An official takes a temperature of a man to halt the spread of Covid-19 coronavirus before voting at a polling station outside a mosque in Yangon on November 8, 2020. (Photo by Ye Aung THU / AFP) (AFP / Ye Aung Thu)

ရုရှားထုတ် ထိုးဆေးကို COVID-19 ကာကွယ်ဆေးအနေနဲ့ WHO သတ်မှတ်တယ်ဆိုတဲ့သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 နိုဝင်ဘာ 2020 အချိန် 08h58
  • အပ်ဒိတ်ရက်စွဲ 11 နိုဝင်ဘာ 2020 အချိန် 08h59
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
ရုရှားနိုင်ငံထုတ်ထိုးဆေးကို COVID-19 တရားဝင်ကုသဆေးအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတ်မှတ်လိုက်တယ်ဆိုပြီး blog တစ်ခုမှာရေးထားတဲ့ပို့စ်ကို Facebook ပေါ်မှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြောဆိုမှုဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ လက်ရှိအချိန်အထိ WHO က ဘယ်ထိုးဆေးကိုမှ COVID-19 ကုသဆေးအနေနဲ့ တရားဝင်သတ်မှတ်ကြေညာထားတာမျိုး မရှိသေးပါဘူး။

နားလည်မှုလွဲမှားစေတဲ့ပို့စ်ကို မြန်မာဝဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က တင်ထားတာ ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

နားလည်မှုလွဲစေတဲ့စာစုရဲ့ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “WHO ရုရှားထုတ်ဆေးကို ကိုဗစ်ကာကွယ်ဆေးအဖြစ် သတ်မှတ်လိုက်ပြီ”

အဲဒီစာစုမှာပါဝင်တဲ့စာသားအချို့ကတော့ အခုလိုပါ။ “ရုရှားက ၎င်းတို့၏ ကိုဗစ် ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုဆေးဝါး သတ်မှတ်ပေးရန် WHO သို့ လျှောက်ထား

ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(RDIF) က ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေး Sputnik V ကို အရေးပေါ် အသုံးပြုဆေးဝါးစာရင်းမှာ ထည့်သွင်းပေးဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ထံ လျှောက်ထားလိုက်ကြောင်း ရုရှားရဲ့ ကိုယ်ပိုင်စီမံပိုင်ခွင့်ရှိ ရန်ပုံငွေအဖွဲ့က အင်္ဂါနေ့(အောက်တိုဘာ ၂၇) မှာ ပြောဆိုပါတယ်” (မူရင်းသတ်ပုံအတိုင်း)

အဲဒီစာစုကို Facebook မှာလည်း လူတော်တော်များများ ပြန်လည်မျှဝေနေကြပြီး ဥပမာအားဖြင့် ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်မျှဝေထားတာ တွေ့နိုင်ပါတယ်။

ဒါပေမယ့် ဒီစာစုမှာတပ်ထားတဲ့ခေါင်းစဉ်က နားလည်မှုလွဲစေနိုင်ပါတယ်။ 

WHO ဟာ ဘယ် COVID-19 ဆေးကိုမှ တရားဝင်အတည်ပြုထားခြင်းမျိုးမရှိသေးပါဘူး။ WHO ရဲ့ ဝဘ်ဆိုဒ်မှာလည်း “COVID-19 ရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ ဒါမှမဟုတ် ကုသနိုင်တဲ့ဆေးဝါး မရှိသေးပါဘူး” လို့ ပြောထားပါတယ်။

နောက်ပြီး အဲဒီဝက်ဘ်ဆိုဒ်မှာပဲ လက်ရှိအချိန်မှာ ဘယ်လိုထိုးဆေးမှ မရှိသေးဘူးလို့လည်း ရှင်းရှင်းလင်းလင်း ပြောထားပါသေးတယ်။ “ဒီနေ့အထိ COVID-2019 ကို ကြိုတင်ကာကွယ်ဖို့ ဒါမှမဟုတ် ကုသဖို့  ထိုးဆေးမရှိသေးသလို တရားဝင် သီးသန့်သတ်မှတ်ထားတဲ့ ပိုးသတ်ဆေးလည်း မရှိသေးပါဘူး”

ရုရှားနိုင်ငံရဲ့ ထိုးဆေးထုတ်လုပ်ငန်းကို ကြီးကြပ်ရတဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေအဖွဲ့ဟာ ရုရှားနိုင်ငံထုတ် Sputnik V ကိုရိုနားဗိုင်းရပ်စ်ထိုးဆေးကို အရေးပေါ်အသုံးပြုခွင့်ရဖို့ WHO မှာ လျှောက်ထားတဲ့အကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တုန်းက ကြေညာချက်ထုတ်ပြန်ထားတာ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ကြေညာချက်ပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။ “ကမ္ဘာ့ပထမဆုံးမှတ်ပုံတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဆေး Sputnik V ထိုးဆေးကို အရည်အချင်းသတ်မှတ်ချက်ပြည့်မီဖို့နဲ့ အရေးပေါ်သုံးစွဲခွင့်ရဖို့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေအဖွဲ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှာ လျှောက်လွှာတင်သွင်းထားပါတယ်။ Sputnik V ဟာ လူ့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးမွှားတွေကို သေချာလေ့လာသုတေသနပြုပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်” 

အဲဒီထိုးဆေးကို နိုဝင်ဘာလ ၁၁ ရက်နေ့အထိ အတည်ပြုရခြင်းမရှိသေးပါဘူး။

လက်ရှိအချိန်မှာ COVID-19 ထိုးဆေးများစွာကို စမ်းသပ်နေဆဲဖြစ်ပါတယ်။ အမေရိကန်ဆေးဝါးထုတ်လုပ်ငန်းကြီးဖြစ်တဲ့ Pfizer ကတော့ သူတို့ထုတ်ထားတဲ့ဆေးဝါးဟာ ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်တဲ့အတွက် နှစ် ၁၀၀ အတွင်းအဆိုးဆုံးကပ်ရောဂါကြီးကို အဆုံးသတ်ဖို့ မျှော်လင့်ချက်တွေ မြင့်တက်လာစေခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ရေးသားထားတဲ့ AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ဒါရိုက်တာ Tedros Adhanom Ghebreyesus က ဒီသတင်းထွက်ပေါ်လာမှုအပေါ် ကြိုဆိုအကြောင်း ပြောဆိုခဲ့ပါတယ်။ “ကမ္ဘာကြီးက COVID-19 ကို ငြီးငွေ့လာပုံရတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေကိုတော့ ငြီးငွေ့ပုံမရဘူး” လို့လည်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်