မြန်မာပြည်သူတွေ NLD ကို မဲပေးကြဖို့ သမ္မတဒေါ်လ်နယ်ထရန့် တိုက်တွန်းတယ်ဆိုတဲ့ ဓာတ်ပုံအမှား
- ဤဆောင်းပါးသည် သက်တမ်းငါးနှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 နိုဝင်ဘာ 2020 အချိန် 06h18
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 06 နိုဝင်ဘာ 2020 အချိန် 09h51
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP မြန်မာ
အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ ဖြစ်ပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၄,၄၀၀ ကျော် ရှိပါတယ်။

A screenshot of the misleading post
ပုံနဲ့အတူတွဲပြီး တင်ထားတဲ့ပို့စ်မှာ “အနိုင်ရရှိသွားတဲ့ Trump က မြန်မာပြည်သူပြည်သားတွေအားလုံး NLDကိုမဲပေးကြပါတဲ့။ credit ;”(မူရင်းသတ်ပုံ) လို့ ရေးထားပါတယ်။
အဲဒီပုံထဲမှာ သမ္မတဒေါ်လ်နယ်ထရန့်ရဲ့ လက်မထောင်ပြနေတဲ့ပုံ ပါဝင်ပြီး၊ “NLD” လို့ စာသားပါတဲ့ အနီရောင်ဦးထုပ်ကို ဆောင်းထားတယ်။ ပုံရဲ့အောက်ခြေမှာတော့ “NLD နိုင်ရမည်” လို့ ရေးထားပါတယ်။
NLD ဆိုတာ မြန်မာနိုင်ငံရဲ့လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရည်ညွှန်းတာပါ။
ဒီ AFP သတင်းမှာ ဖော်ပြသလိုပဲ လာမယ့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီဓာတ်ပုံနဲ့ တူညီတဲ့ပြောဆိုမှုကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဒီရေးသားပြောဆိုမှုတွေက မှားယွင်းပါတယ်။
ပို့စ်မှာပါဝင်တဲ့ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာတော့ အဲဒီဓာတ်ပုံကို ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က Getty Images လို့ခေါ်တဲ့ ဓာတ်ပုံဝက်ဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာ တင်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံရဲ့ပုံစာမှာ “ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်လ်နယ်ထရန့်သည် ၎င်း၏စကော့တလန်ဂေါက်ကွင်းသို့ သွားရောက်လည်ပတ်ခဲ့သည်”လို့ ရေးထားပါတယ်။
အောက်မှာ သတင်းမှားပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Getty Images က ဖော်ပြထားတဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Screenshot comparison of the photo in the misleading post (L) and the Getty Images photo (R)
CNN နဲ့ AP သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းအထိ အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရသူကို တရားဝင်ကြေညာထားခြင်း မရှိသေးပါဘူး။
သမ္မတထရန့်ရဲ့ Twitter စာမျက်နှာနဲ့ သမ္မတအိမ်ဖြူတော်တရားဝင်ထုတ်ပြန်ချက်တွေကို ရှာဖွေကြည့်တဲ့အခါမှာလည်း ပြီးခဲ့တဲ့ရက်တွေအတွင်း မြန်မာနိုင်ငံ ဒါမှမဟုတ် NLD ပါတီနဲ့ပတ်သက်ပြီး ရည်ညွှန်းပြောဆိုထားတာမျိုး မတွေ့ရပါဘူး။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်