ထိုင်းဘုန်းကြီးဒေါက်ဖိနပ်စီးနေပုံကို မြန်မာဘုန်းကြီးယတြာချေနေပုံလို့ဆိုထားတဲ့ သတင်းမှားပျံ့နှံ့
မြန်မာအာဏာရှင်ဟောင်းတွေအတွက် ယတြာချေပေးတဲ့အနေနဲ့ ဒေါက်ဖိနပ်စီးနေတဲ့ မြန်မာဘုန်းတော်ကြီးဆိုပြီး ပြောဆိုမှုတွေနဲ့အတူ ဘုန်းကြီးတစ်ပါးဒေါက်ဖိနပ်စီးနေတဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ ထောင်နဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ မှားယွင်းနေပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လကတည်းကဖြစ်ပြီး ဈာပနအခမ်းအနားတစ်ခုမှာတွေ့ရတဲ့ ထိုင်းနိုင်ငံက ဘုန်းကြီးတစ်ပါးရဲ့ပုံရိပ်ဖြစ်ပါတယ်။
ဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ပို့စ်ကို ပြန်လည်မျှဝေသူ ၁၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ “ဟိုက်ရှာလပတ်ရည်..၊ မင်းဝန်တောင်ဘုန်းကြီးဆိုလား ဘာလား ညာလား??? ဟားဟားဟား။ ကိုယ်တိုင်ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာတဲ့ ငွင်းငွင်းငွင်း” ဆိုပြီး တွေ့ရပါတယ်။
အလားတူပြောဆိုမှုတွေနဲ့ တခြားပို့စ်တစ်ခုကိုလည်း ဒီလင့်ခ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပို့စ်နဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ “ယခင်အာဏာရှင်အစိုးရမင်း များအတွက် ကိုယ်တိုင်ဒေါက်ဖိနပ်စီးပြီးယတြာချေပေးနေသည့်မင်းဝန်တောင်ဆရာတော်” ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။
"မင်းဝန်တောင်" ဆိုတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ တပ်မတော်အစိုးရခေတ် ထိပ်ပိုင်းခေါင်းဆောင်တွေ လှူဒါန်းထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာကို ဖယ်ရှားလိုက်တဲ့အကြောင်း မြန်မာအစိုးရက ကြေညာလိုက်ပြီးနောက်ပိုင်းမှာ ဒီပို့စ်တွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာ မှားယွင်းပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ဘုန်းကြီးတစ်ပါး ဒေါက်ဖိနပ်စီးတဲ့အကြောင်း ပြောဆိုမှုနဲ့အတူ အလားတူဓာတ်ပုံကို တွေ့ရပါတယ်။
ဒီဓာတ်ပုံကို Sanook အမည်ရှိတဲ့ ထိုင်းသတင်းဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီသတင်းမှာ ဖော်ပြထားချက်အရ ထိုင်းနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာရဲ့ ဈပနပွဲတစ်ခုမှာ ဒီဓာတ်ပုံကို ရိုက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းဘာသာစကားနဲ့ရေးထားတဲ့သတင်းခေါင်းစဉ်မှာတော့ “ဘုန်းကြီးတစ်ပါး ဒေါက်ဖိနပ်စီးနေပုံကို အင်တာနက်သုံးစွဲသူတွေမျှဝေ၊ ဖိနပ်တွေကို ရွှေ့ပေးနေတာလား ကိုယ်တိုင်စီးကြည့်တာလား သေချာမသိ” ဆိုပြီး ပါရှိပါတယ်။
အဓိကကျတဲ့စကားလုံးတွေသုံးပြီး ထပ်ရှာကြည့်တဲ့အခါမှာ ဒီဓာတ်ပုံကိုပဲ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တုန်းက တင်ထားတာ တွေ့ရပါတယ်။
အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ထိုင်း Facebook ပို့စ်တစ်ခုမှာတွေ့ရတဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
