COVID-19 ကာလမှာ Facebook ပို့စ်အောက် မှတ်ချက်ရေးသူတွေကို ဂျက်ကီချန်းက ငွေထုတ်ပေးမယ်ဆိုတဲ့သတင်းမှား ပျံ့နှံ့
COVID-19 ကပ်ရောဂါကာလမှာ Facebook ပို့စ်အောက် မှတ်ချက်ရေးသူတွေကို ဂျက်ကီချန်းက ငွေသားထုတ်ပေးမယ်ဆိုတဲ့ စာသားနဲ့အတူ Facebook ပေါ်က ဗီဒီယိုတစ်ခုကို အကြိမ်ရေ သောင်းချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပြောဆိုမှုက မှားယွင်းနေပါတယ်။ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ဗီဒီယိုကလစ်နှစ်ခုကို ဘယ်ညာယှဉ်တွဲဖော်ပြထားတာဖြစ်ပြီး အဲဒီဗီဒီယိုနှစ်ခုလုံးမှာ ဂျက်ကီချန်းက ကိုဗစ်-၁၉ ကပ်ဘေးသင့်သူတွေကို ငွေကြေးလှူဒါန်းမယ်လို့ ပြောထားတာမျိုး မပါပါဘူး။ ပထမဗီဒီယိုကို ဂျက်ကီချန်းရဲ့တရားဝင် Facebook စာမျက်နှာမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလကတည်းက တင်ထားတာဖြစ်ပြီး ဒုတိယဗီဒီယိုကတော့ အမေရိကန်လက်ဝှေ့သမား ဖလွိုက်မေဝယ်သာရဲ့ Instagram စာမျက်နှာမှာ ၂၀၁၇ ခုနှစ်တုန်းက တင်ထားတဲ့ပို့စ်ကနေ ယူထားတာဖြစ်ပါတယ်
အဲဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို ကြည့်ရှုတဲ့အကြိမ်အရေအတွက် ၁ ဒသမ ၇ သန်းနဲ့ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၄,၀၀၀ ကျော် ရှိခဲ့ပါတယ်။
အဲဒီဗီဒီယိုကို မြန်မာအခြေစိုက် Facebook group တစ်ခုရဲ့ ဒီလင့်ခ်မှာလည်း ပြန်မျှဝေထားခဲ့ပါတယ်
၄၂ စက္ကန့်ကြာမြင့်တဲ့ဗီဒီယိုမျက်နှာပြင်ကို ၂ ခြမ်းခွဲထားပြီး ဘယ်ဘက်အခြမ်းမှာ ဟောင်ကောင်သရုပ်ဆောင် ဂျက်ကီချန်းစကားပြောနေတတာတွေ့ရပြီး ညာဘက်ခြမ်းမှာတော့ ဗြိတိန်ငွေကြေး ပေါင်စတာလင်နဲ့ ယူရိုငွေစက္ကူတွေကို ရိုက်ပြထားတာ တွေ့ရပါတယ်။
ဗီဒီယိုမှာထည့်သွင်းထားတဲ့စာတန်းမှာတော့ “အိမ်မှာနေကြပါ။ ဂျက်ကီချန်းက ပိုက်ဆံတွေပေးနေပြီ” ဆိုပြီး ပါရှိပါတယ်။

ပို့်စ်ပါစာသားတချို့ကတော့ “နိုင်ငံအားလုံးနော် !!! အိမ်ကနေ မှတ်ပုံတင်ပြီး ဆုကြေးတွေကို ငါးမိနစ်အတွင်း ရယူကြပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်သူတွေကို ကူညီဖို့ ဒီပို့စ်ကို တင်ပေးတာပါ။ ကိုယ့်နာမည်ရဲ့ပထမဆုံးအက္ခရာကို ရွေးလိုက်ပါ။ သင့်ရွေးချယ်မှုအတွက် လက်ဆောင်ရရှိပါလိမ့်မယ်။ သင့်နာမည်ကို မှတ်ပုံတင်ပြီးတာနဲ့ ငါးမိနစ်အတွင်း ငွေတွေ ပို့လိုက်ပါမယ်” ဆိုပြီး ဖြစ်ပါတယ်။
အလားတူ ဗီဒီယိုကိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ပြောဆိုမှုတွေနဲ့ ပြန်မျှဝေထားကြတာ တွေ့ရပါတယ်။
ဒါပေမယ့် ဒါဟာ မှားယွင်းနေပါတယ်။
ဂျက်ကီချန်းဗီဒီယို
နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဗီဒီယိုပါ အဓိကကျတဲ့ပုံရိပ် (keyframes) တွေကို ထုတ်ပြီး ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပိုရှည်တဲ့ဗီဒီယိုဖိုင်တစ်ခုကို ဂျက်ကီချန်းရဲ့ တရားဝင် Facebook ပေ့ချ်မှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။
ဗီဒီယိုမှာ ဂျက်ကီချန်းပြောတဲ့စကားတချို့ကတော့ “ဟယ်လို၊ ကျွန်တော် ဂျက်ကီချန်းပါ။ အခုဟာ အားလုံးအတွက် ခက်ခဲတဲ့ကာလဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အားလုံး ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ တစ်ခုတည်းသောပြဿနာကို ရင်ဆိုင်နေကြရတာပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာဟာ ကိုယ့်မိသားစုကို ကာကွယ်တာနဲ့ အတူတူပါပဲ။ ဘေးကင်းစွာနေကြပါ။ အားတင်းထားကြပါ။ ကျွန်တော်တို့ရှေ့မှာ ပိုမိုတောက်ပတဲ့အနာဂတ်ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။
ဂျက်ကီချန်းဟာ ငွေကြေးကိစ္စနဲ့ပတ်သက်လို့ ဗီဒီယိုထဲမှာ တစ်ခွန်းတစ်ပါဒမှ ပြောမသွားပါဘူး။
အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ ဂျက်ကီချန်း Facebook ပေ့ချ်ကဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ငွေသားတွေပါတဲ့ဗီဒီယို
ဒုတိယဗီဒီယိုကို ဓာတ်ပုံရာဇဝင်ရှာတဲ့နည်းနဲ့ ရှာကြည့်တဲ့အခါ ပိုရှည်တဲ့ဗီဒီယိုတစ်ခုကို အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေဝယ်သာရဲ့ Instagram အကောင့်မှာ တင်ထားတာ ဒီလင့်ခ်မှာ တွေ့ရပါတယ်။
ဗီဒီယိုကို “ပေါင်စတာလင်နဲ့ ယူရိုငွေတချို့” ဆိုတဲ့စာသားနဲ့အတူ ၂၀၁၇ ခုနှစ်၊ မေလ ၂၇ ရက်နေ့တုန်းက တင်ထားတာတွေ့ရပါတယ်။ ဒီဗီဒီယိုဟာ ကိုဗစ်-၁၉ မဖြစ်ခင် အနည်းဆုံး ၂ နှစ်စောပြီး အွန်လိုင်းပေါ်ရောက်နေတာပါ။
အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ မေဝယ်သာရဲ့ Instagram ပို့စ်ပါဗီဒီယို (ညာ) တို့ရဲ့ screenshot ကို နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။
