ရခိုင်ဘုရင် မင်းထီးရဲ့ ဓာတ်ပုံဖြစ်တယ်လို့ ဆိုထားတဲ့ သတင်းမှား ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ရှေးခေတ် ရခိုင်ဘုရင် မင်းထီးလို့ ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ မျှဝေနေကြပါတယ်။ ဒါဟာ မှားယွင်းပြီး တကယ်တမ်း အဲဒီဓာတ်ပုံမှာ မြင်တွေ့ရသူဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း ဘင်ဒီပြည်နယ်ကို ၁၈၈၉ ကနေ ၁၉၂၇ ခုနှစ်ထိ အုပ်ချုပ်ခဲ့တဲ့ Raghubir Singhji လို့ ခေါ်တဲ့ မဟာရာဇာတစ်ဦး ဖြစ်ပါတယ်။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ ဖြစ်ပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၁,၇၅၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံနဲ့ တွဲပြီးတင်ထားတဲ့ ပို့စ်မှာ “ရခိုင်ပြည်ရဲ့ ပထမဦးဆုံးသော အစ္စလာမ်ဘုရင် မြန်မာ့စွယ်စုံကျမ်း အမှတ်၁ အကျယ်းတဝန်းတင်ပြထားပါတယ်”(မူရင်းသတ်ပုံအတိုင်း) လို့ ရေးသားထားပါတယ်။

ဓာတ်ပုံပေါ်မှာလည်း “အာရကန်တို့၏ ပထမဆုံးဘုရင် မင်းထီး” လို့ ရေးထားပါတယ်။

ဘုရင်မင်းထီးဆိုတာ အခုမြန်မာနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ရခိုင်(အာရကန်)ဒေသကို အုပ်ချုပ်ခဲ့သူပါ။ ရခိုင်ဒေသမှာ ၉၅ နှစ်ကြာ စိုးစံခဲ့ပြီး၊ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအရ ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။ ဘုရင်မင်းထီးဟာ အေဒီ ၁၂၇၉ ကနေ ၁၃၇၄ အထိ ရခိုင်ဒေသကို အုပ်ချုပ်ခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြပါတယ်။

အလားတူ ရေးသားချက်တွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံဟာ “Raghubir Singhji” အမည်ရတဲ့ အိန္ဒိယစော်ဘွားတစ်ယောက်ရဲ့ပုံဖြစ်ကြောင်း ပန်းချီနဲ့ သမိုင်းဆိုင်ရာဓာတ်ပုံတွေ အလေးပေးဖော်ပြတဲ့ AKG Images အွန်လိုင်းဓာတ်ပုံပြတိုက်ရဲ့ ဒီလင့်ခ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံရဲ့ ပုံစာမှာ “ဘင်ဒီရဲ့ မဟာရာဇာ၊ Maharao Raja Shri Sir Raghubir Singh Sahib Bahadur, ၁၈၆၉ - ၁၉၂၇ (၁၈၈၉ - ၁၉၂၇)” ဆိုပြီး ဖော်ပြထားပါတယ်။

အောက်မှာ သတင်းမှားပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AKG ရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ screenshot  ဖြစ်ပါတယ်။

ဘင်ဒီခရိုင်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ရာဂျစ်စတန်(ရာဇသံ)ပြည်နယ်၊ ဟာဒိုတီ(Hadoti)ဒေသမှာ တည်ရှိပါတယ်။

ရာဂျစ်စတန်ပြည်နယ်အစိုးရရဲ့ ဝက်ဘ်ဆိုက်မှာ “Maharao Raja Shri Sir Raghubir Singh Sahib Bahadur” ဟာ ယခင်က ဘင်ဒီကို အုပ်ချုပ်ခဲ့သူ ဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ အဲဒီဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ Raghubir Singh ဟာ ၁၈၆၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။