အီရတ်နိုင်ငံကတင့်ကားတွေကို မြန်မာတပ်မတော်တင့်ကားတွေ ဆိုပြီး မှားယွင်းဖော်ပြ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 မေ 2021 အချိန် 11h47
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖျက်ဆီးလိုက်တဲ့ မြန်မာတပ်မတော်ရဲ့ တင့်ကားတွေလို့ ဆိုထားတဲ့ ဓာတ်ပုံနှစ်ပုံကို Facebook ပေါ်က ပို့စ်တော်တော်များများမှာ အကြိမ်ရေရာနဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒီအဆိုက မှားပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၁၉၉၁ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေတုန်းက အီရတ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခဖြစ်စဉ်နှစ်ခုက ပုံတွေဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ် မေလ ၂၅  ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၇၆၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။

Image
၂၀၂၁ ခုနှစ် မေလ ၂၆ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပိုစ့်ရဲ့ Screenshot

ပုံတွေကို အောက်ပါစာသားနဲ့အတူ ရေးသားဖော်ပြခဲ့ပါတယ်။

“စကစ [နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ] ဘက်မှ တင့်ကားများကို PDF [ပြည်သူ့ကာကွယ်ရေးတပ်]မှ ဒံပေါက်များ ဝိုင်းကြွေးပြီးသကာလ ..... PDF မှ ကျဆုံးသွားသော သူရဲကောင်း ၂ ဦးကို လေးစားဂုဏ်ပြုအပ်ပါတယ်ရှင့်…”(မူရင်းသတ်ပုံအတိုင်း)”

“စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေအပေါ် ရဲနဲ့စစ်တပ်တွေက သေစေတဲ့အထိ အားအင်သုံးဖြိုခွင်းနေတာကြောင့် အရပ်သားတွေကို ကာကွယ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို မေလအစောပိုင်းက ဖွဲ့စည်းခဲ့တဲ့အကြောင်း” AFP ရဲ့ ဒီသတင်းမှာ ဖတ်ရှုနိုင်ပါတယ်။

၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့က ကယားပြည်နယ်မှာ မြန်မာတပ်မတော်ရဲ့ တင့်ကားနှစ်စီးကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)တွေက ဖြိုခွင်းဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အဲဒီလိုဖျက်ဆီးရာမှာ KPDF တပ်ဖွဲ့ဝင်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း KPDF က သူတို့ Facebook စာမျက်နှာရဲ့ ဒီပို့စ်မှာ ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်နောက်မှာ အခုလို နားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာပါ။

ဓာတ်ပုံတွေကို တူညီနဲ့ပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာကို တွေ့ရပါတယ်။

အဲဒီအဆိုဟာ မှားယွင်းပါတယ်။

ဓာတ်ပုံတွေရဲ့ ရာဇဝင်နဲ့ အဓိကသော့ချက်စကားလုံး(Keywords)တွေ သုံးပြီး ရှာဖွေ စိစစ်ကြည့်တဲ့အခါ ဓာတ်ပုံတွေဟာ အီရတ်နိုင်ငံကတင့်ကားတွေ ဖြစ်နေတာ တွေ့ရပါတယ်။

 

ပထမဓာတ်ပုံ

Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တော့ ပထမဓာတ်ပုံကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က အေပီ(Associated Press)သတင်းဌာနရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံဟာ ပင်လယ်ကွေ့စစ်ပွဲတုန်းက ပျက်စီးခဲ့တဲ့ တင့်ကားတစ်စီးဖြစ်တယ်လို့ ဓာတ်ပုံရဲ့ ပုံစာမှာ ဖော်ပြပါတယ်။

ပုံစာမှာ “၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် တနင်္လာနေ့၊ အမေရိကန်စစ်တပ် ၈၂ လေကြောင်းဌာနခွဲက ပစ်ခတ်သည့် TOW ဒုံးကျည်ကြောင့် မီးလောင်ပျက်စီးခဲ့သည့် အီရတ်တင့်ကားတစ်စီး။ (အေပီဓာတ်ပုံ/Tannen Maury)”လို့ ရေးထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ အေပီသတင်းဌာနဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ အေပီသတင်းဌာနဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ အပစ်ခတ်ရပ်စဲပြီး အဆုံးသတ်ခဲ့တဲ့ ပင်လယ်ကွေ့စစ်ပွဲရဲ့ ဖြစ်စဉ်မှတ်တမ်းကို Britannica စွယ်စုံကျမ်းရဲ့ ဒီလင့်ခ်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

ဒုတိယဓာတ်ပုံ

ဒုတိယဓာတ်ပုံကို Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါမှာလည်း အဲဒီဓာတ်ပုံကို အမေရိကန်နိုင်ငံ အမျိုးသားမော်ကွန်းတိုက်နှင့်မှတ်တမ်းများစီမံခန့်ခွဲရေးဌာန (NARA) ဝဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီပုံကို ၂၀၀၃ ခုနှစ်တုန်းက အီရတ်နိုင်ငံမှာ ရိုက်ကူးခဲ့တာလို့ ဓာတ်ပုံရဲ့စာသားဖော်ပြချက်အရ သိရပါတယ်။

ဓာတ်ပုံရဲ့ဖော်ပြချက်ကတော့ အခုလို ဖြစ်ပါတယ်။

“အီရတ်လွတ်မြောက်ရေးစစ်ဆင်ရေး (Operation IRAQI FREEDOM) အတွင်း ဖျက်ဆီးခံရသည့် အီရတ် T-72 အမျိုးအစား ပင်မတိုက်ပွဲဝင်တင့်ကား (MBT)ကို အီရတ်နိုင်ငံ၊ Al Iskandariyah မြို့အသွား လမ်းမပေါ်တွင် တွေ့ရစဉ်”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ NARA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ NARA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

“အီရတ်လွတ်မြောက်ရေးစစ်ဆင်ရေး” ဆိုတာ ဆက်ဒမ်ဟူစိန်ဆောင်တဲ့အစိုးရကို အမေရိကန်နဲ့ မဟာမိတ်တပ်တွေက ၂၀၀၃ ခုနှစ် မတ်လ ၂၀ ရက်မှာ တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးကို ဆိုလိုတာဖြစ်ပါတယ်။

ငါးပတ်အကြာမှာ ဆက်ဒမ်ဟူစိန်အစိုးရ ပြုတ်ကျခဲ့ပြီး၊ နောက်ပိုင်းမှာ ဟူစိန်လည်း အသတ်ခံခဲ့ရပါတယ်။ အဲဒီအကြောင်းကို AFP ရဲ့ ဒီသတင်းနဲ့ ဒီသတင်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။

အဲဒီဖြစ်ရပ်တွေကို the US Naval History and Heritage Command (အမေရိကန်နိုင်ငံရေတပ်သမိုင်းနဲ့အမွေအနှစ်စစ်ဌာနချုပ်)ဝဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာလည်း ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်