သရုပ်ဆောင်ကိုပေါက်က မဲဆွယ်တယ်ဆိုပြီး ဓာတ်ပုံမှား၊ သတင်းမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဇူလိုင် 2020 အချိန် 07h40
  • အပ်ဒိတ်ရက်စွဲ 07 ဇူလိုင် 2020 အချိန် 06h38
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
သရုပ်ဆောင်နဲ့ဒါရိုက်တာ ကိုပေါက်က လာမယ့်အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို မဲပေးဖို့ လူတွေကို တိုက်တွန်းနေတာဆိုတဲ့ပြောဆိုမှုနဲ့အတူ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒီပြောဆိုမှုဟာ မှားယွင်းနေပြီး ဓာတ်ပုံထဲက ကိုပေါက်ကိုင်ထားတဲ့ စာရွက်ပါ စာသားတွေဟာ နဂိုမူလဓာတ်ပုံပါ စာသားတွေမဟုတ်ပါဘူး။ မူလဓာတ်ပုံကို ကိုပေါက်ကိုယ်တိုင် ၂၀၂၀ ခုနှစ်၊ မတ်လတုန်းက တင်ထားတာဖြစ်ပြီး ကိုင်ထားတဲ့စာရွက်မှာပါတဲ့စာသားတွေတော့ COVID-19 ကာလမှာ အိမ်ထဲမှာပဲနေကြဖို့ လူတွေကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ မေလ ၁၂ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၉၇၀၀ ကျော် ရှိခဲ့တာပါ။

ဓာတ်ပုံမှာ ကိုပေါက်ကိုင်ထားတဲ့စာရွက်ပါစာသားတွေက “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့” ဆိုပြီးဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေနိုင်တဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က ရယူထားတဲ့ screenshot 

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ အခုလို တွေ့ရပါတယ်။ “ကဲဗျာ ဒါရိုက်တာကြီးကိုပေါက်ကတော့ ရဲဝံ့စွာပဲ ၂၀၂၀ ကို စတင်မဲဆွယ်လိုက်ပါပြီဗျာ။ အမေစုကို အားပေးနေကြတဲ့ အနုပညာသမားအများစုကတော့ အမေစုဘက်က ရပ်တည်တာ များကြပါတယ်ဗျာ။ ဆက်လက်ပြီး ဝန်းရံအားပေးကြလို့ ကျေးဇူးကမ္ဘာပါပဲဗျာ။ အရမ်းလေးစားသွားပြီကိုပေါက်ရေ အနုပညာကို ဒီထက်မက အောင်မြင်ပါစေဗျာ။ Crd. Min Thuka” 

မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရှိန်ရကာစ ဒီမိုကရေစီအစိုးရအတွက် စမ်းသပ်မှုတစ်ခုအနေနဲ့လည်း လူအများစုက ရှုမြင်ကြတဲ့အကြောင်း AFP ရဲ့ သတင်းတစ်ပုဒ်ကိုလည်း ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဦးဆောင်ပြီး သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တာပါ။

အလားတူဓာတ်ပုံကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ပြန်လည် မျှဝေခဲ့ကြပါတယ်။ 

ဒါပေမယ့် ဒါဟာ မှားပါတယ်။ 

အဓိကကျတဲ့စကားလုံး (keyword) သုံးပြီး Facebook မှာ ရှာကြည့်တဲ့အခါမှာတော့ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တုန်းက ကိုပေါက်ကိုယ်တိုင် Facebook မှာတင်ထားတဲ့မူလဓာတ်ပုံကို ဒီလင့်ခ်မှာ တွေ့ရပါတယ်။

Image
ကိုပေါက် Facebook စာမျက်နှာပေါ်မှာတွေ့ရတဲ့ဓာတ်ပုံရဲ့ screenshot

အဲဒီဓာတ်ပုံထဲက ကိုပေါက်ကိုင်ထားတဲ့စာရွက်ပါစာသားတွေကတော့ “အပြင်မထွက်ဘဲ အိမ်မှာနေပါ။ သင်နှင့်သင့်ကမ္ဘာကို စောင့်ရှောက်ပါ။ အိမ်မှာနေရင်းစာဖတ်ပါ” ဆိုပြီး ဖြစ်ပါတယ်။ 

ပုံနဲ့အတူ တွဲတင်ထားတဲ့စာကတော့ “ဓာရဏပရိတ် များများရွတ်ကြပါ။ အိမ်မှာနေရင်းစာဖတ်ပါ” ဆိုပြီးဖြစ်ပါတယ်။ 

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ကိုပေါက်ရဲ့ Facebook မှာ တင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်