လူသတ်မှု ကျူးလွန်သည်ဟု စွဲချက်တင်ခံသော ၁၂ နှစ်သား၏ဓာတ်ပုံကို ပေါင်မုန့်ခိုး၍ တရားရုံးတင်ခံရသူဟုဆိုထားသည့် သတင်းမှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

စတိုးဆိုင်တစ်ဆိုင်က အစားအသောက် ခိုးယူတယ်လို့ စွပ်စွဲခံရတဲ့ ၁၅ နှစ်သားတစ်ဦးဆိုတဲ့ ပြောဆိုမှုတွေနဲ့အတူ ဓာတ်ပုံတစ်ပုံကို Facebook နဲ့ သတင်းဝက်ဘ်ဆိုဒ်တွေမှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဒီပြောဆိုမှုက မှားယွင်းပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၁၂ ခုနှစ်ကတည်းက ပျံ့နှံ့နေခဲ့တဲ့သတင်းတစ်ပုဒ်မှာ ပါရှိတာဖြစ်ပြီး ဓာတ်ပုံမှာ မြင်ရတာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ မွေးချင်းတစ်ဦးကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးရဲ့ပုံဖြစ်ပါတယ်။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာ ဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၆၅၅ ကြိမ် ရှိခဲ့ပါတယ်။ 

နားလည်မှုလွဲမှားစေတဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ရယူထားတဲ့ screenshot

အနည်းငယ်ရှည်လျားတဲ့ ပို့စ်မှာ တရားသူကြီးနဲ့ ၁၅ နှစ်သားတစ်ဦးအကြား အပြန်အလှန်ပြောဆိုမှုတွေကို တစ်ဆင့်ပြန်လည်ပြောပြတဲ့ပုံစံမျိုးရေးထားတာ တွေ့ရပါတယ်။ ကလေးငယ်ဟာ ဗိုက်ဆာလို့ စတိုးဆိုင်တစ်ဆိုင်ကနေ ပေါင်မုန့်နဲ့ချိစ်ကို ခိုးယူခဲ့တဲ့အတွက် အမှုဖွင့်ပြီး တရားရုံး အပို့ခံရတာလို့လည်း ပို့စ်မှာ ဆိုထားပါတယ်။

ပို့စ်ပါ စာသားအချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “မေးမြန်းစစ်ဆေးမှု ပြီးဆုံးသွားတော့ တရားသူကြီးက စီရင်ချက်ချတော့တယ်။ ခိုးမှုဟာ တော်တော်ပြင်းထန်တဲ့ ပြစ်မှုဖြစ်တယ်။ အထူးသဖြင့် ပေါင်မုန့်ခိုးယူတာဟာ စိုးရိမ်ဖွယ်ရာပြစ်မှုဖြစ်တယ်။ အခုဒီကလေး ကျူးလွန်လိုက်တဲ့ ခိုးမှုမှာ တာဝန်ရှိသူဟာ ကျွန်တော်တို့အားလုံးပဲဖြစ်တယ်။ အဲ့ဒီတော့ တရားရုံးမှာ ကျွန်တော်အပါအဝင် ရှိနေသူအားလုံး တစ်ဦးလျင် ဒေါ်လာတစ်ဆယ် ပေးဆောင်ဖို့ အမိန့်ချမှတ်ပါတယ်။ ဒေါ်လာတစ်ဆယ်မပေးဘဲ ဘယ်သူမှ တရားရုံးအပြင်ထွက်ခွင့်မရှိပါ” လို့ အမိန့်ချပြီး တရားသူကြီးက မိမိအိပ်ထဲက ဆယ်ဒေါ်လာကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်”

အဲဒီဓာတ်ပုံနဲ့အတူ အလားတူ ပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။ အဲဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း သတင်းဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ အဲဒီအကြောင်းအရာကို တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီပြောဆိုမှုတွေဟာ မှားယွင်းနေပါတယ်။ 

ဓာတ်ပုံရာဇဝင် ရှာကြည့်တဲ့အခါမှာ ထပ်တူထပ်မျှ တူနေတဲ့ဓာတ်ပုံတစ်ပုံကို အမေရိကန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Florida Times-Union က ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တုန်းက သတင်းတစ်ပုဒ်နဲ့အတူ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ သတင်းကတော့ ၂၀၁၁ ခုနှစ်တုန်းက ဖလော်ရီဒါမှာဖြစ်ခဲ့တဲ့ ကလေးလူသတ်မှုတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် The Florida Times-Union သတင်းရဲ့ screenshot

သတင်းမှာ ပါဝင်တဲ့စာသားတချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “ဇွန်လ ၂ ရက်နေ့မှာ ခရစ္စတီယန်ဂျိုအန်ဖာနန်ဒက် (၁၂ နှစ်) ကို လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပြီ ဖြစ်ပြီး ဂျက်ဆင်ဗီးလ်မြို့သမိုင်းမှာ အသက်ငယ်ဆုံး လူသတ်မှု ဖြစ်လာပါတယ်။ သူဟာ အသက် နှစ်နှစ်အရွယ် ညီဖြစ်သူ ဒေးဗစ်ဂါလာရာဂါကို သေသည်အထိ ရိုက်နှက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဂါလာရာဂါဟာ ဦးခေါင်းခွံကွဲ၊ ဦးနှောက်သွေးယို၊ ဘယ်ဘက်မျက်လုံးနဲ့ နှာခေါင်းမှာ ထိခိုက်ဒဏ်ရာတွေနဲ့အတူ မတ်လမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မိသားစုကတော့ ကလေးငယ်လေးဟာ ကလေးကစားကွင်းတစ်ခုမှာ ကစားနေရင်း မတော်တဆဖြစ်တာလို့ ဆိုထားပါတယ်။ ခရစ္စတီယန်ရဲ့မိခင် ဘီယန်နယ်လာမာရီဆူဆန်နာ(၂၅ နှစ်) ကို ပေါ့ဆလျစ်လျူရှုမှုကြောင့်ဖြစ်တဲ့ လူသတ်မှုနဲ့ ဧပြီလမှာ စွဲချက်တင်ခဲ့ပါတယ်။ ဖမ်းဝရမ်းမှာတော့ ဆူဆန်နာဟာ ဂါလာရာဂါကို ဒဏ်ရာတွေနဲ့မလှုပ်မယှက်ဖြစ်နေတာ တွေ့ရပေမယ့် ရဲကို ဖုန်းဆက်အကြောင်းမကြားခဲ့ဘူးလို့ ဖော်ပြထားပါတယ်” 

အောက်မှာ နားလည်မှု လွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ The Florida Times-Union သတင်းပါဓာတ်ပုံ (ညာ)ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။ 

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ ဒေသအသံလွှင့်ဌာနတစ်ခုဖြစ်တဲ့ Action News Jax ရဲ့ သတင်းထုတ်ပြန်ချက်အရ ဖာနန်ဒက် (၁၉ နှစ်) ကို ခံဝန်ချုပ်နဲ့ လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ သူဟာ လူသတ်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် လူငယ်ထိန်းသိမ်းရေးစင်တာမှာ ၇ နှစ်ကြာ အကျဉ်းကျခံခဲ့ရတယ်လို့ သတင်းမှာ ဆိုပါတယ်။