အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ပဋိပက္ခအတွင်း ဒုံးကျည်ပစ်ခတ်နေတယ်ဆိုတဲ့ ဗီဒီယိုအမှား ပျံ့နှံ့

လက်ရှိစစ်ရေးပဋိပက္ခ တင်းမာနေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံအကြား ဒုံးကျည်လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုထားတဲ့ ဗီဒီယိုတစ်ခု Facebook ပေါ်မှာ ပျံ့နှံ့နေပြီး၊ ကြည့်ရှုတဲ့အကြိမ်ရေ သောင်းနဲ့ချီရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ မှားယွင်းနေပြီး ဒီဗီဒီယိုဟာ ၂၀၁၉ ခုနှစ်က ရုရှားနိုင်ငံမှာ စစ်ရေးပြအခမ်းအနားတစ်ခုကို ကြည့်ရှုနေသူတွေရဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၃၇,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၁,၃၀၀ ကျော် ရှိခဲ့ပါတယ်။

Image
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တုန်းက ရယူထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ screenshot

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာမှာတော့ “အာမေးနီးယား နှင့် အာဇာဘိုင်ဂျန် နှစ်နိုင်ငံ ဒုံးကျဥ် လက်နက်ကြီးဖြင့် နင်လား ငါလား ဆော်နေကြစဥ် ကြားနိုင်ငံ အီရန် ပြည်သူများမှ ၎င်းတို့၏ နယ်စပ်နယ်နိမိတ် တောင်ကုန်းတစ်ခုပေါ်မှ ကြည့်ရှု့ခံစားနေပုံဖြစ်သည်။”(မူရင်းသတ်ပုံအတိုင်း) လို့ ပါရှိပါတယ်။

ဒီ AFP သတင်းမှာ ဖော်ပြထားသလို နာဂေါ်နို - ကာဘာဘက်ခ်ဒေသ အငြင်းပွားမှုကြောင့် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်နေတာပါ။

အလားတူဗီဒီယိုနဲ့ တူညီတဲ့ပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။

ဒါပေမယ့် ဒီဗီဒီယိုနဲ့ ပတ်သက်တဲ့ ပြောဆိုမှုဟာ မှားယွင်းနေပါတယ်။

ဗီဒီယိုမှာပါဝင်တဲ့ မြင်ကွင်းတွေကို အသုံးပြုပြီး ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ထပ်တူထပ်မျှတူတဲ့ YouTube ဗီဒီယိုတစ်ခုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုကို အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံပြဿနာ မပေါ်ပေါက်ခင် တစ်နှစ်အလိုက တင်ထားတာပါ။

ဆားဗီးယားဘာသာစကားနဲ့ ရေးထားတဲ့ ဗီဒီယိုရဲ့ ခေါင်းစဉ်မှာ ဒီဗီဒီယိုကို ရုရှားနိုင်ငံမှာ ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ ရေးထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ YouTube မှာတင်ထားတဲ့ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

အဲဒီဗီဒီယိုကို ဘာသာစကားအမျိုးမျိုးနဲ့ ထုတ်ဝေတဲ့ ရုရှားအစိုးရပိုင် Russia Beyond ဝက်ဘ်ဆိုက်ရဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က တင်ထားတဲ့ ဒီဆောင်းပါးမှာလည်း ကိုးကားဖော်ပြထားပါတယ်။

Image
Russia Beyond ဆောင်းပါးရဲ့ screenshot

ဆားဗီးယားဘာသာစကားနဲ့ ရေးထားတဲ့ ဆောင်းပါးရဲ့ ခေါင်းစဉ်မှာ “ရုရှားနိုင်ငံတွင် VBR 'Grad'၊ 'Uragan' ဒုံးကျည်များဖြင့် တပ်စုလေ့ကျင့်ရေးလုပ်နေသည့်ပွဲသို့ ကလေးငယ်များနှင့်အတူ မိဘများပါလာရောက်ကြည့်ရှု” လို့ ရေးထားပါတယ်။

ဆောင်းပါးရဲ့ ပထမစာပိုဒ်မှာ “ဒုံးကျည်နှင့် အမြောက်တပ်များနေ့ (RViA) အခါသမယတွင် အမြောက်တပ်များနှင့် ဒုံးကျည်စနစ် အမြောက်အမြားပါဝင်သော တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို ပြည်သူများထံ ပြသခဲ့ကြသည်” လို့ ရေးထားထားပါတယ်။

အဲဒီဗီဒီယိုဖိုင်ကို တရုတ်အစိုးရပိုင် CCTV သတင်းဌာနရဲ့ အာရပ်ဘာသာစကား YouTube ချန်နယ်မှာလည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က ဒီလင့်ခ်မှာ တင်ခဲ့ပါတယ်။

ဒီဗီဒီယိုနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ပြောဆိုချက်တွေကို တရုတ်အစိုးရမီဒီယာ ‘Weibo နဲ့ fjsen.com’ ရဲ့ အချက်အလက်စိစစ်ရေးချန်နယ်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။ ဒီဗီဒီယိုကို AFP ကလည်း အာရဗီဘာသာစကားနဲ့ ဒီလင့်ခ်မှာ စိစစ် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်