၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ပစ်ချခံရတဲ့ ဆီးရီးယားစစ်ရဟတ်ယာဉ်ရဲ့ ဓာတ်ပုံတွေသာ ဖြစ်

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ ပစ်ချလိုက်တဲ့ မြန်မာစစ်ရဟတ်ယာဉ်လို့ ဆိုထားတဲ့ ဓာတ်ပုံ ၃ ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာချီ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တမ်းတော့ ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ပစ်ချခံရတဲ့ ဆီးရီးယားစစ်ရဟတ်ယာဉ်ရဲ့ ပုံတွေသာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး အကြိမ်ရေ ၁,၈၀၀ ကျော် ပြန်လည်မျှဝေထားပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်က ယူထားထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ Screenshot

ဓာတ်ပုံတွေနဲ့အတူ “KNU, KIA  တို့က အပြောနဲ့အလုပ်နဲ့ ညီတယ်နော် 🤣 ပျော်သလားဟေ့ မောင်တို့ရေ....ပုဇင်း ၂ ကောင်(ရဟတ်ယာဉ်နှစ်စီး)တော့ လျောသွားပြီ” (မူရင်းသတ်ပုံအတိုင်း) လို့ ရေးသားထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ မြန်မာနိုင်ငံမှာ ၎င်းတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ ဆယ်စုနှစ်တွေကြာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာတပ်မတော်အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ Myanmar Now သတင်းဌာနရဲ့ ဒီသတင်း နဲ့ ဒီသတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီလို စစ်ရေးတင်းမာမှုတွေနဲ့အတူ တပ်မတော်ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတဲ့ သတင်းတွေလည်း Facebook ပေါ် ပျံ့နှံ့လာခဲ့တာပါ။

တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ အဲဒီဓာတ်ပုံတွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည် မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမနဲ့ တတိယပုံတွေကို မြန်မာအာဏာသိမ်းမှုမတိုင်မီ တစ်နှစ်အလို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ (၁၁) ရက်ကတည်းက Associated Press (အေပီ) သတင်းဌာနရဲ့ ဒီသတင်းမှာ ဖော်ပြထားပါတယ်။

အေပီရဲ့သတင်းခေါင်းစဉ်မှာ “တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဆီးရီးယားရဟတ်ယာဉ်ကို သူပုန်တွေ ပစ်ချ” လို့ ဖော်ပြပါတယ်။ ရဟတ်ယာဉ်ကို သူပုန်တွေက ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Nairab ရွာနားမှာ ပစ်ချခဲ့တယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်က ရယူထားတဲ့ အေပီသတင်းရဲ့ Screenshot

ဓာတ်ပုံနှစ်ပုံလုံးရဲ့ ပုံစာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က ဆီးရီးယားအစိုးရရဟတ်ယာဉ်တစ်စင်း ဒုံးကျည်ဖြင့် ပစ်ခတ်ခံရသည်။ ဆီးရီးယားတပ်များ၏ ထိုးစစ်ကိုရင်ဆိုင်နေရသော နိုင်ငံအနောက်မြောက်ပိုင်းရှိ သူပုန်များ၏ ခံတပ်နေရာတွင် အစိုးရရဟတ်ယာဉ်ကို သူပုန်များက ပစ်ချခဲ့ခြင်း ဖြစ်သည်။ (အေပီဓာတ်ပုံ / Ghaith Alsayed)” 

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ အေပီသတင်းဌာနရဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot  ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ အေပီသတင်းဌာနရဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

တဖန် ဒုတိယဓာတ်ပုံကို Bing ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ဆီးရီးယာရဟတ်ယာဉ်ပျက်ကျမှုအကြောင်း သတင်းတစ်ခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီသတင်းကို စစ်မက်ရေးရာသတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ DefPost က ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က ဖော်ပြထားတာပါ။ 

“တူရကီ ကျောထောက်နောက်ခံပေးထားသည့် သူပုန်များက ဆီးရီးယားလေတပ် Mi-17 ရဟတ်ယာဉ်ကို ပစ်ချ” လို့ ခေါင်းစဉ်တပ်ထားပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်က ရယူထားတဲ့ DefPost သတင်းရဲ့ screenshot

“ဆီးရီးယားအာရပ်လေတပ်၏ Mi-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီးကို တူရကီကျောထောက်နောက်ခံပြုထားသည့် သူပုန်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံ၊ Idlib ပြည်နယ်၊ Al-Nayrab မြို့ အနီးတွင် ဖေဖော်ဝါရီ ၁၁ ရက်က ပစ်ချခဲ့သည်” လို့ သတင်းမှာ ဖော်ပြပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ DefPost သတင်းပါ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot  ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ DefPost သတင်းပါ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဖြစ်စဉ်နဲ့ ကိုက်ညီတဲ့ ဗီဒီယိုတစ်ခုကိုလည်း Twitter ပေါ်က ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ဖော်ပြခဲ့ပါတယ်။

အဆိုပါဆီးရီးယားရဟတ်ယာဉ်တိုက်ခိုက်ခံရတဲ့ အကြောင်းကို AFP ရဲ့ ဒီသတင်းမှာ လည်း ဖတ်ရှုနိုင်ပါတယ်။