သရုပ်ဆောင်ဟောင်းတင့်တင့်ထွန်း ကွယ်လွန်ပြီဆိုတဲ့ သတင်းမှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကတည်းက သီလရှင်ဘဝကို ခံယူခဲ့တဲ့ သရုပ်ဆောင်နဲ့အဆိုတော်ဟောင်းတင့်တင့်ထွန်း ကွယ်လွန်ပြီလို့ ဆိုထားတဲ့ပို့စ်တွေကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတုန်းက Facebook ပေါ်မှာ လူထောင်ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ သတင်းမှားဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်အထိ သရုပ်ဆောင်နဲ့အဆိုတော်ဟောင်း တင့်တင့်ထွန်းတစ်ဖြစ်လဲ ဆရာလေး ဒေါ်နန္ဒမာလာဟာ ကျန်းမာစွာရှိနေတယ်လို့ သူနဲ့ရင်းနှီးတဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။ တင့်တင့်ထွန်း ကျန်းမာပကတိရှိနေသေးတဲ့အကြောင်းကို ပြည်တွင်းမီဒီယာတွေမှာလည်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတုန်းက ရေးသားဖော်ပြကြပါတယ်။

တင့်တင့်ထွန်းဆုံးပြီဆိုတဲ့သတင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂၆၄ ကြိမ် ရှိခဲ့ပါတယ်။ 

Myanmar Cele Star မှာ တင်ထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့က ရယူထားတဲ့ screenshot

ပို့စ်ပါစာသားတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “#Breaking_News/ ပရိသတ် အချစ်တော် အဆိုတော် သရုပ်ဆောင် တင့်တင့်ထွန်း ဆရာလေး ဒေါ်နန္ဒမာလာသည် ဘုတလင်မြို့ ကြောင်ပန်းတောရ ကျောင်းတိုက် သီလရှင်ကျောင်းတွင် ယနေ့ နံနက် (၉)နာရီ အချိန်ခန့်၌ ၉၆ပါးရောဂါဖြင့် အသက်(၅၆)နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကနဦးသတင်းရ။ သတင်းအပြည့်အစုံကို ဆက်လက်တင်ဆက်ပေးသွားပါမည်။”

အလားတူပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားသလို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လထဲမှာလည်း သတင်းဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ 

ဒါပေမယ့် ဒါဟာ သတင်းမှားဖြစ်ပါတယ်။  

“ဘုန်းဘုန်း တစ်ခုပြောရဲတာကတော့ သူ့ရဲ့ personal ကိစ္စဖြစ်တဲ့အတွက် သက်ရှိထင်ရှားရှိတယ်၊ ကျန်းမာတယ်၊ တရားအားထုတ်နေတယ်၊ ဒီလောက်ပဲ ပြောနိုင်တယ်ပေါ့နော်။ သူဘယ်နေရာနေတယ်၊ ဘာလုပ်တယ်ဆိုတာတော့ သူ့ personal life ဖြစ်တဲ့အတွက် ထည့်မပြောချင်ဘူးပေါ့နော်” ဆိုပြီး ဆရာလေးဒေါ်နန္ဒမာလာနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတယ်လို့ဆိုတဲ့ ဆရာတော်ဦးလှတောက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ AFP ကို ဖုန်းကနေတစ်ဆင့် ဖြေကြားခဲ့ပါတယ်။ 

အဆိုတော်ယုန်လေးကလည်း တင့်တင့်ထွန်းဆုံးပြီဆိုတဲ့သတင်းက မဟုတ်မှန်တဲ့အကြောင်း Facebook Blue Mark ရထားတဲ့ သူ့ရဲ့တရားဝင်အကောင့်ကနေ ဒီလင့်ခ်မှာ အခုလိုပဲ ပြောထားပါတယ်။ “ဘွဲ့ နာမည်တော့ မသိလို့။ ကျွန်တော်တို့ချစ်တဲ့မတင့် အေးချမ်းစွာ ရှိနေပါတယ်ခင်များ။ ဘာမှ မဖြစ်ပါဘူး ခင်များ”

အဆိုတော်မိုးမိုးကလည်းပဲ ဒီသတင်းမဟုတ်တဲ့အကြောင်းကို သူ့ရဲ့ တရားဝင် Facebook အကောင့်ရဲ့ ဒီလင့်ခ်မှာ အခုလို ရေးတင်ထားပါတယ်။ “တင့်တင့်ထွန်း ဆုံးတယ် ဆိုတာလည်း မဟုတ်ပါဘူးတဲ့ခင်ဗျာ။ မတင့်@ဆရာလေးရဲ့ မောင်အရင်းကိုယ်တိုင် ပြောတာပါတဲ့။ သူ သီတင်းသုံးတဲ့ကျောင်းမှာ အေးချမ်းစွာ တရားအားထုတ်နေပါသတဲ့” 

တခြားပြည်တွင်းမီဒီယာတွေဖြစ်တဲ့ မဇ္ဈိမ၊ Duwun နဲ့ 7 Day တို့ကလည်း တင့်တင့်ထွန်း ကျန်းမာစွာရှိနေတဲ့အကြောင်း ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ သတင်းရေးတင်ထားကြပါသေးတယ်။