ကိုဗစ်-၁၉ ရောဂါပိုးဟာ ဘတ်တီးရီးယား ဖြစ်ကြောင်း စင်္ကာပူနိုင်ငံက တွေ့ရှိခဲ့တယ်ဆိုတဲ့ အချက်အလက်အမှား အွန်လိုင်းပေါ် ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 23 ဇွန် 2021 အချိန် 10h47
- အပ်ဒိတ်ရက်စွဲ 24 ဇွန် 2021 အချိန် 10h45
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇွန် ၂၁ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ ဖြစ်ပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၁,၇၀၀ ကျော် ရှိခဲ့ပါတယ်။
ပို့စ်နဲ့အတူ တွဲတင်ခဲ့တဲ့ ဓာတ်ပုံပေါ်မှာ “ကိုဗစ်နောက်ဆုံး တွေ့ရှိချက် #စင်ကာပူ” လို့ ရေးထားပါတယ်။
ပို့စ်ရဲ့ အစပိုင်းမှာ “စင်ကာပူနိုင်ငံအနေနဲ့ ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့အလောင်း(dead body)ကို သေဆုံးတဲ့ အကြောင်းရင်းသိဖို့ ရင်ခွဲစစ်ဆေးတဲ့ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ အဲဒီမှာဘာသွားတွေ့လဲဆိုတော့ ကိုဗစ်-၁၉ဟာ ဗိုင်းရတ်စ်ပိုးအနေနဲ့ တည်ရှိနေတာမဟုတ်ဘဲ ရောင်ခြည်နဲ့ ထိတွေ့ထားတဲ့ ဗက်တီးရီးယားအဖြစ်သာ တည်ရှိနေတာဖြစ်ပြီး သွေးခဲအောင်လုပ်ပြီး လူ့အသက်ကိုဆုံးရှုံးစေတာပါ။ သွေးခဲတော့ အသက်ရှုရခက်ပြီးဦးနှောက် နှလုံးနဲ့အဆုတ်တို့ဟာအောက်စီဂျင် မရနိုင်တော့ဘဲ လူတွေကို မြန်မြန်သေဆုံးစေတာပါ” (မူရင်းသတ်ပုံ) လို့ ဖော်ပြပါတယ်။
အဲဒီရင်ခွဲစစ်ဆေးချက်နောက်ပိုင်းမှာ စင်္ကာပူနိုင်ငံမှာ ကိုဗစ်-၁၉ လူနာတွေကို ကုသတဲ့ဆေးဝါးနဲ့ ကုသမှုပုံစံတွေ ပြောင်းလဲခဲ့တယ်လို့ အဲဒီပို့စ်မှာ အခုလို ဆက်ရေးထားပါတယ်။
“ကိုဗစ်ကူးစက်ခံရသူတွေကို asprinပေးခဲ့ပါတယ် အကျိုးဆက်ကတော့ လူနာတွေဟာ ခပ်မြန်မြန် သက်သာပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်လာပါတယ် ဒါကြောင့်မို့ စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဟာ တစ်ရက်အတွင်း လူနာ၁၄၀၀၀ကျော်ကို အိမ်ပြန်ပို့နိုင်ခဲ့ပါတယ်။ ထိရောက်တဲ့ကုသနည်းကတော့ Antibiotictablets+Anti-inflammatory+Anti-coagulant(asprin) ပဲ ဖြစ်ပါတယ် ဒီတော့ကာ အသက်ရှုထောက်ကူစက်တွေ အထူးကြပ်မတ်ကုသဆောင်(ICU)တွေ သိပ်မလိုတော့ဘူးလို့ စင်ကာပူဆရာဝန်တွေက ပြောပါတယ် ဒီအကြောင်းကို အများသိအောင် စင်ကာပူမှာထုတ်ပြန်ကြေညာပြီးဖြစ်ပါတယ်။ ဒီအချက်ကို တရုတ်နိုင်ငံက ကောင်းကောင်းသိပါတယ် ဒါပေမဲ့အများသိအောင် ဘယ်တော့မှ မထုတ်ပြန်ခဲ့ပါဘူး။ ကိုဗစ်ကူးစက်ခံရသူများအနေနဲ့ Asprin-100mg နဲ့Apronikရယ် ဒါမှမဟုတ် Paracetamol-650mg သောက်ရမယ်လို့ဆိုထားပါတယ်။ (Singapore Ministry of Health မှ မူရင်းsourceကို အများသိအောင် ဘာသာပြန်ပေးလိုက်တာပါ)” (မူရင်းသတ်ပုံ)
အလားတူ ရေးသားချက်တွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။
ဒါပေမဲ့ ဒီအဆိုတွေက မှားယွင်းပါတယ်။
အစိုးရထုတ်ပြန်ချက်များ
၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်က စင်္ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက်မှာ အဲဒီအဆိုတွေဟာ “မမှန်ကန်”ဘူးလို့ ဖော်ပြပါတယ်။
စင်္ကာပူနိုင်ငံအနေနဲ့ ပို့စ်တွေမှာ ဖော်ပြထားသလို လူနာအလောင်းခွဲစိတ်မှု ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ အဲဒီထုတ်ပြန်ချက်က အခုလို ဆိုပါတယ်။ “ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ ရောဂါဗေဒနှင့် ဆက်နွှယ်သော လက်ရှိ အထောက်အထားတွေများမှ ထွက်ပေါ်လာခြင်း မဟုတ်သည့် သတင်းအချက်အလက်အမှားများ ဖြစ်သည်။ ယခုပျံ့နှံ့နေသောအကြောင်းအရာများသည် အစောပိုင်းတွင် စင်္ကာပူနိုင်ငံမဟုတ်ဘဲ ရုရှားနိုင်ငံအဖြစ် ပျံ့နှံ့ခဲ့ပြီး ယင်းအကြောင်းအရာများသည် မမှန်ကန်ကြောင်း ဖော်ထုတ်ခဲ့ကြပြီး ဖြစ်သည်။”
၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်မှာ စင်္ကာပူအစိုးရက ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်မှာလည်း “စွပ်စွဲချက်များ အားလုံးသည် မှားယွင်းပါသည်။ ထိုသတင်းစကားများကို စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပါ” ဆိုပြီး ရေးသားထားပါတယ်။
“ကိုဗစ်-၁၉ သည် ဘတ်တီးရီယားကြောင့် မဟုတ်ဘဲ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။ မြောက်မြားစွာသော သိပ္ပံနည်းကျ လေ့လာမှုများနှင့် လက်ရှိအထောက်အထားများအရ ကိုဗစ်-၁၉ သည် SARS-CoV-2 ခေါ်သော ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်” ဆိုပြီး စင်္ကာပူအစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“စင်္ကာပူအနေဖြင့် ထိုကဲ့သို့လူသေအလောင်းခွဲစိတ်မှု ပြုလုပ်ခြင်း မရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါဗေဒနှင့် ပတ်သက်၍လည်း ထိုကဲ့သို့ ထုတ်ပြန်ထားခြင်းလည်း မရှိပါ။ ထို့အတူ ကိုဗစ်-၁၉ ရောဂါကုသခြင်းသည့် နည်းစနစ်များ ပြောင်းလဲခြင်းလည်း မရှိပါ” လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဘတ်တီးရီးယားကြောင့် ဖြစ်တာလား
ကိုဗစ်-၁၉ ဟာ ဘတ်တီးရီးယာကြောင့် ဖြစ်ပွားတယ်ဆိုတဲ့ မှားယွင်းတဲ့ပြောဆိုချက်ကို နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေက အခိုင်အမာ ငြင်းဆိုထားကြပါတယ်။
COVID-19 ဟာ ဘတ်တီးရီးယားကြောင့် ဖြစ်ပွားတာ မဟုတ်ဘဲ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာ ဖြစ်တဲ့အကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီရောဂါဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာအနှံ့ ပျံ့နှံ့ကူးစက်ခဲ့ပါတယ်။
“၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှာ တရုတ်သိပ္ပံပညာရှင်တွေဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (CoV) ကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့က လူနာတွေဆီကနေ တွေ့ရှိခဲ့ပါတယ်” လို့ ကမ္ဘာ့ထိပ်တန်း သိပ္ပံနည်းကျအကဲဖြတ်ဂျာနယ်တစ်ခုဖြစ်တဲ့ The Lancet က ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုမှာ ရေးသားထားပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဒီဗိုင်းရပ်စ်သစ်ကို “severe acute respiratory syndrome coronavirus 2 (အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးရွားသည့်ရောဂါလက္ခဏာ ကိုရိုနာဗိုင်းရပ်စ် ၂)” ဒါမှမဟုတ် “SARS-CoV-2” လို့ ဗိုင်းရပ်စ်အမျိုးအမည်ခွဲခြားသတ်မှတ်ရေးဆိုင်ရာ နိုင်ငံတကာကော်မတီ (International Committee on Taxonomy of Viruses -ICTV) က အမည်ပေးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က ဆားစ်(SARS)ရောဂါကို ဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို လိုက်ပြီး အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီရောဂါဟာ ကမ္ဘာ့အနှံ့ အလျင်အမြန် ပျံ့နှံ့ခဲ့တာ ဖြစ်တဲ့အတွက် ကမ္ဘာအနှံ့က သိပ္ပံပညာရှင်တွေဟာလည်း ဒီဗိုင်းရပ်စ်ကို သီးခြားစီ လေ့လာခဲ့ကြပါတယ်။ အမေရိကန်၊ ယူကေနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ကျန်းမာရေးအဖွဲ့အစည်းတွေကလည်း ဒီရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ် ဆိုတာ အတည်ပြုခဲ့ကြပါတယ်။
COVID-19 လူနာတွေကို လေ့လာခဲ့ကြတဲ့ သြစတြေးလျ၊ အီတလီ၊ မလေးရှား၊ နီပေါ၊ ကိုရီးယားနဲ့ ပြင်သစ်နိုင်ငံတွေကလည်း ဒီရောဂါဟာ ဘတ်တီးရီးယားကြောင့် မဟုတ်ဘူးလို့ ပြောဆိုထားကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်း “ကိုဗစ်-၁၉ ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ဘတ်တီးရီးယားကြောင့် မဟုတ်” ဘူးလို့ ဒီလင့်ခ်မှာ ထုတ်ပြန်ထားပါတယ်။
ဗိုင်းရပ်စ်ကုသဆေးဆိုတဲ့ ဆေးမြီးတိုတွေ
ကိုဗစ်-၁၉ ရောဂါကို အက်စ်ပရင်၊ ပါရာစီတမောနဲ့ အခြားဆေးဝါးတွေသောက်ပြီး ကုသနိုင်တယ်ဆိုတဲ့ ပြောဆိုချက်ဟာလည်း မှားယွင်းပါတယ်။
စင်္ကာပူအစိုးရရဲ့ ဒီထုတ်ပြန်ချက်မှာ “ကိုဗစ်-၁၉ ရောဂါကို အက်စ်ပရင်ဖြင့် ကုသ၍ မရပါ။ အက်စ်ပရင်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိပါ”လို့ ဖော်ပြပါတယ်။
ကိုဗစ်-၁၉ ရောဂါကို ပါရာစီတမောနဲ့ ကုသနိုင်တယ်လို့ ဆိုထားတဲ့ မှားယွင်းတဲ့ပြောဆိုချက်အပေါ် AFP က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း “လက်ရှိမှာ COVID-19 ကို ကာကွယ်၊ ကုသနိုင်တယ်လို့ ခွင့်ပြုထားတဲ့ ဆေးဝါးမရှိသေးဘူး” လို့ ဒီလင့်ခ်မှာ ထုတ်ပြန်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်