အောင်မဲညိုပွင့်ခြောက်က အသည်းကင်ဆာဖြစ်စေတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့ AFP မြန်မာ

အောင်မဲညိုပွင့်ခြောက်က အသည်းကင်ဆာဖြစ်စေတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 ဇူလိုင် 2020 အချိန် 10h30
  • အပ်ဒိတ်ရက်စွဲ 17 ဇူလိုင် 2020 အချိန် 10h41
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
အောင်မဲညိုပွင့်ခြောက်ကို စားသုံးမိရင် ကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ပြောဆိုမှုကို Facebook နဲ့ ဝက်ဘ်ဆိုဒ်တော်တော်များများမှာ ပြန်မျှဝေနေကြပါတယ်။ ဒါဟာ နားလည်မှုလွဲစေနိုင်ပြီး ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အစိုးရတာဝန်ရှိသူတွေရဲ့အဆိုအရ အောင်မဲညိုပွင့်ဟာ ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်ဓာတ်မပါဝင်ဘူးလို့ သိရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်မှာ ကိုးကားဖော်ပြခံထားရတဲ့ ဆရာဝန်ကလည်း အောင်မိုးညိုပွင့်ကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ မဖြေကြားဖူးတဲ့အကြောင်း ငြင်းဆိုထားပါတယ်။

 

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၆၀၀ ကျော် ရှိခဲ့ပါတယ်။

Image

U Phyoe Minn Paing အမည်ဖြင့် တင်ထားသည့် နားလည်မှုလွဲစေနိုင်သည့် Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က ရယူထားသည့် screenshot 

ပို့စ်ရဲ့ခေါင်းစဉ်မှာတော့ “မြန်မာတစ်ပြည်လုံးကို အသည်းကင်ဆာဖြန့်ဖြူးနေတဲ့ အောင်မဲညိုအပွင့်ခြောက်” ဆိုပြီး ရေးထားပါတယ်။

ပို့စ်ပါစာသားတစ်ချို့မှာတော့ “အောင်မဲညိုအပွင့်ကို နေလှမ်းအခြောက်ခံပြီး သုံးမယ်ဆိုရင် ကိုယ့်သေတွင်းကို တူးနေသလိုပါပဲ။ အောင်မဲညိုအပွင့်ကို နေလှမ်းလိုက်ခြင်းအားဖြင့် အပွင့်ထဲမှာပါဝင်တဲ့ ရေဓာတ်တွေကို ခမ်းခြောက်စေပြီး(Dehydration)လုပ်လိုက်သလိုဖြစ်သွားပြီး အထဲမှာ Benzene ဓာတ်တွေ ကျန်ခဲ့ပါလိမ့်မယ်။ အဲ့ဒီ ဘင်ဇင်းဓာတ်ကပဲ လူတွေကို အဓိက ကင်ဆာဖြစ်စေတာပါ” ဆိုပြီး တွေ့ရပါတယ်။

ပို့စ်ပိုင်ရှင် ရည်ညွှန်းဖော်ပြထားတဲ့အထဲမှာ မြန်မာနိုင်ငံက လူသိများတဲ့ အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်ဝင်းလည်း ပါပါတယ်။

အလားတူ ပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း တင်ထားကြသလို ဝက်ဘ်ဆိုဒ်တစ်ချို့ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း ဒီအဆိုဟာ နားလည်မှု လွဲစေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

“အောင်မဲညိုပွင့်မှာ Benzene ဓာတ်ပါတယ်တို့၊ ကင်ဆာဖြစ်စေတယ်တို့ဆိုပြီး ပြောနေတာတွေမှာ ဘာသက်သေအထောက်အထားမှ မရှိပါဘူး” ဆိုပြီး အမေရိကန်ကင်ဆာအဖွဲ့အစည်းက ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာ William G Cance က ဇူလိုင်လ ၁၄ ရက်နေ့မှာ AFP ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံတော်အဆင့် အဆိပ်အတောက်ဗေဒဆိုင်ရာပရိုရမ် (NTP) အောက်မှာရှိတဲ့ ကင်ဆာဖြစ်စေတတ်သောအရာများ အစီရင်ခံတင်ပြရေးရုံးက ညွှန်ကြားရေးမှူး Dr. Ruth Lunn ကလည်း Benzene ဟာ သဘာဝအတိုင်းဖြစ်တဲ့ ဓာတုဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး သွေးကင်ဆာဖြစ်စေနိုင်ကြောင်းနဲ့ အသည်းကင်ဆာနဲ့ ဆက်စပ်မှုမရှိကြောင်း ဆိုထားပါတယ်။

“NTP အနေနဲ့ အောင်မိုးညိုပွင့်ကို မလေ့လာကြည့်ရသေးပါဘူး။ ဒါကြောင့် အောင်မိုးညိုပွင့်မှာ ကင်ဆာဖြစ်စေတတ်တဲ့အရာတွေပါတယ်လို့ မသတ်မှတ်နိုင်သေးပါဘူး။ နေလှန်းလို့ ဓာတ်ပြောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောရရင်တော့ Benzene ဓာတ်က အသည်းကင်ဆာနဲ့ ဆက်စပ်မှု တစ်စုံတစ်ရာ မရှိပါဘူး” လို့  Dr. Ruth Lunn က ဇူလိုင်လ ၁၆ ရက်နေ့မှာ AFP ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

နားလည်မှုလွဲမှားစေတဲ့ပို့စ်မှာ ထည့်သွင်းကိုးကားခံထားရတဲ့ ပါမောက္ခခင်မောင်ဝင်းကလည်း အောင်မိုးညိုပွင့်နဲ့ ဆက်စပ်ကျန်းမာရေးကိစ္စတွေအကြောင်း ပြောခဲ့တာမျိုးမရှိတဲ့အကြောင်း ငြင်းဆိုထားပါတယ်။

“ဒါက လုံးဝသတင်းအမှားကြီးပါ။ ကျွန်တော့်ကို တိုက်ခိုက်ချင်တာလား ဒါမှမဟုတ် အောင်မဲညို ဆေးထုတ်ရောင်းတဲ့သူတွေကို တိုက်ခိုက်ချင်တာလားတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ အောင်မဲညိုပွင့်နဲ့ပတ်သက်လို့ မီဒီယာတွေကို ကျွန်တော့်ဘက်က ဘာမှတ်ချက်မှ မပေးခဲ့ဖူးပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း တစ်ခွန်းတစ်ပါဒမှတောင် မပြောဖူးပါဘူး” လို့ ပါမောက္ခခင်မောင်ဝင်းက ဇူလိုင်လ ၁၃ ရက်နေ့က AFP နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်