AA အဖွဲ့ဝင်တွေကို လူရောလက်နက်ပါ တပ်မတော်က ဖမ်းမိတယ်ဆိုတဲ့ ဓာတ်ပုံမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ရခိုင်တပ်မတော် (AA) အဖွဲ့ဝင်တွေကို ဖမ်းမိတယ်လို့ပြောဆိုမှုနဲ့အတူ ဓာတ်ပုံ (၄) ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည် မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ ပျံ့နှံ့နေတဲ့ဓာတ်ပုံတွေဟာ ကိုလံဘီယာနိုင်ငံမှာ ကိုလံဘီယာစစ်တပ်က ပြောက်ကျားသူပုန်အဖွဲ့ (ELN) ကို စစ်ဆင်ရေးလုပ်တုန်းက ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ထဲကနေ screenshot ပြန်ရိုက်ယူထားတဲ့ပုံရိပ်တွေဖြစ်ပါတယ်။

နားလည်မှုလွဲမှားစေတဲ့ပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တုန်းက တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃၁၆ ကြိမ်ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။ 

“#AAအကြမ်းဖက်များနှင့်လက်နက်ခဲယမ်းများဖမ်းမိ
24-10-2020
အခု မိတာပါ
ရခိုင်ပြည်နယ်
ဘုရားပေါင်း ရွာဘုန်းကြီး ကျောင်းမှာ
လူရော့ လက်နက်ပါ မိတာပါ။
သတင်း အပြည့်အစုံကို ပြန်လည်တင်ပြပေးမည်။” (မူရင်းသတ်ပုံအတိုင်း)

တူညီတဲ့ပြောဆိုမှုနဲ့ အလားတူဓာတ်ပုံတွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ 

တကယ်တော့ နားလည်မှုလွဲမှားစေတဲ့ပို့စ်တွေမှာပါဝင်တဲ့ဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလတုန်းက ကိုလံဗီယာစစ်တပ် စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုထဲကပုံရိပ်တွေဖြစ်ပါတယ်။ 

အဓိကကျတဲ့စကားလုံး (keywords) တွေသုံးပြီး ရှာကြည့်တဲ့အခါ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ ပါဝင်နေတဲ့ screenshot တွေအားလုံးဟာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက အလွတ်တန်းသတင်းသမားတစ်ဦးရဲ့ Facebook page ဒီလင့်ခ်မှာ တင်ထားတဲ့ဗီဒီယိုထဲနေယူထားတာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်မှာပါတဲ့ပထမဓာတ်ပုံကို အဲဒီဗီဒီယိုရဲ့ ၁ မိနစ် ၄၆ စက္ကန့်နေရာမှာ၊ ဒုတိယဓာတ်ပုံကိုတော့ ဗီဒီယိုရဲ့ ၁ မိနစ် ၃၂ စက္ကန့်မှာ၊ တတိယပုံကိုတော့ ဗီဒီယိုရဲ့ ၄ စက္ကန့်နေရာမှာ၊ စတုတ္ထပုံကိုတော့ ဗီဒီယိုရဲ့ ၁ မိနစ် ၂၃ စက္ကန့်နေရာမှာ တွေ့ရတာဖြစ်ပါတယ်။ 

နားလည်မှုလွဲမှားစေတဲ့ပို့စ်ပါ ဓာတ်ပုံတွေနဲ့ JAM News Universo Informativo Facebook ဗီဒီယိုပါပုံရိပ်တွေရဲ့ screenshot တွေကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။ 

ကိုလံဘီယာတပ်မတော်ရဲ့အဆိုအရ ဗီဒီယိုမှာမြင်ရတာကတော့ ကိုလံဘီယာအမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) အဖွဲ့ဝင်တွေကို စစ်သားတွေက ဖမ်းဆီးထိန်းသိမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။

ELN ပြောက်ကျားအဖြဲ႔ဟာ ကိုလံဘီယာမှာ နောက်ဆုံးကျန်ရစ်တဲ့ တစ်ခုတည်းသောသူပုန်အဖွဲ့ဖြစ်ပါတယ်။ 

ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်း El Tambo မြို့၊ Cauca အရပ်မှာ ကိုလံဘီယာစစ်တပ်၊ တပ်မဟာ ၃ က စစ်ဆင်ရေးလုပ်တုန်း မှတ်တမ်းတင်ထားတာလို့ ကိုလံဘီယာစစ်တပ်က AFP ကို အတည်ပြုဖြေကြားပါတယ်။

“ဧပြီလတုန်းက ELN အဖွဲ့ဝင် ၂၀ လက်နက်ချပြီး လက်နက်ခဲယမ်းတွေ သိမ်းဆဲရမိတုန်းက မှတ်တမ်းတင်ထားတဲ့ဗီဒီယိုပါ။ ပျောက်ကျားတပ်ဖွဲ့ဝင်တွေ သူတို့သဘောဆန္ဒအလျောက် လက်နက်ချဖို့အကြောင်းကြားလာလို့ တပ်မတော်က ရောက်သွားခဲ့တာပါ” လို့ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ တပ်မဟာ ၃ ရဲ့ ပြောခွင့်ရအမျိုးသမီးတစ်ဦးက ဖြေပါတယ်။ 

ကိုလံဘီယာတပ်မတော်ရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ဧပြီလ ၃၀ ရက်စွဲနဲ့တင်ထားတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို တွေ့ရပြီး လက်နက်ချတဲ့ ပြောက်ကျားတွေဟာ ELN အဖွဲ့ကဖြစ်တဲ့အကြောင်း ရှင်းပြထားတာ တွေ့ရပါတယ်။ အဲဒါအပြင် “ရိုင်ဖယ် ၁၃၊ ပစ္စတို ၃၊ လက်ပစ်ဗုံးလောင်ချာ ၁၊ ဆက်စပ်ပစ္စည်း ၆၀၊ ၄၀ မမ ဗုံး ၂၂၊ လက်ပစ်ဗုံး ၁၁၊ ဖောက်ခွဲရေးပစ္စည်း ၅ နှင့် တပ်ထောက်ပစ္စည်းများကို သိမ်းဆည်းရမိ” လို့ ပြောထားပါသေးတယ်။

သတင်းစာရှင်းလင်းပွဲအကြောင်း AFP ရဲ့သတင်းဗီဒီယိုကိုလည်း YouTube ရဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့က ရဲအကယ်ဒမီတစ်ခုမှာ ကားဗုံးခွဲတိုက်ခိုက်ခံရလို့ ရဲအရာရှိလောင်း ၂၁ ဦး သေဆုံးခဲ့ရပြီးနောက်မှာ အရင်သမ္မတဟောင်း ဂျူအန်မန်နျူဝယ်ဆန်းတို့စ်နဲ့ ELN အဖွဲ့တို့ကြား မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ရှိသမ္မတ Iván Duque Márquez က ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒီကားဗုံးခွဲတိုက်ခိုက်မှုမှာ တိုက်ခိုက်သူကိုယ်တိုင်ပါသေဆုံးခဲ့ပြီး ELN အဖွဲ့ကလည်း သူတို့အဖွဲ့ကလုပ်တာဖြစ်တယ်လို့ ဝန်ခံထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။