လှိုင်သာယာမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေလို့ ဆိုထားတဲ့ ဓာတ်ပုံအမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာစစ်တပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသွားတဲ့ အာဏာသိမ်းမှုဆန်ကျင်ဆန္ဒပြသူတွေရဲ့ ရုပ်အလောင်းတွေလို့ ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Twitter နဲ့ Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပါတယ်။ အဲဒီဓာတ်ပုံဟာ လက်ရှိစစ်တပ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ ခုနှစ် ဇူလိုင်လကတည်းက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က လူပေါင်းများစွာသေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့ မြေစာပုံပြိုကျမှုသတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တုန်းက Twitter ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာပါ။

ဓာတ်ပုံနဲ့အတူ “ငြိမ်ချမ်းစွာဆန္ဒဖော်ထုတ်သူ မြောက်များစွာဟာ ညာတာမှုကင်းမဲ့စွာ ရက်ရက်စက်စက် ဖမ်းဆီးခံခဲ့ရပါတယ်။ အာဏာသိမ်းပြီး ၄၂ ရက်မြောက်နေ့မှာ မြန်မာစစ်တပ်ဟာ လူပေါင်း ၁၂၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး၊ ထောင်နဲ့ချီဒဏ်ရာရစေခဲ့ပါတယ်။ သူတို့က မြန်မာကို လူသတ်ကွင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါပြီ”လို့ အင်္ဂလိပ်လို ရေးသားထားပါတယ်။

(နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ရယူထားတဲ့ screenshot)

AFP ရဲ့ ဒီသတင်းမှာ ဖော်ပြထားသလို မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ကန့်ကွက်ဆန္ဒပြမှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်သူတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တဲ့နောက်ပိုင်း အဲဒီပို့စ်တွေ ပျံ့နှံ့လာခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ထုတ်ပြန်ချက်အရ မငြိမ်မသက်မှုတွေ စတင်ခဲ့တဲ့အချိန်ကစလို့ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်ထိ သေဆုံးသူ အနည်းဆုံး ၁၈၀ ရှိတယ်လို့ AFP ရဲ့ ဒီသတင်းမှာ ဖော်ပြပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ Twitter ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေ အပြင် အဲဒီဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

ကိုရီးယားအွန်လိုင်းဖိုရမ်တစ်ခုဖြစ်တဲ့ Gasengi ရဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ပြောဆိုမှုနဲ့ အဲဒီဓာတ်ပုံကို တင်ထားတာ တွေ့ရပါတယ်။

ဒါပေမယ့် အဲဒီအဆိုဟာ မှားယွင်းပါတယ်။

အဓိကကျတဲ့ သော့ချက်စာကားလုံးတွေ (Keywords)သုံးပြီး ရှာဖွေကြည့်တဲ့အခါ အဲဒီဓာတ်ပုံကို အာဏာသိမ်းမှုမတိုင်ခင်(၇)လအလို ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃ ရက်ကတည်းက Myanmar Update News ဝဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

သတင်းရဲ့ခေါင်းစဉ်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ဖားကန့်မြေစာပုံ ပြိုကျသေဆုံးသည့် ပိုင်ရှင်မပေါ်သူများကို မြေမြုပ် သဂြိုဟ်နေပုံရိပ်များ”(မူရင်းသတ်ပုံအတိုင်း)

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Myanmar Update News ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို Blog တစ်ခုရဲ့ ဒီလင့်ခ်မှာလည်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တုန်းက တင်ထားပါတယ်။ ပို့စ်ရဲ့ခေါင်းစဉ်မှာ “ဖားကန့် မြေပြိုမှု update” လို့ ရေးထားပါတယ်။

ဖားကန့်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ခု ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တုန်းက မိုးအပြင်းအထန်ရွာသွန်းပြီး မြေပြိုမှုဖြစ်ပေါ်ခဲ့လို့ ရေမဆေးကျောက်တူးဖော်သူ ၁၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း AFP ရဲ့ ဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဆင်တူတဲ့ သေဆုံးသူတွေရဲ့ဓာတ်ပုံတွေကို မြန်မာအခြေစိုက် နိရဉ္စရာသတင်းဌာန၊ ခေတ်သစ်သတင်းဌာနတွေရဲ့ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့သလို ကချင်ပြည်နယ်အခြေစိုက် ဒေသခံဓာတ်ပုံဆရာ Zaw Moe Htet ရဲ့ Facebook ပို့စ် မှာလည်း ဖော်ပြခဲ့ပါတယ်။

MYANMAR MILITARY COUP