၂၀၂၀ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ဗီဒီယိုဆိုပြီး ၂၀၁၅ တုန်းက ဗီဒီယို ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 ဇူလိုင် 2020 အချိန် 06h10
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့ပြီး ကြည့်ရှုတဲ့အရေအတွက် ၁၂၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၄၀၀ ကျော် ရှိခဲ့ပါတယ်။
နားလည်မှုလွဲမှားစေတဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ရယူထားတဲ့ screenshot
ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ “အမေစု ရှင်းပြပေးတဲ့ (8/11/2020) ရွေးကောက်ပွဲအကြောင်း.. အမေစုပါတီ NLD ကို မဲပေးမယ်.. ဘယ်လိုမဲပေးရမလဲ.. သေချာကြည့်ထားနော်..” ဆိုပြီး တွေ့ရပါတယ်။
ခုနစ်မိနစ်နဲ့ ၁၆ စက္ကန့်ကြာမြင့်တဲ့ဗီဒီယိုမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကို မဲထည့်ဖို့ ပြည်သူတွေကို တိုက်တွန်းနေတာ ပါရှိပါတယ်။
ဗီဒီယိုပါ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားတချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျရောက်မယ့် အထွေထွေရွေးကောက်ပွဲမှာ ကျွန်မတို့ပြည်သူတွေအားလုံး၊ အသက် ၁၈ နှစ်ပြည့်ပြီးသား နိုင်ငံသူနိုင်ငံသားအားလုံး ပါဝင်စေချင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက် အင်မတန်မှ အရေးကြီးတာမို့ အားလုံး ပါဝင်ကြပါ။ ….. ဒါကြောင့် ကျွန်မတို့အဖွဲ့ချုပ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံကိုပဲ မဲပေးပါလို့ ကျွန်မတို့ ဆော်သြပါတယ်။ အဲဒီလိုဆော်သြရတာ အကြောင်း နှစ်ကြောင်းကြောင့်ဖြစ်ပါတယ်။ မဲရုံတစ်ရုံမှာ မဲဆန္ဒရှင်တစ်ယောက်ချင်းတစ်ယောက်ချင်းက ကိုယ်စားလှယ်တစ်ယောက်မကအတွက် မဲပေးရတဲ့အခါကျတော့ နာမည်တွေနဲ့ပတ်သက်လို့ စိတ်ရှုပ်စရာမဖြစ်စေချင်ပါဘူး။ မှားယွင်းတာတွေလည်း မဖြစ်စေချင်ပါဘူး။ ….. ဒါကြောင့်မို့ ကျွန်မတို့ NLD အလံကိုပဲ မဲပေးကြပါလို့ တောင်းဆိုရတာဖြစ်ပါတယ်”
အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲရုံမှာ မဲပေးပုံနဲ့ပတ်သက်လို့ ဘယ်လိုလုပ်ရမလဲဆိုတာတွေကို ရှင်းပြပေးပါတယ်။
မြန်မာနိုင်ငံရဲ့ နောက်လာမယ့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီမဲပေးပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရှိန်ယူစဒီမိုကရေစီအစိုးရအတွက် စမ်းသပ်မှုတစ်ခုလို့ လူတော်တော်များများက ယူဆကြပါတယ်။ လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ AFP ရဲ့ သတင်းကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
ဒီဗီဒီယိုကို အလားတူ ပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်အပြင် YouTube ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။
ဒါပေမယ့် ဒီပြောဆိုမှုတွေဟာ မှားယွင်းပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အလားတူဗီဒီယိုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တုန်းက “ရွေးကောက်ပွဲမှာ ဘယ်လို မဲပေးရမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြထားပါတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားတာ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တင်ထားတဲ့ Facebook ဗီဒီယိုရဲ့ screenshot
အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ ဒေါ်အောင်ဆန်းစုကြည် Facebook page မှာ တင်ထားတဲ့ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တုန်းက ကျင်းပခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ AFP က ရေးသားထားတဲ့သတင်းကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်