၂၀၁၈ ခုနှစ်က အိန္ဒိယမှာ ဆင်းသက်တဲ့ ရုရှားလေယာဉ်အကြောင်း ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံအဟောင်းသာ ဖြစ်

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်က မြန်မာစစ်တပ်အတွက် “ခေတ်မီစစ်လက်နက်”တွေ လာပို့တဲ့ ရုရှားကုန်တင်လေယာဉ်လို့ ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တော့ ဒီဓာတ်ပုံက အိန္ဒိယနိုင်ငံ၊ ချင်နိုင်းမြို့မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတုန်းက ဆင်းသက်ခဲ့တဲ့ ရုရှားလေယာဉ်အကြောင်းသတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၉၄၀ ကျော် ပြန်လည်မျှဝေထားပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်က ယူထားထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံနဲ့အတူ “ယနေ့ နေ့လယ်ပိုင်း မြန်မာနိုင်ငံ၏ ဝေဟင်ပိုင်နက်ကျူးကျော်ရန်ပြုမှုများကို ကာကွယ်ရန်အတွက် ရုရှားနိုင်ငံမှ နောက်ဆုံးပေါ် လေကာစနစ်ကွန်ယက် လက်နက်ဆန်းများနှင့် အခြားခေတ်မီလက်နက်များ ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ (ပထမ အကြိမ်လက်ခံ ရရှိပါပြီ)” ဆိုပြီး Facebook ပို့စ်မှာ ရေးထားပါတယ်။

AFP ရဲ့ ဒီသတင်းမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူခဲ့တဲ့ မြန်မာတပ်မတော်ကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကူညီထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အွန်လိုင်းပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်တွေနဲ့အတူ အခုလို ရုရှားလေယာဉ်နဲ့ပတ်သက်ပြီး ပြောဆိုထားတဲ့ပို့စ်တွေလည်း Facebook ပေါ် ပျံ့နှံ့လာခဲ့တာပါ။

ဒီဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

Bing ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို အိန္ဒိယသတင်းစာတစ်စောင်ဖြစ်တဲ့ The Times of India ရဲ့ ဒီသတင်းမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အဲဒီသတင်းကတော့ ရုရှားကုန်တင်လေယာဉ်တစ်စင်း အိန္ဒိယနိုင်ငံ၊ ချင်နိုင်းလေဆိပ်မှာ ဆင်းသက် ရပ်နားခဲ့တဲ့ သတင်းဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်က ရယူထားတဲ့ The Times of India သတင်းရဲ့ screenshot

သတင်းရဲ့ခေါင်းစဉ်က “ကုန်တန်ချိန် ၅၂ ဒဿမ ၄၆ တန်တင်ဆောင်လာသည့် Antonov AN-124 လေယာဉ် ချင်နိုင်းလေဆိပ်တွင် ဆင်းသက်” ဆိုပြီး ဖြစ်ပါတယ်။

“ရုရှားကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ Volga-Dnepr Airlines က ပျံသန်းသည့် Antonov AN-124 လေယာဉ်ကြီးသည် ချင်နိုင်းလေဆိပ်တွင် တနင်္ဂနွေနေ့က ဆင်းသက် ရပ်နားခဲ့သည်။ တရုတ်နိုင်ငံ Xi'an Xianyang မှ စက်ယန္တရားတန်ချိန် ၅၃ ဒဿမ ၄၆ တန်တင်ဆောင်လာခဲ့သော အဆိုပါလေယာဉ်သည် ဤချင်နိုင်းလေဆိပ်တွင် ဆင်းသက်ခဲ့သည်” လို့ သတင်းမှာ ဖော်ပြပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ Times of India သတင်းပါ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot  ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ Times of India သတင်းပါ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

သော့ချက်စကားလုံး (Keywords) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်ထိ စစ်လက်နက်တွေတင်ဆောင်လာတဲ့ ရုရှားလေယာဉ် မြန်မာနိုင်ငံကို ဆိုက်ရောက်လာတယ်ဆိုတဲ့ ခိုင်လုံတိကျတဲ့သတင်းပေးပို့ချက်တွေ မတွေ့ရှိပါဘူး။