တရုတ်-အိန္ဒိယနယ်စပ်မှာ မကြာသေးခင်ကဖြစ်တဲ့ ပဋိပက္ခဆိုပြီး ၂၀၁၄ ခုနှစ်တုန်းက ဗီဒီယိုတွေပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 ဇွန် 2020 အချိန် 12h00
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 25 ဇွန် 2020 အချိန် 12h02
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဗီဒီယိုတွေကို ဖေ့စ်ဘွတ်ပေါ်က ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တုန်းက တင်ထားခဲ့တာပါ။ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေက ၂၀၀၀ ကျော် ရှိခဲ့ပါတယ်။
ပို့စ်မှာတင်ထားတဲ့ ဗီဒီယိုသုံးခုပါ ဖြစ်စဉ်တွေကတော့ (၁) ကျောက်ဆောင်ထူတဲ့နယ်စပ်ဒေသတစ်ခုမှာ နှစ်ဖက်တပ်ဖွဲ့တွေ အခြေအတင်ဖြစ်၊ (၂) တောင်ထူထပ်တဲ့ဒေသမှာ စစ်သားတွေ အပြန်အလှန်တွန်းထိုး၊ (၃) တခြားသူတွေ ကျောက်ခဲနဲ့ ဝိုင်းပစ်နေတဲ့အတွက် ဒဏ်ရာရစစ်သားတစ်ဦးကို ဝိုင်းကာပေးထား စတာတွေပဲ ဖြစ်ပါတယ်။

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာမှာ “အိန္ဒိယနဲ့တရုတ် လက်ရှိအခြေအနေ” ဆိုပြီး တွေ့ရပါတယ်။
အိန္ဒိယနဲ့ တရုတ်ကြား အငြင်းပွားနေတဲ့နယ်စပ်မှာ ဇွန်လ ၁၅ ရက်နေ့က ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လို့ အိန္ဒိယစစ်သည်အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ရက်ပိုင်းအကြာမှာ ဒီပို့စ် တက်လာတာဖြစ်ပါတယ်။ တရုတ်စစ်သည် ၄၃ ဦးလည်း သေဆုံး ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ဆိုပါတယ်။ တရုတ်အစိုးရကတော့ သေဆုံးဒဏ်ရာရရတဲ့အရေအတွက်ကို မထုတ်ပြန်သေးပါဘူး။ ဒါဟာ ၁၉၆၇ ခုနှစ်နောက်ပိုင်း အသေအပျောက်အများဆုံး ထိပ်တိုက်တွေ့ဆုံမှုဖြစ်သလို ၁၉၇၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအနေနဲ့ အသေပျောက်ရှိခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
အလားတူဗီဒီယိုတွေကိုလည်း တူညီတဲ့စာသားတွေနဲ့ ဖေ့စ်ဘွတ်ပေါ်က ဒီလင့်ခ်မှာ ဇွန်လ ၁၈ ရက်နေ့တုန်းက တင်ထားပါတယ်။ ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားတချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “အိန္ဒိယ တရုတ် နယ်စပ်အခြေအနေများ။ တရုတ်က နယ်ကျော်အလံစိုက်လို့ ဖြစ်နေကျ ကန္တရစစ်ပွဲပါပဲ။” ဒီပို့စ်ကို အကြိမ်ရေ ၆၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။
ဒါပေမယ့်လည်း ဒီပြောဆိုမှုဟာ အထင်မြင်လွဲမှားစေနိုင်ပါတယ်။ အမှန်တော့ ပို့်စ်မှာပါတဲ့ဗီဒီယိုတွေဟာ အနည်းဆုံး ၂၀၂၀ ခုနှစ် မေလကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တာပါ။
ပထမဗီဒီယို
ဒီဂျစ်တယ် အတည်ပြုကိရိယာ InVID-WeVerify နဲ့ ဗီဒီယိုမှာပါတဲ့ အဓိကပုံရိပ် (keyframes) တွေကို ထုတ်ယူပြီး ဂူဂဲလ်မှာ ရှာဖွေကြည့်တဲ့အခါ အလားတူဗီဒီယိုကို YouTube ရဲ့ ဒီလင့်ခ်မှာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့စွဲနဲ့ တင်ထားတာ တွေ့ရပါတယ်။
ဗီဒီယိုရဲ့ ခေါင်းစဉ်ကို “နယ်စပ်တိုက်ပွဲ ! အာရုနာချယ်ပရာဒက်ရှ်မှာ အိန္ဒိယနဲ့တရုတ်စစ်သားတွေ ထိပ်တိုက်တွေ့” ဆိုပြီး တပ်ထားတာ တွေ့ရပါတယ်။
အောက်မှာ အထင်မြင်လွဲမှားစေတဲ့ပို့စ်ပါ ဗီဒီယို (ဘယ်) နဲ့ YouTube ဗီဒီယို (ညာ) တို့နှိုင်းယှဉ်ပြထားတဲ့ screenshot (ပုံရိပ်) ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဆိုရှယ်မီဒီယာပို့စ်တွေမှာလည်း အထင်မြင်လွဲမှားစေတဲ့စာသားတွေနဲ့အတူ အလားတူဗီဒီယိုပျံ့နှံ့ခဲ့လို့ AFP သတင်းအချက်အလက်စိစစ်မှုကနေ သတင်းမှန်မဟုတ်ကြောင်း ဒီလင့်ခ်မှာ စိစစ်အတည်ပြုထားပြီးဖြစ်ပါတယ်။
ဒုတိယဗီဒီယို
ဒုတိယဗီဒီယိုပါ screenshot ကိုအသုံးပြုပြီး ရှာကြည့်တဲ့အခါမှာ ထပ်တူထပ်မျှတူတဲ့ ဗီဒီယိုတစ်ခုကို အိန္ဒိယပြည်တွင်းသတင်းစာတစ်စောင်ဖြစ်တဲ့ Deccan Herald ရဲ့ YouTube ချန်နယ်မှာ တင်ထားတာ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
အဲဒီဗီဒီယိုကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က တင်ထားပြီး ခေါင်းစဉ်မှာတော့ “Jawans တွင် အိန္ဒိယပိုင်နက်အတွင်း ဝင်ရောက်လာသည့် တရုတ်စစ်သည်များကို တားဆီးခြင်း အပိုင်း (၁)” ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။
ဗီဒီယိုအကြောင်း အကျဉ်းချုပ် ဖော်ပြချက်မှာတော့ အခုလိုပဲ ပါရှိပါတယ်။ “ဇွန်လ ဒုတိယပတ်တုန်းက ရိုက်ထားတယ်လို့ ယူဆရပြီး ရက်စွဲအတိအကျမသိရတဲ့ဗီဒီယိုမှာ အချင်းချင်း လက်ချင်းချိတ်တွဲထားရင်းက တရုတ်စစ်သည်တွေနဲ့ တွန်းတိုက်နေကြတဲ့ အိန္ဒိယတပ်ဖွဲ့ရဲ့ပုံရိပ်တွေကို မြင်ရပါတယ်။ ဒီဗီဒီယိုဟာ အခုဆို ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။ အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေ တစ်ဖက်နဲ့တစ်ဖက် တွန်းတိုက်နေကြတဲ့ဖြစ်စဉ်ပါ ဗီဒီယိုဟာ နှစ်ဖက်ထိန်းချုပ်နယ်မြေ (LoC) ထဲမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ ရိုက်နှက်၊ ထိုးကြိတ်တာမျိုးတွေကို ရှောင်ရှားခြင်းအားဖြင့် တင်းမာမှုတွေ ဖြစ်မလာစေဖို့ အခုလို ခန္ဓာကိုယ်ချင်း တွန်းတိုက်တဲ့ နည်းကို သုံးရတာဖြစ်ပါတယ်”
အောက်မှာ အထင်မြင်လွဲမှားစေတဲ့ပို့စ်ပါ ဒုတိယဗီဒီယို (ဘယ်) နဲ့ Deccan Herald ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

တတိယဗီဒီယို
တတိယဗီဒီယိုပါ အဓိကကျတဲ့ပုံရိပ် (keyframe) ကို ထုတ်နုတ်ပြီး ရှာကြည့်တဲ့အခါ ပိုရှည်တဲ့ဗီဒီယိုတစ်ခုကို YouTube ရဲ့ ဒီလင့်ခ်မှာ “အိန္ဒိယ-တရုတ်နယ်စပ်တိုက်ပွဲ၊ လာဒက်ခ်ရှိ LAC တွင် အိန္ဒိယစစ်တပ်၏ ရိုက်နှက်မှုကို ခံနေရသည့် တရုတ်စစ်သားများ” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ ၂၀၂၀ ခုနှစ် မေလ ၃၁ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။
အဲဒီဗီဒီယိုကိုပဲ ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တုန်းက ထိုင်ဝမ်သတင်းဌာန ETtoday ရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပြီး အခုလိုပဲ ခေါင်းစဉ်တပ်ထားပါတယ်။ “တရုတ်နဲ့အိန္ဒိယနယ်စပ်ပဋိပက္ခ ကျောက်လီကျန်း တုံ့ပြန်၊ အခြေအနေများ ပြန်လည်တည်ငြိမ်၍ ထိန်းချုပ်ထားနိုင်၊ နှစ်နိုင်ငံပြဿနာတွေကို ဖြေရှင်းနိုင်မလား”
ဗီဒီယိုအကြောင်း ဖော်ပြချက်မှာ အခုလိုပဲ ပါရှိပါတယ်။ “မကြာသေးခင်က Pangong Tso မှာ တရုတ်စစ်သားတစ်စုကို အိန္ဒိယစစ်သားတစ်စုက တိုက်ခိုက်နေတဲ့ဗီဒီယိုတစ်ခု အင်တာနက်ပေါ်မှာ တော်တော်လေးပျံ့နှံ့ခဲ့ပြီး တရုတ်နဲ့အိန္ဒိယနိုင်ငံအကြား ပဋိပက္ခတွေ ပြန်ပြီးမြင့်တက်လာပြီဆိုတာကို ပြနေပါတယ်”
Pangong Tso ဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား ပိုင်နက်နယ်မြေနှစ်ခုလုံးပေါ်မှာရှိနေတဲ့ ရေကန်ကြီးတစ်ခုဖြစ်ပါတယ်။
အောက်မှာ အထင်မြင်လွဲမှားစေတဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ ETtoday ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot ဖြစ်ပါတယ်။

အရင်ကလည်း အလားတူ အထင်မြင်လွဲမှားစေတဲ့ ပြောဆိုချက်တွေနဲ့ အဲဒီဗီဒီယို ပျံ့နှံ့ခဲ့တဲ့အတွက် AFP သတင်းအချက်အလက်စိစစ်မှုအဖွဲ့ကနေ ၂၀၂၀ ခုနှစ် ဇွန်လတုန်းက စိစစ်အတည်ပြုထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်