Myanmar's political leader Aung San Suu Kyi wears a face shield as she attends a ceremony to mark the 32nd anniversary of the National League for Democracy (NLD) in Naypyidaw on September 27, 2020. (AFP / Thet Aung)

မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရင်ရတော့မယ်လို့ အာဏာပိုင်တွေကြေညာတယ်ဆိုတဲ့သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 အောက်တိုဘာ 2020 အချိန် 08h43
  • နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 16 အောက်တိုဘာ 2020 အချိန် 09h04
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
၂၀၂၀ နှစ်ကုန်ရင် မြန်မာနိုင်ငံသားတွေအတွက် COVID-19 ကာကွယ်ဆေး ရတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ Facebook ပို့စ်တွေကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလထဲမှာ အကြိမ်ရေ ထောင်နဲ့ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း COVID-19 ထိုးဆေးတစ်လုံးကို မြန်မာငွေ ၄၀၀၀ ကျပ်နဲ့ ရအောင်လုပ်ပေးဖို့ကြေညာထားတယ်ဆိုပြီး အဲဒီပို့စ်တွေမှာ ပြောထားပါသေးတယ်။ ဒါပေမယ့် ဒီအဆိုဟာမှားယွင်းနေပြီး နားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေမှာ ကိုးကားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံမိန့်ခွန်းမှာ မြန်မာနိုင်ငံက COVID-19 အရေးပေါ်လူနာတွေကို Remdesivir ဆိုတဲ့ဆေးနဲ့ ကုပေးနေတယ်လို့ပဲ ပါဝင်ပါတယ်။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ကမ္ဘာတစ်ဝန်း စမ်းသပ်နေဆဲဖြစ်တဲ့ မည်သည့် COVID-19 ထိုးဆေးကိုမှ ရောဂါကူးစက်တဲ့လူနာတွေအတွက် သုံးလို့ရပြီဆိုပြီး WHO က တရားဝင်အတည်ပြုပေးတာမျိုး မရှိသေးပါဘူး။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၀၀၀ ကျော် ရှိပါတယ်။

ပို့စ်ပါ စာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။ “မြန်မာနိူင်ငံတနိုင်ငံလုံးအတွက် ဝမ်းသာစရာသတင်းပါ ယနေ့ထုတ် စံတော်ချိန်သတင်းစာနှင့် TV မှာပါ အမေစု ကိုယ်တိုင်ကြေငြာသွားပါပြီ 2020 နှစ်ကုန်ပိုင်းမှာ (၁၂)လပိုင်းပေါ့ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပါပြီ။ ဆေး ၁ လုံးကိုယ်လည်း မြန်မာကျပ်ငွေ ၄၀၀၀/ကျပ်ဖြင့် ရအောင်ဆောင်ရွက်ပေးပါမည်လို့ WHO ကလည်းတရားဝင်ပြောကြားထားပါတယ်” (မူရင်းသတ်ပုံအတိုင်း)

Image

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot 

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုတွေဟာ မှားယွင်းနေတာပါ။ 

နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ စံတော်ချိန်သတင်းစာရဲ့ Facebook ပို့စ်ကိုလည်း ရည်ညွှန်းဖော်ပြထားပါသေးတယ်။ စံတော်ချိန်သတင်းရဲ့ပို့စ်ကို အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ၂၀၂၀ နှစ်ကုန်ရင် COVID-19 ထိုးဆေးရမယ်လို့ ဖော်ပြထားတာမျိုး မပါဝင်ပါဘူး။

စံတော်ချိန်သတင်းစာရဲ့ခေါင်းစဉ်ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ 
“◾ မြန်မာတွင် COVID-19 ပြင်းထန်လူနာများကို အမေရိကန်သမ္မတအား ကုပေးသည့်ဆေးဖြင့် ကုသပေး
◾ အဆိုပါ Remdesivir ဆေးကို COVID-19 ကုသဆေးအဖြစ်သတ်မှတ်၍ မရသေးဟုဆို”

စံတော်ချိန်သတင်းစာပါ စာသားတချို့ကတော့ အခုလိုပါ။ 

“မြန်မာနိုင်ငံမှ COVID-19 ပြင်းထန်လူနာများကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အားကုသပေးသည့် (Remdesivir) ဆေးအမျိုးအစားဖြင့် ကုသေပေးနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရားဝင်အသိပေးပြောကြားလိုက်သည်။”

စံတော်ချိန်သတင်းမှာ ရိုက်တာသတင်းတစ်ပုဒ်ကိုလည်း ကိုးကားဖော်ပြထားပါသေးတယ်။ “Remdesivir ဆေးအမျိုးအစားမှာ အိန္ဒိယနိုင်ငံမှထုတ်လုပ်သည့်ဆေးအမျိုးအစားဖြစ်ပြီး ထိုးဆေးတစ်လုံး၏တန်ဖိုးမှာ အိန္ဒိယတွင် ရူပီး ၅၀၀၀ ကျသင့်ပြီး အမေရိကန်ဒေါ်လာအားဖြင့် ၆၆ ဒေါ်လာရှိကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ရုပ်သံမိန့်ခွန်းမှာ မြန်မာနိုင်ငံအတွက် COVID-19 ထိုးဆေးရမယ့် အချိန်ကာလအတိအကျကို ထည့်သွင်းပြောဆိုထားတာမျိုး မရှိပါဘူး။ COVID-19 ရောဂါပြင်းထန်တဲ့လူနာတွေအတွက် လက်ရှိအသုံးပြုနေတဲ့ Remdesivir ဆေးကိုပဲ ရည်ညွှန်းပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။ “အခုဆိုရင် ကုသနည်းတစ်ခုက ရောဂါရပြီးသားပုဂ္ဂိုလ်တွေရဲ့ သွေးရည်ကနေတစ်ဆင့် ကုသတဲ့နည်းပေါ့နော်။ ဒါကတော့ ရောဂါရပြီးသား (ပြန်သက်သာလာတဲ့) ပြည်သူပြည်သားတွေက လှူမှဖြစ်မှာပါ။ ကျွန်မတို့အခု အမေရိကန်သမ္မတကြီးအတွက်သုံးနေတယ်ဆိုတဲ့ဆေးကို တတ်နိုင်သမျှ ကျွန်မတို့ပြည်သူတွေအတွက် သုံးနေတယ်။ Remdesivir လို့ အသံထွက်တယ်လို့ထင်ပါတယ်။ အဲဒီဆေးကို အိန္ဒိယကနေဝယ်ထားတာရှိပါတယ်။ အိန္ဒိယနိုင်ငံကနေပြီးတော့ လှူထားတာလည်းရှိပါတယ်။ ဒါဟာ ရောဂါအခြေအနေနည်းနည်းပြင်းထန်တဲ့လူနာတွေကိုသုံးပါတယ်။ အားလုံးအတွက် သုံးနိုင်တဲ့အခြေအနေတော့ မရှိသေးပါဘူး”

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့အထိတော့ COVID-19 ထိုးဆေးတစ်မျိုးကို အတည်ပြုလိုက်ပြီလို့ WHO က ကြေညာထားတာမျိုးမရှိသေးသလို အမြောက်အမြားထုတ်လုပ်တာမျိုးလည်း မရှိသေးပါဘူး။ 

အောက်ဘာလ ၁၄ ရက်နေ့အထိ COVID-19 ထိုးဆေးကို နိုင်ငံပေါင်းများစွာမှာ စမ်းသပ်ထိုးနှံနေဆဲပဲ ရှိပါသေးတယ်။ ထိုးဆေးစမ်းသပ်မှုနဲ့ပတ်သက်လို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တုန်းက ရေးသားထားတဲ့ AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ