Myanmar State Counsellor Aung San Su Kyi attends the Myanmar Ethnics Culture Festival in Yangon on February 1, 2020. (Sai Aung Main / AFP)

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့မိခင်ကြီးအဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံက လက်မှတ်ထိုးအသိအမှတ်ပြုလိုက်ပြီဆိုတဲ့သတင်းမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဇူလိုင် 2020 အချိန် 07h00
  • နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 05 ဇူလိုင် 2020 အချိန် 07h08
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို “ကမ္ဘာ့မိခင်ကြီး” အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံက အသိအမှတ်ပြုလိုက်ပြီလို့ဆိုတဲ့ပို့စ်တွေနဲ့အတူ ဓာတ်ပုံသုံးပုံကို Facebook နဲ့ blog တွေမှာ အကြိမ်ရေထောင်ချီ မျှဝေခဲ့ကြပါတယ်။ ဒါဟာမှားယွင်းနေပြီး ဓာတ်ပုံတွေမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ဒင်္ဂါးတွေကို မြန်မာအနုပညာရှင်တစ်ဦးက ဖန်တီးခဲ့တာပါ။ ၂၀၂၀ ခုနှစ်၊ သြဂုတ်လအထိလည်း “ကမ္ဘာ့မိခင်” ဆိုတဲ့နိုင်ငံတကာဆုတံဆိပ်မျိုး မရှိသေးပါဘူး။

ဓာတ်ပုံတွေကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာတင်ထားတာဖြစ်ပြီး ဓာတ်ပုံပါပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃၃၀၀ ကျော် ရှိခဲ့ပါတယ်။ 

Image

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က ရယူထားတဲ့ screenshot


ပို့စ်မှာတင်ထားတဲ့စာသားတချို့ကတော့ အခုလိုပဲဖြစ်ပါတယ်။ “ကမ္ဘာ့မိခင်အဖြစ် သတ်မှတ်ခြင်းကို 43 နိုင်ငံ လက်မှတ်ထိုးပြီဖြစ်ကြောင်း သတင်းကောင်း ကြားရလို့ ဝမ်းသာပီတိဖြစ် မျှဝေလိုက်ပါတယ်။ မေတ္တာပေးတဲ့သူဘက်ကစစ်မှန်ရင် လက်ခံရရှိသူဘက်ကလည်း ခံစားပြီးသိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်’’

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတစ်ပုံနဲ့အတူ ဒင်္ဂါးပြားပုံ ဓာတ်ပုံနှစ်ပုံကိုလည်း ပို့စ်မှာတင်ထားပါသေးတယ်။ ဒင်္ဂါးတစ်ခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်နဲ့အတူ “Mother of peace. Aung San Suu Kyi (ငြိမ်းချမ်းရေးမိခင်ကြီး၊ အောင်ဆန်းစုကြည်)” ဆိုပြီး အင်္ဂလိပ်လိုစာသား ထည့်သွင်းထားတာကို တွေ့ရပါတယ်။ အဲဒါအပြင် ဒင်္ဂါးပြားပေါ်မှာ ခရမ်းရောင်မင်နဲ့ရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ကိုလည်း တွေ့ရပါတယ်။ 

အလားတူပြောဆိုမှုတွေနဲ့အတူ ဒင်္ဂါးပြားပုံတွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီဒီလင့်ခ်မှာလည်း တင်ထားသလို blog စာမျက်နှာတွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားတာတာပါ။ 

ဒါပေမယ့် ဒါဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဓာတ်ပုံတွေမှာပါဝင်တဲ့ဒင်္ဂါးပြားကို မြန်မာအနုပညာရှင်တစ်ဦးက ဖန်တီးထားတာ တွေ့ရပါတယ်။ 

ဒင်္ဂါးပြားဓာတ်ပုံတွေကို ဒင်္ဂါးပြားဖန်တီးသူ ဦးအောင်မင်းရဲ့ Facebook မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တုန်းက တင်ထားတာ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။ 

ပို့စ်နဲ့အတူ တွဲတင်ထားတဲ့စာကတော့ “မေတ္တာပေးတဲ့သူဘက်ကစစ်မှန်ရင် လက်ခံရရှိသူဘက်ကလည်း ခံစားပြီးသိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်” ဆိုပြီး ဖြစ်ပါတယ်။ 

ပို့စ်မှာ အင်္ဂလိပ်လိုလည်း အခုလို ရေးထားပါသေးတယ်။ 

“UNIQUE
75
MOTHER OF PEACE
HAPPY BIRTHDAY
19 JUNE 2020”. 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ဒီသတင်းကို မြန်မာမီဒီယာတွေဖြစ်တဲ့ Myanmar Times နဲ့ ဧရာဝတီသတင်းဌာနတို့ရဲ့ ဝက်ဘ်ဆိုဒ်တွေမှာတင်ထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။ 

ဒေါင်းဟာ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ပုံရိပ်အမှတ်အသားတစ်ခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမှတ်သင်္ကေတတစ်ခုအနေနဲ့လည်း အသုံးပြုနေတာဖြစ်ပါတယ်။  

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံတွေ (ဘယ်) နဲ့ ဦးအောင်မင်းရဲ့ပို့စ်ပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။ 

Image
Image

ဦးအောင်မင်းရဲ့ အနုပညာလက်ရာတွေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တုန်းကလည်း ဒီလင့်ခ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ 

၂၀၂၀ ခုနှစ်၊ သြဂုတ်လအထိ “ကမ္ဘာ့မိခင်ကြီး” ဆိုတဲ့နိုင်ငံတကာဆုတံဆိပ်မျိုး မရှိသေးပါဘူး။ ဒီလိုဆုမျိုး ပေးအပ်တာမျိုးရှိ၊ မရှိ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာလုံးနဲ့ ရှာကြည့်ပေမယ့်လည်း ယုံကြည်လောက်တဲ့ သက်သေအထောက်အထားတစ်စုံတရာ မတွေ့ရှိရပါဘူး။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်