Project K အဖွဲ့ရဲ့ တင်ဆက်မှုအပြီး တောင်ကိုးရီးယားအဆောက်အအုံ မီးလောင်တယ်ဆိုတဲ့ သတင်းမှား
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 အောက်တိုဘာ 2020 အချိန် 20h30
- အပ်ဒိတ်ရက်စွဲ 26 အောက်တိုဘာ 2020 အချိန် 09h16
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ ဖြစ်ပါတယ်။ ပို့စ်ကို အကြိမ်ရေ ၃၀၇ ကြိမ် ရှိခဲ့ပါတယ်။
ကိုရီးယားလိုနဲ့ မြန်မာလို ရောပြီးရေးထားတဲ့ ပုံစာမှာ
“울산 아파트 대형화재 (Ulsan အဆောက်အအုံမီးလောင်မှု)ရွှေတိဂုံပုံတော်ကို ခြေနဲ့နင်းခဲ့တဲ့ Project K
ဖျော်ဖြေမှု့အပြီး
တောင်ကိုရီးယားနိုင်ငံ အူးလ်ဆန်တာဝါ
မီးလောင်နေပြီ.....
ထပ် လာအုံးမှာ
#နဝထ” (မူရင်းသတ်ပုံအတိုင်း)” လို့ ရေးသားထားပါတယ်။
အောက်တိုဘာ ၉ ရက်က AFP ရဲ့ ဒီသတင်းမှာ ဖော်ပြထားသလို တောင်ကိုးရီးယားနိုင်ငံ Ulsan မြို့က ၃၃ ထပ်တိုက် အဆောက်အအုံတစ်ခုမှာ အောက်တိုဘာလ ၈ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
အလားတူ မီးလောင်နေတဲ့ဓာတ်ပုံတွေနဲ့ တူညီတဲ့ပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။
ဒါပေမယ့် ဒီပြောဆိုမှုတွေဟာ မှားယွင်းနေပါတယ်။
၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Project K (ပရောဂျက်ကေ) အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံ Ulsan မြို့မှာ ကျင်းပခဲ့တဲ့ အာရှသီချင်းများ ဖျော်ဖြေရေးပွဲတော် (Asia Song Festival) က သူတို့ရဲ့ ဖျော်ဖြမှုကို သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာရဲ့ ဒီလင့်ခ်မှာ တင်ထားပါတယ်။ သူတို့အနေနဲ့ ၂၀၂၀ အောက်တိုဘာလ ၁၀ ရက်က အဲဒီပွဲမှာ ဖျော်ဖြေခဲ့တယ်လို့ ရေးထားပါတယ်။ အဲဒါဟာ Ulsan က အဆောက်အအုံမီးလောင်မှု ဖြစ်ပြီး နှစ်ရက်အကြာမှာ ဖြစ်ပါတယ်။
Project K အဖွဲ့ရဲ့ Facebook ပို့စ်မှာ “၂၀၂၀ခုနှစ် အောက်တိုဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၌ကျင်းပမည့် အာရှသီချင်းများ ဖျော်ဖြေရေးပွဲတော် (Asia Song Festival)တွင် ကျွန်တော်တို့ Project K အဖွဲ့ ဖျော်ဖြေခွင့်ကို တရားဝင်ဖိတ်ကြားခြင်း ခံခဲ့ရပါသည်။ ကျွန်တော်တို့ Project K အဖွဲ့သည် အောက်တိုဘာလ (၁၀)ရက် ကိုရီးယားစံတော်ချိန် ည ၈:၀၀ နာရီ (မြန်မာစံတော်ချိန် ညနေ ၅:၃၀ နာရီ) အချိန်၌ ကိုရီးယားနိုင်ငံတွင်ကျင်းပသည့် Asia Song Festival 2020 ပွဲတွင် ဖျော်ဖြေတင်ဆက်ခွင့်ရခဲ့ပါသည်။” လို့လည်း ရေးထားပါတယ်။
သူတို့အဖွဲ့ရဲ့ ဖျော်ဖြေမှုကို အာရှသီချင်းများ ဖျော်ဖြေရေးပွဲတော်(Asia Song Festival)ရဲ့ တရားဝင် YouTube ချန်နယ်မှာ အောက်တိုဘာ ၁၃ ရက်က တင်ထားတာတွေ့ရပြီး ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
နားလည်မှုလွဲစေနိုင်တဲ့ပို့စ်မှာပါတဲ့ တတိယဓာတ်ပုံကတော့ သူတို့အဖွဲ့ရဲ့ဖျော်ဖြေနေတဲ့ပုံ ဖြစ်ပါတယ်။
ကျန်တဲ့ပုံတွေကတော့ အောက်တိုဘာ ၈ ရက် Ulsan မြို့က အဆောက်အအုံ မီးလောင်မှုသတင်းတွေမှာ ပါဝင်တဲ့ ဓာတ်ပုံတွေနဲ့ တိုက်ရိုက်တူညီနေတာ တွေ့ရပါတယ်။
ပထမပုံကတော့ သြစတြေးလျသတင်းဌာနတစ်ခု ဖြစ်တဲ့ news.com.au ကဖော်ပြတဲ့ ဒီသတင်းက ဓာတ်ပုံနဲ့ တူညီမှု ရှိပါတယ်။
အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါ ပထမဓာတ်ပုံ (ဘယ်) နဲ့ news.com.au ရဲ့ သတင်းပါ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်မှာပါဝင်တဲ့ ဒုတိယပုံနဲ့ ကိုက်ညီတဲ့ ဓာတ်ပုံကိုတော့ တောင်ကိုးရီးယားနိုင်ငံမှာ အင်္ဂလိပ်လိုထုတ်ဝေတဲ့ Korea JoongAng Daily ရဲ့ အဆိုပါမီးလောင်မှုအကြောင်းရေးထားတဲ့ ဒီသတင်းမှာ တွေ့ရပါတယ်။
အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါ ဒုတိယဓာတ်ပုံ (ဘယ်) နဲ့Korea JoongAng Daily ရဲ့ သတင်းပါ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
အဲဒီဓာတ်ပုံတွေဟာ Samhwan Art Nouveau အဆောက်အအုံရဲ့ Google ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါ တူညီမှုရှိတာ တွေ့ရပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်