၂၀၂၂ ကမ္ဘာ့ဖလားပွဲမှာ ကိုရ်အာန်ကျမ်းစာကိုရွတ်ဖတ်ပြီး ဖွင့်ပွဲလုပ်တယ်လို့ဆိုတဲ့အချက်အလက်မှားဗီဒီယိုပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 နိုဝင်ဘာ 2022 အချိန် 09h41
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဗီဒီယိုထဲမှာ ကိုရ်အာန်ကျမ်းစာရွတ်ဖတ်နေတဲ့ကလေးငယ်တွေနဲ့ ကလေးတွေရှေ့မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့မြင်ရပါတယ်။ ဒီဗီဒီယိုကို မှားယွင်းတဲ့ပြောဆိုမှုတွေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပါတယ်။
ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားအချို့က အခုလိုဖြစ်ပါတယ်။
“ဖီဖာ ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ၂၀၂၂ ကာတာကမ္ဘာ့ဖလား စတင်ခြင်းအတွက် အသစ်ဆောက်လုပ်ထားသော ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားတွင် ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံးကို အာဂုံဆောင်ထားသည့် ဟာဖိဇ် ဖြစ်ထားသည့် ကလေးငယ်များအား ကျမ်းတော်မြတ်ကုရ်အာန် ရွတ်ဆိုရန်အတွက် ဖိတ်ကြားကာ စူရဟ် ရဟ်မာန်ကို ရွတ်ဖတ်ပြီး ဖွင့်လှစ်ခဲ့ပါသည်။” (မူရင်းအတိုင်း)
အဲဒါအပြင် ကိုရ်အာန်ကျမ်းစာရွတ်ဖတ်နေတဲ့ဗီဒီယိုထဲက ပုံရိပ်အချို့ရဲ့ screenshot နဲ့အတူ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းက ဓာတ်ပုံနဲ့ဗီဒီယိုတွေကို Facebook ပို့စ်တစ်ခုရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၄၀ ကျော်ရှိခဲ့ပါတယ်။
တူညီတဲ့စာသားတွေနဲ့ အလားတူပုံရိပ်တွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေထားပါသေးတယ်။
ဒါပေမဲ့ ဒီပြောဆိုမှုတွေဟာ မှားယွင်းပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က ကာတာနိုင်ငံ၊ Al Bayt ဘောလုံးကွင်းမှာ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို ကျင်းပချိန်နဲ့မရှေးမနှောင်း အခုလိုပို့စ်တွေ ပျံ့နှံ့လာတာလည်းဖြစ်ပါတယ်။
အခမ်းအနားမှာ ကမ္ဘာ့ဖလားသံတမန် Ghanim Al Muftah က ကိုရ်အာန်ကျမ်းစာတစ်ပိုဒ်ကို ရွတ်ဖတ်ခဲ့ပေမယ့် အခုအွန်လိုင်းမှာပျံ့နှံ့နေတဲ့ဗီဒီယိုကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။
ဘောလုံးကွင်းဖွင့်ပွဲဗီဒီယိုအဟောင်း
ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပိုမိုရှည်လျားတဲ့မူလဗီဒီယိုကို ကာတာသတင်းဌာနတစ်ခုဖြစ်တဲ့ Alrayyaan TV ရဲ့ YouTube channel မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်က တင်ထားတာ တွေ့ရပါတယ်။
အာရပ်လိုရေးထိုးထားတဲ့ ဗီဒီယိုအညွှန်းစာက အခုလိုဖြစ်ပါတယ်။ “Al Thumama ကမ္ဘာ့ဖလားဘောလုံးကွင်းရဲ့ တရားဝင်ကွင်းဖွင့်ပွဲအခမ်းအနား၊ ကမ္ဘာ့ဖလား ၂၀၂၂၊ ကာတာ”
မှားယွင်းပျံ့နှံ့နေတဲ့ပို့စ်တွေမှာပါဝင်တဲ့ဗီဒီယိုကို မူလဗီဒီယိုရဲ့ ၂ မိနစ် ၄၅ စက္ကန့်မှာ တွေ့မြင်ရပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဗီဒီယို (ဘယ်) နဲ့ မူလဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
ကိုရ်အာန်ကျမ်းစာရွတ်ဖတ်နေတဲ့အလားတူဗီဒီယိုကို Al Jazeera သတင်းဌာနရဲ့ ဒီလင့်ခ်မှာလည်း တင်ထားပါသေးတယ်။
FIFA ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဒိုဟာမြို့မှာရှိတဲ့ Al Thumama ဘောလုံးကွင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့ဖလားမတိုင်ခင် Amir Cup ဖိုင်နယ် (ကာတာဧကရာဇ်ဖလားဖိုင်နယ်) ပွဲကို လက်ခံကျင်းပခဲ့သေးတယ်လို့ သိရပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်