မြန်မာနိုင်ငံမှာလက်ချောင်းတုတွေနဲ့ဆန္ဒမဲပေးတာတွေဖြစ်နိုင်တယ်ဆိုတဲ့သတင်းမှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

လက်ချောင်းတုတွေနဲ့ ဆန္ဒမဲပေးတာတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့အတူ လက်ချောင်းတုတွေပါဝင်တဲ့ဓာတ်ပုံတွေကို မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားမှာ အကြိမ်ရေ ရာနဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒါဟာမှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်ကတည်းကဖြစ်ပြီး ဂျပန်နိုင်ငံမှာ ယာကူဇာတွေကို ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာကူညီပေးဖို့ လက်ချောင်းတုတွေလုပ်တဲ့အကြောင်း ရေးထားတဲ့ဆောင်းပါးမှာ ပါဝင်တဲ့ပုံတွေဖြစ်ပါတယ်။

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၇၀ ရှိခဲ့ပါတယ်။ 

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က ရယူထားတဲ့ screenshot

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က ရယူထားတဲ့ screenshot

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ “လက်သန်းမှင်တို့တယ်ဆိုပေမယ့် သတိပြုပီး စစ်ဆေးပေးကြပါဗျာ။ KH” ဆိုပြီး ပါရှိပါတယ်။ 

အလားတူပြောဆိုမှုတွေနဲ့အတူ အဲဒီဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေခဲ့ကြပါတယ်။ 

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်မှာပါဝင်တဲ့ဓာတ်ပုံ ၂ ပုံလုံးဟာ ဂျပန်နိုင်ငံမှာ လက်ချောင်းတုတွေ ထုတ်လုပ်နေတဲ့အကြောင်း ၂၀၁၃ ခုနှစ်တုန်းက ရေးထားတဲ့သတင်းတွေမှာ ပါဝင်ခဲ့တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။

Yandex မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါ ပထမဓာတ်ပုံကို ဂျပန်နဲ့အမေရိကန်နွယ်ဖွား ဂျာနယ်လစ် Akiko Fujita ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်မှာတင်ထားတာ တွေ့ရပါတယ်။ Akiko Fujita ဟာ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တုန်းက ပုံနှိပ်ဖော်ပြခဲ့တဲ့သူ့ရဲ့ဆောင်းပါးကို မှတ်တမ်းအနေနဲ့ ဒီလင့်ခ်မှာ ပြန်တင်ထားတာဖြစ်ပါတယ်။

Akiko Fujita ရဲ့ ဆောင်းပါး screenshot

အင်္ဂလိပ်လိုရေးထားတဲ့သတင်းရဲ့ခေါင်းစဉ်မှာတော့ “ယာကူဇာအဖွဲ့ဝင်ဟောင်းတွေကို ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာကူညီပေးဖို့လက်ချောင်းတု” ဆိုပြီး တွေ့ရပါတယ်။ 

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါ ဒုတိယဓာတ်ပုံကို Yandex မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တုန်းက အမေရိကန်အခြေစိုက်သတင်းကွန်ရက်တစ်ခုဖြစ်တဲ့ Good Morning ရဲ့ ဒီလင့်ခ်မှာတင်ထားတဲ့သတင်းပါဓာတ်ပုံနဲ့ ထပ်တူထပ်မျှတူနေတာ တွေ့ရပါတယ်။ 

Good Morning သတင်းရဲ့ screenshot 

အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ သတင်းရဲ့ခေါင်းကြီးမှာတော့ “ဂျပန်ရဲ့ကြောက်စရာယာကူဇာဂိုင်းစတားတွေကို ပြုပြင်ပြောင်းလဲရေးကူညီပေးမယ့် လက်ချောင်းတု” ဆိုပြီး တွေ့ရပါတယ်။ 

ဂျပန်နိုင်ငံရဲ့ လက်ချောင်းတုတွေအကြောင်းနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှာ ရေးထားတဲ့ AFP ရဲ့သတင်းဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ 

အောက်မှာ AFP ရဲ့တရားဝင် YouTube ချန်နယ်မှာတင်ထားတဲ့ လက်ချောင်းတုသတင်းနဲ့ဆက်စပ် ဗီဒီယိုကို တွေ့နိုင်ပါတယ်။

အိန္ဒိယအခြေစိုက် သတင်းစိစစ်အတည်ပြုရေးအဖွဲ့ဖြစ်တဲ့ Boom ကလည်း နားလည်မှုလွဲစေနိုင်တဲ့ဓာတ်ပုံနဲ့ပတ်သက်လို့ ဒီလင့်ခ်မှာ ဖော်ထုတ်ရေးသားထားပါသေးတယ်။ 

အိန္ဒိယမှာလည်း မဲပေးပွဲမတိုင်ခင် အလားတူဓာတ်ပုံ ၂ ပုံနဲ့အတူ နားလည်မှုလွဲစေနိုင်တဲ့ပြောဆိုမှုတွေ ပျံ့နှံ့ခဲ့လို့ AFP အိန္ဒိယသတင်းအချက်အလက်စိစစ်ရေးအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၉  ရက်နေ့မှာ ဖော်ထုတ်ရေးသားခဲ့ဖူးတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ 

မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရှိန်ရကာစ ဒီမိုကရေစီအစိုးရအတွက် စမ်းသပ်မှုတစ်ခုအနေနဲ့လည်း လူအများစုက ရှုမြင်ကြတဲ့အကြောင်း AFP ရဲ့ သတင်းတစ်ပုဒ်ကိုလည်း ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဦးဆောင်ပြီး သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါတယ်။