Myanmar's State Counsellor Aung San Suu Kyi casts an advance vote at a polling station in Naypyidaw on October 29, 2020. (Photo by Thet Aung / AFP) (AFP / Thet Aung)

ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည် မဲရှုံးတယ်ဆိုတဲ့သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အရေးနိမ့်ခဲ့တယ်လို့ဆိုထားတဲ့ ဗီဒီယိုဖိုင်တစ်ခု Facebook ပေါ်မှာပျံ့နှံ့နေပြီး ကြည့်ရှုတဲ့အရေအတွက် သောင်းနဲ့ချီရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မနက်ပိုင်းအထိ မြန်မာ့အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေကို တရားဝင်ထုတ်ပြန်ကြေညာတာမျိုးမရှိသေးသလို ဒေါ်အောင်ဆန်းစုကြည်ပဲ ဆက်လက်အနိုင်ရရှိမယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

နားလည်မှုလွဲစေနိုင်တဲ့ဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ကြည့်ရှုသူ ၄၃,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃,၀၀၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

တစ်မိနစ်ကြာမြင့်တဲ့ဗီဒီယိုမှာ အမျိုးသားတစ်ဦးက အခုလိုပဲ ပြောနေတာဖြစ်ပါတယ်။ “မင်္ဂလာပါဗျာ..၊ သတင်းကောင်းပြောမလို့၊ သတင်းကောင်း..၊ ကော့မှူးမှာ..ကော့မှူးမှာ ဦးကျိုးသွားပြီတဲ့။ ကော့မှူးမှာ ဒိုးသွားပြီတဲ့.. အဲဒီသတင်းလေးကြားတယ်။ ကျနော့်ကို အတည်ပြုပေးကြပါ။ ကော့မှူးမှာရှိတဲ့လူတွေ ကျွန်တော့်ကို အတည်ပြုပေးကြပါနော်။ ကော့မှူးမှာ ဒိုးသွားပြီတဲ့ သိလား။ ကျွန်တော် အဲဒီလိုပြောတာကို နားမလည်တဲ့လူတွေကို ဒဲ့ပဲပြောပါတယ်။ ကော့မှူးမှာ ရှုံးသွားပြီတဲ့.. ဟိုဟာကြီး..၊ တပ်ဦးကျိုးသွားပြီတဲ့.. အဲဒါလေး သိဖို့ပါ။ ကျွန်တော်တို့ ထူးခြားတာလေးတွေ ထပ်တင်ပေးပါမယ်ခင်ဗျ။ ကျေးဇူးပါ”

ကော့မှူးဆိုတာ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ဒီအကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ဖတ်လို့ရပါတယ်။ မြန်မာပြည်တွင်းမီဒီယာတွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ သတင်းရေးသားချက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ အလားတူဗီဒီယိုကို ဒီလင့်ခ်မှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ 

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကော့မှူးမြို့နယ်က ရွေးကောက်ပွဲရလဒ်တွေကို မြန်မာအစိုးရတာဝန်ရှိသူတွေ တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

နားလည်မှုလွဲစေတဲ့ဗီဒီယိုနဲ့ပတ်သက်လို့ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ည ၈ နာရီ ၃၀ အချိန်မှာ AFP က ဆက်သွယ်မေးမြန်းတဲ့အခါ ကော့မှူးမြို့နယ်မှာ မဲတွေကို ရေတွက်နေတုန်းပဲရှိသေးတဲ့အကြောင်းနဲ့ တရားဝင်မဲရလဒ်ကို မကြေညာသေးတဲ့အကြောင်း မုံရွာဦးအောင်ရှင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

“ကျွန်တော်တို့ (NLD) က ရန်ကုန်တိုင်းဒေသကြီးမှာ နေရာအများစုမှာ အနိုင်ရရှိနေပါတယ်။ ကော့မှူးမှာလည်း ကျွန်တော်တို့ အခြေအနေကောင်းပါတယ်။ ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည်အရေးနိမ့်တယ်ဆိုတဲ့သတင်းက လုံးဝအမှားပါ။ တရားဝင်နောက်ဆုံး မဲရလဒ်ကို မကြေညာရသေးပါဘူး” လို့ မုံရွာဦးအောင်ရှင်က ဆိုပါတယ်။

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကလည်း “အကြိုမဲရလဒ်တွေအရ အတိုင်ပင်ခံနဲ့ သမ္မတ မဲဆန္ဒနယ်မှာလည်း ၂၀၁၅ ထက်ကို မဲရလဒ် ပိုကောင်းပါတယ်" လို့ နိုဝင်ဘာ ၉ ရက် နေ့လယ်က AFP နဲ့အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၁၁ နာရီ ၃၀ အချိန်အထိ ကော့မှူးမြို့နယ်မဲရလဒ်နဲ့ပတ်သက်လို့ NLD ရဲ့ ရွေးကောက်ပွဲအခြေအနေပြ dashboard မှာ ဖော်ပြထားခြင်းမျိုး မရှိသေးပါဘူး။

နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းအထိ မြန်မာ့ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်တစ်စုံတစ်ရာကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Myanmar Now ရဲ့သတင်းအရလည်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲအနိုင်ရသူစာရင်းကို ထုတ်ပြန်ကြညာခြင်းမရှိသေးဘူးလို့ သိရပါတယ်။