ယခင်ကဖြစ်ခဲ့သည့် သီးခြားဖြစ်စဉ်များကို အလက်စကာပြည်နယ်တွင် မကြာသေးခင်ကဖြစ်ခဲ့သည့် ငလျင်လှုပ်ခတ်မှုဟု ဆိုထားသည့် ဓာတ်ပုံနှင့်ဗီဒီယိုများ ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်မှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက ၇ ဒသမ ၈ မဂ္ဂနီကျူ့ပမာဏရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်လာတဲ့အပျက်အစီးတွေလို့ဆိုထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာတွေနဲ့ သတင်းတွေမှာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဒါပေမယ့်လည်း ဒီပြောဆိုမှုဟာ မှားယွင်းပါတယ်။ ပါဝင်တဲ့ဓာတ်ပုံတွေဟာ ၂၀၁၄ ခုနှစ်လောက်ကတည်းက သတင်းမီဒီယာတွေမှာ ပျံ့နှံ့နေခဲ့တဲ့ သီးခြားဖြစ်စဉ်တွေ ဖြစ်ပါတယ်။  

အပျက်အစီးပုံရိပ်များ

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက ဓာတ်ပုံများစွာကို Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့ပြီး အဲဒီအချိန်ကတည်းက ပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃၉၅ ကြိမ် ရှိခဲ့ပါတယ်။

မြေငလျင်သတင်းစင်တာက တင်ထားတဲ့ နားလည်မှုလွဲမှားစေတဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ရယူထားတဲ့ screenshot

ပို့စ်နဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ “Alaska တောင်ပိုင်းကမ်းလွန်ပင်လယ်ကြမ်းပြင်အောက်လှုပ်ရှားသွားခဲ့သည့် 7.8 ရစ်ခ်ျတာစကေးအဆင့် အားပြင်းငလျင်လှုပ်ရှားပြီးနောက် ဖြစ်ပေါ်လာသည့်ပျက်စီးမှုအချို့” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံတွေကို အလားတူပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ဖော်ပြထားပါသေးတယ်။

ဒါပေမယ့် ဒါဟာ မှားယွင်းပါတယ်။ 

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာတော့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အလက်စကာမှာ ငလျင်လှုပ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးရေးထားတဲ့ BBC သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ သတင်းရဲ့ခေါင်းစဉ်မှာတော့ “အလက်စကာပြည်နယ်ငလျင်၊ အန်ခါရေ့ချ်မြို့ကို အဖျားခတ်” ဆိုပြီး ပါရှိပါတယ်။

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံတွေ (ဘယ်) နဲ့ BBC သတင်းပါဓာတ်ပုံတွေ (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။ 

 

 

 

ဒရုန်းနဲ့ရိုက်ထားတဲ့ဗီဒီယို

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တုန်းကလည်း အလက်စကာမှာဖြစ်တဲ့ငလျင်ဆိုတဲ့သတင်းနဲ့အတူ ဓာတ်ပုံတစ်ပုံကိုလည်း ဒီလင့်ခ်မှာ တင်ထားပြီး အဲဒီပို့စ်ကို ပြန်လည် မျှဝေတဲ့အကြိမ်ရေ ၁၁၀ ကျော်ရှိခဲ့ပါတယ်။ 

 

နေ့စဉ်သတင်းက တင်ထားတဲ့ နားလည်မှုလွဲမှားစေတဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၇ ရက်နေ့က ရယူထားတဲ့ screenshot

 

ပို့စ်ရဲ့ ခေါင်းစဉ်မှာတော့ “အမေရိကန် Alaska ကမ်းလွန်တွင် ပြင်းအား(၇.၈)ပမာဏရှိ ငလျင်လှုပ်ခတ်” ဆိုပြီး ရေးထားပါတယ်။ 

ပို့စ်ပါ စာသားအချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “အမေရိကန်ပြည်ထောင်စု ၊ အလက်စကာကမ်းလွန်မှာ အခုလ (၂၂) ရက်နေ့ နံနက်က ပြင်းအား(၇.၈) ပမာဏ ရှိတဲ့ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ Perryville မြို့အရှေ့တောင်ဘက် မိုင် (၆၀) အကွာလောက်မှာ ဗဟိုပြုပြီး မြေအောက်အနက် (၆) မိုင် လောက်ကနေ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေး USGS ကပြောပါတယ်။ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။”

အဲဒီဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် ဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါပေမယ့် ဒါဟာ မှားယွင်းပါတယ်။ 

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံဟာ ၂၀၁၄ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ငလျင်လှုပ်တဲ့ဖြစ်စဉ်ကို ဒရုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုထဲက screenshot တစ်ခုဖြစ်တာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုဟာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်အကြောင်း  ဖြစ်ပြီး NBC သတင်းဌာနရဲ့ YouTube မှာတင်ထားတာ ဒီလင့်ခ်မှာ တွေ့ရပါတယ်။

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံဟာ ၂၀၁၄ ခုနှစ် တုန်းက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ငလျင်လှုပ်တဲ့ဖြစ်စဉ်ကို ဒရုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုထဲက screenshot တစ်ခုဖြစ်တာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုဟာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်အကြောင်းဖြစ်ပြီး YouTube ရဲ့ ဒီလင့်ခ်နဲ့ NBC သတင်းဌာနရဲ့ဒီလင့်ခ်မှာ တင်ထားတာပါ။ 

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ် (ဘယ်) နဲ့ YouTube video (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ဒုတိယဓာတ်ပုံကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ Delaware ပြည်နယ်မှာ ငလျင်လှုပ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့အပျက်အစီးတွေကို ရိုက်ကူးထားတဲ့ဗီဒီယိုထဲက screenshot တစ်ခုဖြစ်နေတာ တွေ့ရပါတယ်။ မူလဗီဒီယိုကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက CNN သတင်းဌာနက ဒီလင့်ခ်မှာ ဖော်ပြထားတာပါ။

အောက်မှာ CNN ဗီဒီယို (ညာ) နဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ဆူနာမီဗီဒီယို​

တံတားတစ်ခုပေါ် ရေလှိုင်းတွေ ဖုံးလွှမ်းနေတဲ့ဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး ဇူလိုင်လ ၂၂ ရက်နေ့တုန်းက အလက်စကာမှာဖြစ်ခဲ့တဲ့ ငလျင်ကြောင့် ပေါ်ပေါက်လာတဲ့ ဆူနာမီလို့ ဆိုထားပါတယ်။ 

နားလည်မှုလွဲစေနိုင်တဲ့ @earthquakeresearchcentre ရဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ရယူထားတဲ့ screenshot

ပို့်စ်မှာပါတဲ့စာသားကတော့ အခုလိုပဲဖြစ်ပါတယ်။ “Alaska, USA 2/7/2020 - 7.8 M ရစ်ခ်ျတာစကေးအဆင့် အားပြင်းငလျင်ကြောင့် ville ကမ်းခြေတစ်လျှောက် ‌ဆူနာမီ ရေလှိုင်းကြီးဖြစ်ပေါ်ခဲ့”

အဲဒီပို့စ်ကို Facebook group ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ပြန်လည် မျှဝေထားကြပါတယ်။

ဒါပေမယ့် ဒါဟာ မှားပါတယ်။  

ဗီဒီယိုမှာပါတဲ့အဓိကပုံရိပ်တွေကို ထုတ်နုတ်ပြီး ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ဒီဗီဒီယိုဟာ ၂၀၁၇ ခုနှစ်တုန်းကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တုန်းက YouTube ရဲ့ ဒီလင့်ခ်မှာ “Minicoy Eastern Jetty ROUGH SEAS.” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ထားတာ ဖြစ်ပါတယ်။ 

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ဒီဗီဒီယိုကို အိန္ဒိယသတင်းအချက်အလက်စိစစ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ BOOM ကလည်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဒီလင့်ခ်မှာ သတင်းမှန်ဖော်ထုတ်ရေးသားခဲ့ဖူးပါတယ်။

အခန်းထဲကဗီဒီယို

လှုပ်ခါနေတဲ့အခန်းတစ်ခုရဲ့ အတွင်းပိုင်းမြင်ကွင်းဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး အလက်စကာမှာ ငလျင်လှုပ်ပြီးနောက်ပိုင်းတွေ့ရတဲ့အပျက်အစီးတွေလို့လည်း ဖော်ပြထားပါသေးတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂၂၇ ကြိမ် ရှိခဲ့ပါတယ်။

ပို့စ်နဲ့အတူ တင်ထားတဲ့စာမှာတော့ “22.07.2020၊ Alaskaတောင်ပိုင်းကမ်းလွန်ပင်လယ်ကြမ်းပြင်အောက် 7.8 ရစ်ခ်ျတာစကေးအဆင့် ကြောက်မက်ရာဖွယ်အားပြင်း ငလျင်ကြီးလှုပ်ခတ်နေစဉ် ဗီဒီယိုမှတ်တမ်းမြင်ကွင်း။#Credit video..” ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။

အဲဒီဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒါဟာ မှားယွင်းပါတယ်။ 

ဗီဒီယိုမှာပါဝင်တဲ့အဓိကပုံရိပ်တွေကို ထုတ်ပြီး ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဗီဒီယိုဟာ ၂၀၁၈ ခုနှစ် အလက်စကာမှာ ငလျင်လှုပ်တုန်းကပုံရိပ်တွေဖြစ်နေတာတွေ့ရပါတယ်။ အဲဒီဗီဒီယိုကို ဒေသရုပ်သံသတင်းဌာနတစ်ခုဖြစ်တဲ့ CBS19 က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တုန်းက ဒီလင့်ခ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။  

အောက်မှာ နားလည်မှုလွဲမှားစေတဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ CBS19 သတင်းပါဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။