်းတွေပေါ်ကကျေးရွာတစ်ရွာကိုတွေ့ရပြီး ကျန်ဓာတ်ပုံတွေမှာတော့ အမျိုးသမီးအုပ်စုပုံတွေကို တွေ့ရပါတယ်။

ဒီပို့စ်ကို မျှဝေတဲ့အကြိမ်ရေ ၂,၂၀၀ ကျော်ရှိပါတယ်။

ဒီပို့စ်ရဲ့စာသားအချို့ကို အောက်မှာတွေ့နိုင်ပါတယ်။

“ဘရားဇီးနိုင်ငံ Nolva Do Cordeiro ကျေးရွာလေးဟာ တစ်ရွာလုံးက မိန်းမသားများသာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ထိုရွာလေး၏ ဖြစ်ပေါ်လာခဲ့ပုံဟာ ယောင်္ကျား မလိုချင်သည့် အပြင် နေအိမ်မှ ထွက်ခွာလာသည့် မိန်းကလေးများက လာရောက် နေထိုင်ရာမှ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကျေးရွားရှိ မိန်းကလေးများ အားလုံးဟာ အပျိုကြီးများသာ ဖြစ်ကြပြီး ယောကျာ်းတွေကို စိတ်ကုန်ပြီး သီးသန့် နေထိုင်ချင်သူများ ဖြစ်ကြပါတယ်။ မိန်းကလေးများဟာ စိုက်ပျိုးရေး လုပ်ငန်းများကို ကိုယ်တိုင်လုပ်ကိုင်ပြီး မည်သူကိုမှ အားကိုးခြင်း မရှိဘဲ နေထိုင်ကြပါတယ်။ စာဖတ်သူတို့ အနေဖြင့်လည်း ယောင်္ကျား မယူချင်ဘဲ အေးအေးချမ်းချမ်း နေချင်ရင် သွားနေလို့ ရပါတယ်။” (မူရင်းအတိုင်း)

Image
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ကရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

Noiva do Cordeiro ရွာဟာ ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ Minas Gerais ပြည်နယ်ထဲက လူအရောက်အပေါက်နည်းတဲ့ ကျေးရွာလေးတစ်ရွာဖြစ်ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

မှားယွင်းအသုံးပြုထားတဲ့ ဓာတ်ပုံ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မူရင်းဓာတ်ပုံတွေကို Noiva do Cordeiro ဆိုတဲ့နာမည်နဲ့ အဲ့ဒီရွာမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ Facebook မှာမျှဝေထားတာတွေ့ရပါတယ်။

မူရင်းဓာတ်ပုံတွေကို ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။

ဒီအဖွဲ့အစည်းရဲ့ပြောရေးဆိုခွင့်ရှိသူ Marcia Fernandes က ဒီဓာတ်ပုံတွေကို မှားယွင်းတဲ့အချက်အလက်တွေနဲ့ ဖော်ပြထားတာလို့ AFP ကို ပြောပါတယ်။

“Noiva do Cordeiro ဟာ အမျိုးသမီးတွေသီးသန့်နေထိုင်တဲ့ ကျေးရွာမဟုတ်ပါဘူး။ ဒီရွာမှာနေတဲ့အမျိုးသားတွေက Minas Gerais ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ Belo Horizonte မှာအလုပ်လုပ်ကိုင်ကြပြီး ရွာကို သောကြာနေ့မှာပြန်လာပြီး တနင်္ဂနွေနေ့အထိနေပါတယ်။” လို့ သူမက AFP ကိုပြောပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံတွေကို ဒီရွာမှာပြုလုပ်တဲ့ အခမ်းအနားပွဲတော်တွေမှာ ရိုက်ကူးခဲ့တာလို့လည်း သူမက ပြောပါတယ်။

“ဒီမှာနေတဲ့သူတွေဟာ နေ့စဉ်၊ အခမ်းအနား၊ ပွဲတော်တွေနဲ့ အခြားလုပ်ရှားမှုတွေကျင်းပတိုင်းမှာ ဓာတ်ပုံရိုက်ကြပါတယ်။” လို့ သူမက ပြောပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက ဒီကျေးရွာနဲ့ပတ်သက်တဲ့ လုပ်ရှားမှုတွေကို မှတ်တမ်းတင်လေ့ရှိတဲ့ ဒီ Facebook စာမျက်နှာမှာ ဒီကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတွေပါဝင်တဲ့ ဓာတ်ပုံတွေကိုလည်း ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားတာတွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံတွေ (ဘယ်) ကို မူလဓာတ်ပုံတွေ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံတွေ (ဘယ်) ကို မူလဓာတ်ပုံတွေ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဘရာဇီးနိုင်ငံ ဒေသခံလူထုနဲ့ နိုင်ငံတော်အစိုးရအကြား ချိတ်ဆက်မှုတွေကို မြင့်တင်ပေးတဲ့ Instituto Ecofuturo ရဲ့ ဖော်ပြချက်အရ Noiva do Cordeiro မှာနေထိုင်တဲ့ အမျိုးသားထုရဲ့ အလုပ်ကိုင်အခွင့်အလမ်းတွေက ဒီကျေးရွာမှာ အမျိုးသမီးဦးဆောင်တဲ့လူနေမှုစနစ်ဖြစ်ပေါ်စေခဲ့တယ်လို့ ရေးသားထားပါတယ်။

“အမျိုးသားတွေဟာ Belo Horizonte မှာ အလုပ်သွားရောက်လုပ်ကိုင်ကြပြီး အလုပ်ပိတ်ရက်တွေမှာသာ ရွာကိုပြန်လာကြပါတယ်။ ဒီဖြစ်စဥ်ရဲ့ ရလဒ်က ဒီကျေးရွာမှာ အမျိုးသမီးဦးဆောင်တဲ့ စနစ်တစ်ရပ်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။”

BBC News Brazil နဲ့ ဘရာဇီး သတင်းစိစစ်ရေးဌာနဖြစ်တဲ့ E-Farsas.com ကလည်း ၂၀၁၄ ခုနှစ်ကတည်းက ပျံ့နှံ့နေတဲ့ Noiva do Cordeiro နဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်