Election officials count votes at a polling station, after polls closed, in Yangon on November 8, 2020. (Photo by Ye Aung THU / AFP) (AFP / Ye Aung Thu)

ရွေးကောက်ပွဲမသမာမှုတွေကို စစ်ဆေးဖို့ ရွေးကောက်ပွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတယ်ဆိုတဲ့သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာ့ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ကော်မရှင်တစ်ရပ်ဖွဲ့စည်းလိုက်တယ်လို့ ဆိုထားတဲ့ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ရွေးကောက်ပွဲရလဒ်ကို မြန်မာတပ်မတော်က မကြာခင်ကြေညာသွားမှာဖြစ်တယ်လို့လည်း အဲဒီပို့စ်တွေမှာ ဆိုထားပါသေးတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ အဲဒီလိုမျိုး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့အကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၄၀၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ပို့စ်ပါ စာသားအချို့ကတော့ အခုလိုပဲဖြစ်ပါတယ်။ 
“#အရေးပေါ်သတင်းထူး
……………………………
UEC ၏ ရွေးကောက်ပွဲ မဲမသမာမှုဖြင့်
အာဏာရ NLD အစိုးရအား အနိုင်ရှိစေရန်
ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့သည့် အတွက်
မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့
ရောက်ရှိလာသော တိုင်တန်းစာ 3568 စောင်အား
အရေးယူစုံစမ်းရန် တပ်မတော်(စရဖ)
မြန်မာနိုင်ငံရဲတပ်ဖွဲ့ CID တပ်မတော်
သတင်းထောက် အရပ်ဘက်သတင်းထောက် နှင့်
ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ စုဖွဲ့ထားသော
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည် ။”

“နိုင်ငံသူနိုင်ငံသားများအနေဖြင့်
လူမှုကွန်ယက်ပေါ်ရှိ အကောင့်များ pageများ
သတင်းဌာနအားလုံး၏
မည်သည့်ထုတ်ပြန်ချက်များကို အတည်မယူပဲ
မဲရလဒ်များကို တပ်မတော်သတင်းပြန်ကြားရေးမှ
လိုရင်းတိုရှင်း ထုတ်ပြန်မည့် ရလဒ်များကို
စောင့်မျှော် နားထောင်ကြရန်” (မူရင်းရေးသားချက်အတိုင်း)

မြန်မာ့အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲအကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဟာ ရွေးကောက်တင်မြှောက်ခံရတဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စာရင်းကို အပြီးသတ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူပို့စ်တွေကို ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။ 

အဲဒီပို့စ်တွေဟာ “ယုံကြည်လို့မရတဲ့သတင်းရင်းမြစ်တွေ” ကနေ ပေါ်ပေါက်လာတာဖြစ်တယ်လို့  နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက AFP နဲ့ အင်တာဗျူးမှာ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက ပြောပါတယ်။ 

“သတင်းအမှားတွေ၊ တက်လာတဲ့ Source တွေကို ဘယ်လောက်ခိုင်မာမှုရှိလဲဆိုတာ စိစစ်ဖို့လိုပါတယ်။ နောက်တစ်ချက်က အဲဒါကို စိစစ်ဖို့ ကော်မရှင်ဖွဲ့တယ်ဆိုတာ ပြည်ထောင်စုအဆင့်မှာ သမ္မတကပဲ လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါမျိုးတွေကို ယုံကြည်ဖွယ်ရာ မရှိတဲ့ သတင်းရင်းမြစ်ဆိုရင်တော့ အထူးဂရုစိုက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်” လို့ ဦးကြည်တိုးက AFP ကိုပြောပါတယ်။ 

မြန်မာ့တပ်မတော်ကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ဆက်စပ် ကြေညာချက်တစ်စောင်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့မှတ်ချက်ပေးစကားတွေ ပါဝင်ခဲ့ပါတယ်။ ကြေညာချက်ပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။ “ယခုအချိန်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ခြင်း၊ COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်း”

အဓိကကျတဲ့စကားလုံး (keywords) ပေါင်းများစွာအသုံးပြုပြီးရှာဖွေပေမယ့် “ရွေးကောက်ပွဲစုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့စည်းတယ်ဆိုတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးဝဘ်ဆိုဒ်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝဘ်ဆိုဒ်တွေအပါအဝင် အခြားအစိုးရဝဘ်ဆိုဒ်တွေမှာ တစ်စုံတစ်ရာထုတ်ပြန်ကြေညာထားတာမျိုး မတွေ့ရှိရပါဘူး။