ထရီနီဒက်နှင့်တိုဘာဂိုနိုင်ငံကလူတစ်ဦး၏နာရေးပုံကို ကူဝိတ်အချမ်းသာဆုံးသူဌေးဟုဆိုထားသည့်ဓာတ်ပုံမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 ဇူလိုင် 2020 အချိန် 08h30
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP မြန်မာ
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP မြန်မာ
ကူဝိတ်နိုင်ငံက အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ အသုဘ ဖြစ်တယ်ဆိုပြီး ရေးသားထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒီအဆိုဟာ မှားယွင်းနေပါတယ်။ အဲဒီဓာတ်ပုံဟာ ထရီနီဒက်နှင့်တိုဘာဂိုနိုင်ငံက လူတစ်ယောက်ရဲ့ အသုဘအဖြစ်သာ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပြီး၊ အဲဒီပို့စ်မှာ ဖော်ပြထားတဲ့ပုဂ္ဂိုလ်ရဲ့အမည်ဟာလည်း ကူဝိတ်နိုင်ငံက အချမ်းသာဆုံးသူဌေးဖြစ်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ ၂၀၁၉ ခုနှစ်မှာ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေစာရင်းမှာလည်း ကူဝိတ်နိုင်ငံက အခြားစီးပွားရေးသမားတစ်ယောက်ရဲ့ နာမည်ကိုပဲ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ပို့စ်ကို အကြိမ်ရေ ၂၈,၀၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြပါတယ်။

အဲဒီပို့စ်မှာ ရွှေငွေလက်ဝတ်ရတနာတွေဆင်မြန်းထားပြီး အခေါင်းတစ်ခုထဲ လှဲနေတဲ့ လူတစ်ယောက်ရဲ့ပုံနဲ့အတူ အမေရိကန်ဒေါ်လာငွေစက္ကူပုံ၊ လေယာဉ်တစ်စီး၊ ရွက်လှေတစ်စီးနဲ့ ကားတစ်စီးရဲ့ပုံကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

Image
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့ စာမှာတော့ “{ သံဝေဂ ယူဖို့ပါ } ကမ္ဘာ့အချမ်းသာဆုံး ကူဝိတ်ရေနံသူဌေး နာရှာအယ်လ်ခါကီ သေဆုံးပြီးနောက် သူချန်ထားခဲ့သော သူ့ဇနီးနှင့် စည်းစိမ်ဥစ္စာများ …” ဆိုပြီး ရေးသားထားပါတယ်။

တူညီတဲ့ ပြောဆိုမှုတွေနဲ့အတူ အလားတူဓာတ်ပုံတွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်၊ Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ အလားတူဓာတ်ပုံကို ထရီနီဒက်နှင့်တိုဘာဂိုနိုင်ငံက လူတစ်ယောက်ရဲ့ အသုဘအဖြစ် အရင်ကတည်းက သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဗြိတိန်အခြေစိုက် The Metro သတင်းစာမှာ ထရီနီဒက်နှင့်တိုဘာဂိုနိုင်ငံက လူတစ်ယောက်ရဲ့ အသုဘအကြောင်းကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်တုန်းက ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။

အောက်မှာ ဖော်ပြထားတာ အဲဒီဆောင်းပါးရဲ့ screenshot ဖြစ်ပါတယ်။

Image
ဆောင်းပါးရဲ့ screenshot

သတင်းမှာပါတဲ့စာသားတချို့ကတော့ အခုလိုပဲဖြစ်ပါတယ်။ “အိမ်ခြံမြေလုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီးတစ်ဦးကို ရွှေခေါင်းတလား၊ ပေါင်စတာလင် ၁ သိန်းတန်ကြေးရှိ လက်ဝတ်ရတနာတွေအပြင် တန်ဖိုးကြီး Moet ရှန်ပိန်နဲ့ လောင်းနှစ်ပြီး သင်္ဂြိုဟ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်က ထရီနီဒက်နှင့်တိုဘာဂိုနိုင်ငံမှာ Sheron Sukhedo ၃၃ နှစ်ကို သူ့ယောက္ခမတွေရဲ့အိမ်အပြင်ဘက်မှာ ကားပေါ်ကနေ ပစ်သတ်သွားတာလို့သိရပါတယ်”

အလားတူဓာတ်ပုံကို ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Mail Online က ၂၀၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တုန်းက ဒီလင့်ခ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

သတင်းဆောင်းပါးရဲ့ခေါင်းစဉ်မှာ အခုလိုဖော်ပြထားတာပါ။ “တဖိတ်ဖိတ်တောက်ဈာပနပွဲ - ထရီနီဒက်တွင် ပစ်ခတ်လုပ်ကြံခံရသည့် အသက် ၃၃ နှစ်ရှိ အိမ်ခြံမြေလုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီးကို ပေါင်စတာလင်တစ်သိန်းတန် လက်ဝတ်ရတနာများနှင့်အတူ ရွှေခေါင်းတလားတွင် အခေါင်းသွင်း” 

Sheron Sukhedo ရဲ့ နာရေးအကြောင်းနဲ့ပတ်သက်လို့ ဖော်ပြထားတဲ့ဗီဒီယိုကို ထရီနီဒက်နှင့်တိုဘာဂိုအခြေစိုက်တီဗီချန်နယ်တစ်ခုဖြစ်တဲ့ C TV ရဲ့ YouTube ချန်နယ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တုန်းကတင်ထားတာ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။ 

“ရဲတွေဟာ အခုဆိုရင် တစ်ပတ်ရစ်ကားရောင်းဝယ်သူ Sheron Sukhdeo ကို သတ်သွားတဲ့ သူတွေကို လိုက်လံရှာဖွေနေတုန်းပါပဲ။ သူဟာ တနင်္လာနေ့၊ ည ၉ နာရီဝန်းကျင်လောက်မှာ ချာလီဗီးလ်မြို့၊ Caroni Savannah လမ်းက ဆွေမျိုးသားချင်းတွေရှိတဲ့အိမ်တစ်အိမ်ကိုရောက်နေတုန်း သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်သတ်ခံလိုက်ရတာပါ။ အသက် ၃၀ အရွယ် ကလေးနှစ်ယောက်ဖခင် Sheron Sukhdeo ကို Chaguanas ဆေးရုံဆီ အလျင်အမြန်ပို့ဆောင်ခဲ့ပေမယ့် ကုသနေစဉ်မှာပဲ သေဆုံးသွားခဲ့ပါတယ်” 

ဒီသတင်းကို ထရီနီဒက်နှင့်တိုဘာကိုနိုင်ငံအခြေစိုက် Trinidad Express ကလည်း Sukhdeo သေဆုံးပြီး တစ်နှစ်အကြာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။ သူ့ကို သတ်သွားသူတွေကို ရှာဖွေဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးလိုက်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

Image
သတင်းဆောင်းပါးရဲ့ screenshot

နားလည်မှုလွဲမှားစေတဲ့ပို့စ်မှာ ကိုးကားဖော်ပြထားသလို ကူဝိတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် “နာရှာအယ်လ်ခါကီ” ဆိုတဲ့နာမည်ကို AFP ကရှာဖွေကြည့်တဲ့အခါ ယခင်က Forbes မဂ္ဂဇင်းရဲ့မှတ်တမ်းတွေမှာရော၊ လက်ရှိမှတ်တမ်းတွေမှာပါ မတွေ့ရပါဘူး။

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါနာမည်နဲ့ အနီးစပ်ဆုံးနာမည်တူတဲ့တစ်ယောက်ကတော့ ၂၀၁၁ ခုနှစ် ဧပြီလတုန်းက ကွယ်လွန်သွားခဲ့တဲ့ ကူဝိတ်စီးပွားရေးလုပ်ငန်းရှင် Nasser Al-Kharafi ဖြစ်ပြီး အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄ ဘီလျံထိရှိတဲ့အကြောင်း Forbes က ဖော်ပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

အောက်မှာ Forbes မှာ ဖော်ပြထားတဲ့ Al-Kharafi ရဲ့ ကိုယ်ရေးအကျဉ်း screenshot ဖြစ်ပါတယ်။  

Image
Forbes မှာတွေ့ရတဲ့ Al-Kharafi ရဲ့ ကိုယ်ရေးအကျဉ်း screenshot

၂၀၁၉ ခုနှစ်အထိမှတ်တမ်းအရ ကူဝိတ်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ Alghanim စက်မှုလုပ်ငန်းရဲ့ဥက္ကဋ္ဌ Kutayba Alghanim ဆိုသူဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့တုန်းကတင်ထားတဲ့ Forbes မဂ္ဂဇင်းရဲ့ဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ 

သူ့ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံရှိတယ်လို့ Forbes က ခန့်မှန်းထားပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် နံပါတ် ၁၆၀၅ နေရာမှာ ထည့်သွင်းဖော်ပြထားတာပါ။

အောက်မှာ Forbes ဝက်ဘ်ဆိုဒ်မှာဖော်ပြထားတဲ့ Alghanim ရဲ့ ကိုယ်ရေးအကျဉ်း screenshot ကို မြင်နိုင်ပါတယ်။

Image
Forbes ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Alghanim ရဲ့ ကိုယ်ရေးအကျဉ်း screenshot

နားလည်မှုလွဲမှားစေတဲ့ပို့စ်တွေပါ ကားပုံ၊ လေယာဉ်ပုံ၊ သင်္ဘောပုံနဲ့ ငွေစက္ကူပုံတွေကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အွန်လိုင်းမှာ ကျယ်ကျယ်ပျံ့ပျံ့ အသုံးများနေတဲ့ အခမဲ့ဓာတ်ပုံဝက်ဘ်ဆိုဒ်က ပုံတွေဖြစ်နေတာတွေ့ရပါတယ်။

အရင်ကလည်း ရွှေချောင်းတွေပါတဲ့ဓာတ်ပုံကို အိန္ဒိယသတင်းဝက်ဘ်ဆိုဒ်တစ်ခုက ဒီလင့်ခ်မှာ ဖော်ပြဖူးပါသေးတယ်။ ရွက်လှေပုံကိုတော့ ဇိမ်ခံရွက်လှေဝက်ဘ်ဆိုဒ်တစ်ခုက ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး အမည်းရောင် Bugatti ကားပုံကိုတော့ အခမဲ့ဓာတ်ပုံဝက်ဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်မှာ တင်ထားတာပါ။ ရွှေကားပုံကိုတော့ သြစတြေးလျဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ 

အမေရိကန်ဒေါ်လာငွေစက္ကူပုံတွေကတော့ ခရီးသွားလာရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ TripAdvisor ရဲ့ဒီလင့်ခ်မှာ တင်ထားတဲ့ပုံတွေဖြစ်ပြီး ချီကာဂိုငွေကြေးပြတိုက်မှာ ပြထားတဲ့ငွေတွေလို့ ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်