နှစ်ပေါင်းအတော်ကြာ ပင်လယ်ထဲနစ်မြုပ်နေပေမယ့် မပျက်စီးတဲ့ ကုရ်အာန်ကျမ်းစာအုပ်လို့ ဆိုထားတဲ့ ဓာတ်ပုံအမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

နှစ်ပေါင်းအတန်ကြာ ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်ပေမယ့် ပျက်စီးခြင်းမရှိတဲ့ ကုရ်အာန်ကျမ်းစာအုပ်လို့ ဆိုထားတဲ့ ဓာတ်ပုံတွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေထားကြပါတယ်။ အမှန်တကယ်တော့ အဲဒီစာအုပ်ဟာ အမေရိကန်က Catherine McEver လို့ခေါ်တဲ့ အနုပညာရှင်တစ်ဦးရဲ့ ဖန်တီးမှုလက်ရာသာ ဖြစ်ပြီး၊ ဘာသာရေးနဲ့ ပတ်သက်ဆက်နွှယ်ခြင်း မရှိပါဘူး။ အဘိဓာန်စာအုပ်တစ်အုပ်ပေါ်မှာ ပုံဆောင်ခဲလေးတွေ ဖြစ်ပေါ်လာဖို့ သန့်ရှင်းရေးလုပ်တဲ့နေရာမှာသုံးတဲ့ ဓာတုပစ္စည်းတစ်မျိုးကို အသုံးပြု ဖန်တီးခဲ့တာ ဖြစ်တယ်လို့ အဲဒီအနုပညာရှင်က သူ့ရဲ့ Blog မှာ ၂၀၁၄ ခုနှစ်က ရှင်းပြထားပါတယ်။

ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က တင်ထားတာ ဖြစ်ပြီး၊ ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၁၄၇ ကြိမ် ရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက်က ရိုက်ယူထားတဲ့ နားလည်မှုလွဲမှားစေနိုင်တဲ့ ပို့စ်ရဲ့ screenshot

ဓာတ်ပုံတွေကို ညွှန်းဆိုထားတဲ့ ပုံစာအဖြစ် “#နှစ်ပေါင်းအတော်လေးကြာပင်လယ်ထဲနှစ်မြုပ်နေပေမဲ့ မပျက်စီသေးတဲ့ (ကုရ်အာန်) မာရှာအလ္လာဟ်”(မူရင်းအတိုင်း) လို့ ရေးထားပါတယ်။

အဲဒီဓာတ်ပုံတွေကို အလားတူပြောဆိုမှုတွေနဲ့အတူ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၉  ရက်နေ့တုန်းကလည်း ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

အဲဒီအဆိုဟာ မှားယွင်းပါတယ်။

ဓာတ်ပုံတွေကို အသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီပုံတွေဟာ ကုရ်အာန်ကျမ်းစာအုပ် မဟုတ်သလို ရေအောက်ကနေ တွေ့ရှိတာလည်း မဟုတ်ပါဘူး။

အဲဒီဓာတ်ပုံကို Catherine McEver လို့ ခေါ်တဲ့ အမေရိကန် အနုပညာဖန်တီးသူတစ်ဦးရဲ့ “Stuff You Can’t Have” လို့ ခေါ်တဲ့ Blog မှာ တင်ထားတာ တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်၊ မေလ ၁၈ ရက်က တင်ခဲ့တဲ့ပို့စ်မှာ McEver က သူ့အနေနဲ့ စာအုပ်ပေါ်မှာ ပုံဆောင်ခဲလေးတွေ ဖြစ်ပေါ်လာဖို့ Borax လို့ ခေါ်တဲ့ သန့်ရှင်းရေးလုပ်တဲ့အခါသုံးတဲ့ ဓာတုပစ္စည်းတစ်မျိုးသုံးပြီး ဘယ်လို ဖန်တီးခဲ့တယ်ဆိုတာ ရှင်းပြထားပါတယ်။

Blog ပို့စ်ရဲ့ ပုံစာအရ အဲဒီစာအုပ်ဟာ ဂျာမန် - အင်္ဂလိပ် အဘိဓာန်စာအုပ်ပါ။

၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်က Catherine McEver ရဲ့ Blog ကို ရိုက်ယူခဲ့တဲ့ screenshot

Blog ပို့စ်မှာ ရှုထောင့်အမျိုးမျိုးက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်က Catherine McEver ရဲ့ Blog ကို ရိုက်ယူခဲ့တဲ့ screenshot
Catherine McEver ရဲ့ ဖန်တီးမှုကို အနီးကပ် ရိုက်ယူထားတဲ့ ပုံ

McEver က အဲဒီ ပုံဆောင်ခဲတွေနဲ့ ပုံဖော်ထားတဲ့ စာအုပ်ကို ၂၀၁၄ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပြီး၊ ဘာသာရေးနဲ့ မသက်ဆိုင်ဘူးလို့ AFP ကို ပြောဆိုထားပါတယ်။

“အဲဒီစာအုပ်ဟာ သမ္မာကျမ်းစာ စာအုပ် မဟုတ်ပါဘူး။ အဲဒီစာအုပ်က သားရေနဲ့ချုပ်ထားတဲ့ အသုံးပြုပြီးသား ဂျာမန် - အင်္ဂလိပ် အဘိဓာန်စာအုပ် ဖြစ်ပြီး အဟောင်းဆိုင်ကနေ ဝယ်ခဲ့တာပါ။ ကျွန်မရဲ့စာအုပ်ကို တချို့လူတွေက ကျမ်းစာအုပ် ဒါမှမဟုတ် ဘာသာရေးအရ ထူးခြားအံ့ဖွယ်တစ်ခုလို့ ထင်သွားတာ ရယ်စရာလို့ ကျွန်မထင်ပါတယ်” လို့ AFP ကို အီးမေးလ်ကနေ ဖြေကြားခဲ့ပါတယ်။