Supporters of the National League for Democracy (NLD) party on a motorcade pass supporters of the opposition Union Solidarity and Development Party (USDP), seen at left, during a campaign in Wundwin, near Mandalay on September 19, 2020. (Photo by Kyaw Thet Zin / AFP) (AFP / Kyaw Thet Zin)

ရွေးကောက်ပွဲမတိုင်ခင် မြန်မာ့လက်ရှိအာဏာရပါတီအပေါ် လူထုယုံကြည်မှုကျဆင်းနေတယ်ဆိုတဲ့ စစ်တမ်းအတု

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ရွေးကောက်ပွဲအကြို စစ်တမ်းတစ်ရပ်အရ လာမယ့် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် လက်ရှိအာဏာရ NLD ပါတီကို လူထုယုံကြည်မှုကျဆင်းလာနေတယ်လို့ပြောဆိုထားမှုနဲ့အတူ ဓာတ်ပုံတစ်ပုံကို Facebook ပို့စ်ပေါင်းများစွာနဲ့ blog စာမျက်နှာတွေပေါ်မှာ အကြိမ်ရေ ရာနဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒါဟာ မှားယွင်းနေပြီး မြန်မာ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကရော NLD ပါတီကပါ ဒီဓာတ်ပုံမှာပါဝင်တဲ့ကိန်းဂဏန်းအချက်အလက်တွေဟာ အတုသာဖြစ်တယ်လို့ အတည်ပြုထားကြပါတယ်။ အဓိကကျတဲ့စကားလုံး (keywords) ပေါင်းများစွာသုံးပြီး ရှာကြည့်တဲ့အခါမှာလည်း အဲဒီလိုစစ်တမ်းကောက်ယူမှုမျိုး လုပ်ခဲ့ဖူးတဲ့သက်သေအထောက်အထားတစ်စုံတရာ မတွေ့ရပါဘူး။

အဲဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တုန်း Facebook ရဲ့ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၉၀ ကျော် ရှိခဲ့ပါတယ်။ 

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ရဲ့ screenshot

ဓာတ်ပုံမှာ စက်ဝိုင်းပြဇယား (pie chart) နှစ်ခုပါပြီး လက်ရှိအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အတိုက်အခံဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) တို့အကြား လူထုယုံကြည်မှုကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။ စက်ဝိုင်းပြဇယားနှစ်ခုမှာတော့ NLD အပေါ် လူထုယုံကြည်မှုဟာ ၂၀၁၅ ခုနှစ်တုန်းက ၈၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ မှာတော့ ၁၃ ရာခိုင်နှုန်းပဲရှိတော့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒီအကြောင်းနဲ့ပတ်သက်တဲ့ AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ 

ပို့စ်မှာပါဝင်တဲ့ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ဒေါ်စုကြည် သည် လူထုရဲ့ယုံကြည်မှု့အနိမ့် ဆုံး အဆင့်သို့ကျဆင်းသွားဘီဟု စစ်တမ်းကဖော်ပြ” (မူရင်းအတိုင်း)

ပို့စ်မှာပါဝင်တဲ့စာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။ “လွတ်လပ်တဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး
အဖွဲ့ကပြုလုပ်ခဲ့တဲ့
(၂၀၁၉)ခုအောက်တိုဘာလ(၉)ရက်မှ
(၂၀၂၀)အောက်တိုဘာလ(၉)ရက်အထိ
(၁)နှစ်တိတိကြာအောင်ပြုလုပ်ခဲ့တဲ့
စစ်တမ်းအရ
” တခါကမြန်မာပြည်သူများ၏ မျှော်လင့်ချက်ဖြစ်ခဲ့သော ဒေါ်စုကြည်ဟာ ယခုအခါ လူထု၏ယုံကြည်မှု့အနိမ့်ဆုံးအဆင့်သို့ကျဆင်းသွား ဘီ” ဟု
ပြသနေသည်။” (မူရင်းအတိုင်း)

အဲဒီပို့စ်မှာ “PEMG ရဲ့ စစ်တမ်းကောက်ယူမှု” ကို ကိုးကားထားပြီး မြို့နေလူဦးရေ ၂၅ ရာခိုင်နှုန်းနဲ့ ကျေးလက်နေလူထု ၁၀ ရာခိုင်နှုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံနေတယ်လို့ ဖော်ပြထားပါတယ်။

အလားတူဓာတ်ပုံကို Radio Free Myanmar (RFM) ဆိုတဲ့ဝက်ဘ်ဆိုဒ်တစ်ခုကလည်း ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါတယ်။ RFM ဟာ သတင်းမှားတွေဖြန့်ဝေနေတဲ့ကွန်ယက်တစ်ခုဆိုပြီး Frontier Myanmar သတင်းဌာနရဲ့ ဒီလင့်ခ်မှာ ရေးသားခဲ့ဖူးပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။

အဓိကကျတဲ့စကားလုံး (keywords) ပေါင်းများစွာသုံးပြီး ရှာကြည့်တဲ့အခါမှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေမှာကိုးကားထားတဲ့ “လွတ်လပ်တဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး

အဖွဲ့ (PEMG)” နဲ့ပတ်သက်လို့ မှတ်တမ်းအထောက်အထားတစ်စုံတရာ မတွေ့ရပါဘူး။ 

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဒီစစ်တမ်းဟာ “သတင်းအချက်အလက်အတု” တွေကို ဖော်ပြထားတာဖြစ်ပြီး PEMG ဆိုတဲ့နာမည်နဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဆိုတာကို မကြားဖူးဘူးဆိုတဲ့အကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့မှာ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင် AFP ကို ပြောပါတယ်။ 

"ဒေါ်အောင်ဆန်းစုကြည်ကို ၁၃ ရာခိုင်နှုန်းပဲ ထောက်ခံတော့တယ်လို့ ပြောတယ်ဆိုတာ သတင်းအမှားပါပဲ။ ရွေးကောက်ပွဲနီးလာလို့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သတင်းအမှားနဲ့ တိုက်ခိုက်တဲ့ဟာ ဖြစ်တယ်။ ရွေးကောက်ပွဲနားနီလာတော့ ပိုပြီးတော့ သတင်းအမှားနဲ့ တိုက်ခိုက်တာတွေ ပိုပိုပြီးတွေ့လာရတယ်" လို့ မုံရွာအောင်ရှင်က ပြောပါတယ်။ 

မြန်မာ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections - PACE) အဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာကိုဟန်စိုးထွန်းကတော့ AFP ကို အခုလို ဖြေပါတယ်။ “ကျွန်တော့်အနေနဲ့ ပြောရရင် သူရဲ့တွေ့ရှိချက်မှာ methodoloy ဖော်ပြမထားဘူး။ စစ်တမ်းရဲ့နည်းစနစ်ပေါ့၊ လူဘယ်လောက်ကို ကောက်တယ်ဆိုတာမျိုး  ဖော်ပြမထားဘူး။ တယ်လီဖုန်းနဲ့ကောက်တာလား၊ မြေပြင်မှာ ကောက်တာလား ပြည့်ပြည့်စုံစုံ မဖော်ပြထားဘူး။ ဒီစစ်တမ်းရဲ့ခိုင်လုံမှုက အားမကောင်းဘူး။ နောက်ပြီး ပါဆင်နယ်အရ ပြောရရင် PEMG ကို ကျွန်တော် မသိပါဘူး”

PACE ရဲ့ စစ်တမ်းကောက်ယူမှုတစ်ခုအရ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုယုံကြည်မှုဟာ ၂၀၁၉ ခုနှစ်မှာ ၇၀ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၀ ခုနှစ်မှာ ၇၉ ရာခိုင်နှုန်းအထိ တိုးလာတယ်ဆိုတဲ့အကြောင်း ဧရာဝတီသတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်ကို ဒီလင့်ခ်မှာ တွေ့ရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူထုအများစုရဲ့အမြင်မှာ အထူးလေးစားရတဲ့ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရှိနေတုန်းပါပဲ” လို့ အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။