ပြင်သစ်ကျောင်းဆရာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီးနောက် ပါရီမြို့က လူစုလူဝေးလို့ ဆိုထားတဲ့ ဓာတ်ပုံအမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 အောက်တိုဘာ 2020 အချိန် 23h14
  • အပ်ဒိတ်ရက်စွဲ 28 အောက်တိုဘာ 2020 အချိန် 11h13
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP မြန်မာ
အကြမ်းဖက်မှုတစ်ခုအတွင်း ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ဖြတ်ခံရပြီးတဲ့နောက် ၂၀၂၀ အောက်တိုဘာလမှာ ပြင်သစ်နိုင်ငံ ပါရီမြို့ကလူတွေ ဆန္ဒပြတဲ့မြင်ကွင်းလို့ ဆိုထားတဲ့ ဓာတ်ပုံနှစ်ပုံကို Facebook ပေါ်က ပို့စ်တော်တော်များများမှာ မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီပြောဆိုမှုဟာ မှားယွင်းပါတယ်။ အဲဒီဓာတ်ပုံတွေဟာ ၂၀၁၅ ခုနှစ် ချာလီဟက်ဒို (Charlie Hebdo) မဂ္ဂဇင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်တွေမှာ ဖော်ပြခဲ့တဲ့ ပုံအဟောင်းတွေပါ။

အဆိုပါဓာတ်ပုံတွေကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ ဖြစ်ပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၅၀ ရှိပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံတွေနဲ့ တွဲပြီး တင်ထားတဲ့ပို့စ်မှာ “ပြင်သစ်နိုင်ငံမှာ အစ္စလာမ်  ကျောင်းသားတဦးရဲ့ လုပ်ကြံမှုကြောင့် အစ္စလာမ်ဘာသာကိုစော်ကြတဲ့ အကြမ်းဖက်ကျောင်းဆရာတယောက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ ပြင်သစ်နိုင်ငံသား လူသန်းပေါင်းများစွာဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ ပါတယ်။ အကျိုးဆက်ကတော့ စက်တင်ဘာလက တနေ့ လူ ထောင်ချီကူးနေရာကနေ အောက်တိုဘာလအတွင်း တတိယလှိုင်း အဖြစ် တနေ့ လူ ၅သောင်းကျော်အထိ ကိုဗစ် ကူးစက်မှု တိုးလာပါတယ်။”(မူရင်းသတ်ပုံ) လို့ ဖော်ပြထားပါတယ်။

AFP ရဲ့ ဒီသတင်းမှာ ဖော်ပြခဲ့သလို သမိုင်းသင်ဆရာ ဆင်မြူရယ်ပက်တီဟာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်က အစ္စလာမ်မစ်အကြမ်းဖက်မှုတစ်ခုကြောင့် ပါရီမြို့ဆင်ခြေဖုံးက သူ့ကျောင်းအနီးမှာ ခေါင်းဖြတ်အသတ်ခံခဲ့ရတာပါ။


အောက်တိုဘာ ၁၈ ရက်မှာတော့ ထောင်နဲ့ချီတဲ့လူတွေဟာ ပါရီမြို့က Place de la Republique လို့ခေါ်တဲ့ ပြည်သူသမ္မတရင်ပြင်မှာ စုရုံးပြီး ပက်တီကို ဂုဏ်ပြုခဲ့ကြပါတယ်လို့  France 24 ရဲ့ ဒီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီ အခမ်းအနားနဲ့ ပတ်သက်တဲ့ AFP က ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်နဲ့ ပြောဆိုချက်အလားတူတဲ့ ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

ဒါပေမဲ့ ဒီပြောဆိုမှုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပို့စ်ထဲက ပထမဓာတ်ပုံကို ရိုက်တာ (Reuters) သတင်းဌာနက ဒီလင့်ခ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Image

ဓာတ်ပုံရဲ့ ပုံစာမှာ “၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က ပါရီမြို့ Place de la Republique ရင်ပြင်တွင် ကျင်းပသည့် လူထုစည်းဝေးပွဲ (Rassemblement Republicain)သို့ တက်ရောက်လာသည့် ထောင်သောင်းချီသောလူများ ဝန်းရံထားသည့် လူနာတင်ယာဉ်တစ်စီး မြင်ကွင်း” လို့ ရေးထားပါတယ်။

“ယခုအပတ်အတွင်း ဖြစ်ပွားခဲ့သည့် ချာလီဟက်ဒို (Charlie Hebdo) အပတ်စဉ်သရော်စာသတင်းစာဌာန တာဝန်ရှိသူများ သေနတ်ပစ်ခတ်ခံရမှု၊ Montrouge တွင် ရဲမေတစ်ဦး အသတ်ခံရမှုနှင့် Porte de Vincennes ရှိ ဂျူးစားသောက်ကုန်များရောင်းချသည့် ဈေးဝယ်စင်တာ ဓားစာခံဖမ်းဆီးခေါ်ဆောင်မှုတို့တွင် သေဆုံးနစ်နာခဲ့ရသူများအတွက် တနင်္ဂနွေနေ့က စုရုံးဆန္ဒထုတ်ဖော်သည့် ပြင်သစ်နိုင်ငံသူနိုင်ငံသားများကို ဒါဇင်ချီသော အာရပ်နှင့် မူဆလင်ကိုယ်စားလှယ်များ ပါဝင်သည့် နိုင်ငံခြားခေါင်းဆောင်များက ဝန်းရံခဲ့ကြသည်။ ဓာတ်ပုံ - ရိုက်တာသတင်းဌာန/Charles Platiau” လို့လည်း ဓာတ်ပုံရဲ့ပုံစာမှာ ရေးသားထားပါတယ်။

အောက်မှာ သတင်းမှားပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Reuters သတင်းဌာနရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ screenshot  ဖြစ်ပါတယ်။

Image

ပို့စ်မှာပါတဲ့ ဒုတိယဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ အဲဒီဓာတ်ပုံကို Associated Press (AP) သတင်းဌာနက ဒီလင့်ခ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ပါရီမြို့ Republique ကွင်းပြင်မှာ စုရုံးခဲ့တဲ့ ထောင်ချီတဲ့လူတွေရဲ့ ပုံဖြစ်တယ်လို့ ဆိုထားပါတယ်။

Image

အဲဒီဓာတ်ပုံရဲ့ ပုံစာမှာလည်း “၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့၊ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Republique ရင်ပြင်တွင် စုဝေးခဲ့ကြသည့် ထောင်ချီသော လူများကို အဆောက်အအုံခေါင်မိုးပေါ်မှ ကြည့်ရှုနေကြသူများ။ ပြင်သစ်တွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားနိုင်ကြောင်း သတိချပ်စေခဲ့သည့် သုံးရက်ကြာသွေးထွက်သံယိုမှုများ၌ သေဆုံးသူ ၁၇ ဦးအတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် ထောင်သောင်းချီသောလူများသည် ပြင်သစ်နိုင်ငံ၏ အထင်ကရ Republique Plaza ရင်ပြင်တွင် တနင်္ဂနွေနေ့က ကွင်းအပြည့် တက်ရောက်ကာ ဝမ်းနည်းကြောင်း စုဝေး ထုတ်ဖော်ပြသခဲ့ကြသည်။ (AP ဓာတ်ပုံ /Peter Dejong)” လို့ ရေးထားပါတယ်။

အောက်မှာ သတင်းမှားပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AP သတင်းဌာနရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ screenshot  ဖြစ်ပါတယ်။

Image

နားလည်မှုလွဲမှားစေတဲ့ပို့စ်မှာ ကျောင်းဆရာပက်တီသေဆုံးမှု နောက်ပိုင်း ဖြစ်လာတဲ့ လူစုလူဝေးကြောင့် “စက်တင်ဘာလက တစ်နေ့ လူထောင်ချီကူးနေရာကနေ အောက်တိုဘာလမှာ တတိယလှိုင်းအဖြစ် တစ်နေ့ လူ ငါးသောင်းကျော်အထိ ကိုဗစ် ကူးစက်မှု တိုးလာပါတယ်”လို့ ဖော်ပြထားပါတယ်။

အဲဒီပြောဆိုမှုကလည်း နားလည်မှုလွဲမှားစေနိုင်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ၂၀၂၀ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အတည်ပြုလူနာ နေ့စဉ်တိုးလာခဲ့တာ မှန်ကန်ပေမယ့်၊ အောက်တိုဘာ ၂၈ ရက်နေ့ထိ အတည်ပြုလူနာအရေအတွက် ၅၀,၀၀၀ ကျော်တဲ့အကြိမ်ရေ တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့အချက်အလက်တွေအရ အောက်တိုဘာ ၂၆ ရက်မှာ အတည်ပြုလူနာ ၅၂,၀၁၀ ဦး ရှိခဲ့တာပါ။

အဲဒီကိန်းဂဏန်းစာရင်းဇယားတွေအရ အောက်တိုဘာ ၁ ရက်ကနေ ၂၈ ရက်အထိ နေ့စဉ်အတည်ပြုလူနာ ၄,၈၁၃ ဦးကနေ ၅၂,၀၁၀ ဦးထိ ရှိခဲ့ပါတယ်။

Place de la Republique (ပြည်သူ့သမ္မတရင်ပြင်)က လူထုစည်းဝေးပွဲကြောင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မြင့်တက်လာတယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ သတင်းတွေ မတွေ့ရပါဘူး။ ဒါပေမဲ့ ဒီ AFP သတင်းမှာ ဖော်ပြထားသလို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် တင်းကြပ်တဲ့ ညမထွက်ရအမိန့်တစ်ခုကို ပါရီမြို့မှာ ၂၀၂၀ အောက်တိုဘာလလယ်က ထုတ်ပြန်ခဲ့ပါတယ်။

လတ်တလောမှာ ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန်ဟာ အောက်တိုဘာလ ၂၇ ရက်က ဝန်ကြီးတွေနဲ့ အစည်းဝေးတစ်ခုပြုလုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ တားဆီးကာကွယ်ရေးနဲ့ ပတ်သက်တဲ့ တားမြစ်ကန့်သတ်ချက်တွေကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ယူဆရပါတယ်။ ဒီ AFP သတင်းမှာ ဖော်ပြထားသလို ကန့်သတ်ချက်တွေထဲမှာ “ညမထွက်ရအမိန့် အချိန်တိုးချဲ့တာ၊ ရုံးပိတ်ရက်တွေမှာ သွားလာမှု အပြည့်အဝ ကန့်သတ်တာတွေအပြင် ရောဂါဖြစ်ပွားမှုအပြင်းထန်ဆုံးနေရာတွေကို အသွားအလာကန့်သတ်တာတွေ” ပါဝင်နိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်