ဒီဓာတ်ပုံတွေက ချင်းပြည်နယ် မင်းတပ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲက ဓာတ်ပုံတွေမဟုတ်

ဒီဓာတ်ပုံတွေက ချင်းပြည်နယ် မင်းတပ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲက ဓာတ်ပုံတွေမဟုတ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 မေ 2021 အချိန် 11h42
  • အပ်ဒိတ်ရက်စွဲ 24 မေ 2021 အချိန် 11h53
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၁ခုနှစ်၊ မေလက ချင်းပြည်နယ် မင်းတပ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုကို အာရုံစိုက်မှုရရှိရေး နှိုးဆော်ထားတဲ့ Facebook ပို့စ်တွေနဲ့အတူ ဓာတ်ပုံ ၄ ပုံကို အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ မင်းတပ်မြို့နေပြည်သူတွေဖွဲ့စည်းလိုက်တဲ့ ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ ကို စစ်တပ်ကထိုးစစ်ဆင်ပြီး မင်းတပ်မြို့ကို ထိန်းချုပ်လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း အွန်လိုင်းပေါ်မှာ ဒီဓာတ်ပုံတွေပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ မင်းတပ်မြို့က တိုက်ပွဲတွေ မဖြစ်ခင် အစောပိုင်းကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပြီး နားလည်မှုလွဲအောင် အခုလို ပြန်လည်ဝေမျှထားတာတွေ့ရပါတယ်။

ဒီဓာတ်ပုံတွေကို ၂၀၂၁ခုနှစ်၊ မေလ ၁၅ရက်က Facebook ဒီပို့စ်မှာ မျှဝေထားတာတွေ့ရပြီး အကြိမ်ပေါင်း ၈၀ကျော် ပြန်လည်မျှဝေမှုရှိနေပါတယ်။

“ချင်းပြည်နယ် မင်းတပ်။ ဖုန်းကိုင်ထားတဲလူမှန်သမျှအားလုံး ရှယ်ပေးကြပါလို့။ ကိုယ့်အမျိုးတွေ ဒုက္ခရောက်နေကြတဲ့ပုံတွေကို ကမ္ဘာက သိအောင် ရှယ်ပေးပါ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။ အရေးတော်ပုံအောင်ရမည်။” ဆိုတဲ့စာသားကိုအဲ့ဒီပို့စ်နဲ့အတူ တွေ့ရပါတယ်။

 

Image
၂၀၂၁ ခုနှစ် မေလ ၁၈ ရက်က ကူးယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

 

မင်းတပ်မြို့နေပြည်သူတွေက စစ်တပ်ကိုဆန့်ကျင်တဲ့အနေနဲ့ အိမ်လုပ်လက်နက်များကို ကိုင်ဆောင်ပြီး ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ (CDF)ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအကြောင်းကို AFP က ဒီမှာတင်ပြထားပါတယ်။

စစ်ကောင်စီက တန်ပြန်တုံ့ပြန်တဲ့အနေနဲ့ မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ထိုးစစ်ဆင်မှုများကြောင့် နှစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဓာတ်ပုံတွေကိုတော့ စစ်တပ်က မင်းတပ်မြို့ကို ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် အွန်လိုင်းပေါ်မှာ မျှဝေထားတာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေကို တူညီတဲ့ ပြောဆိုမှုတွေနဲ့အတူ Facebook ဒီပို့စ်ဒီပို့စ်နဲ့ ဒီပို့စ်တွေမှာ မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီပို့စ်တွေဟာ အထင်အမြင်လွဲမှားစေတဲ့ ပို့စ်တွေဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ခုနှစ် မေလက မင်းတပ်မြို့  မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက ဓာတ်ပုံတွေမဟုတ်ပါဘူး။ Google မှာဓာတ်ပုံ ရာဇဝင်ရှာကြည့်တဲ့ အခါမှာ ဒီဓာတ်ပုံတွေကို မင်းတပ်မြို့ အရေးအခင်း မဖြစ်ပွားခင် အစောပိုင်းကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

ပထမဓာတ်ပုံ

ပထမဓာတ်ပုံဟာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က ပုသိမ်မြို့အနီးမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုက ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံကို AFP ဓာတ်ပုံမှတ်တမ်းမှော်ကွန်း ဒီနေရာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီဓာတ်ပုံနဲ့အတူ “၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်မြို့အနီးမှာ ပြုလုပ်ခဲ့တဲ့ ဆင်ဖြူရှင် တွဲဖက်စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တဲ့ မြန်မာ့လေတပ် Mi-35 တိုက်လေယာဉ်မှ ဒုံးကျည် ပစ်ခတ်ပြမှု” ဆိုတဲ့စာသားကို တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ် (ဘယ်)နဲ့ မူလဓာတ်ပုံ(ညာ)ကို နှိုင်းယှဉ်ပြထားတဲ့ Screenshotကို အောက်မှာတွေ့နိုင်ပါတယ်။

 

Image
နားလည်မှုလွဲစေတဲ့ ပို့စ် (ဘယ်)နဲ့ မူလဓာတ်ပုံ(ညာ)ကို နှိိုင်းယှဉ်ပြထားတဲ့ Screenshot

 

ဒုတိယဓာတ်ပုံ

ဒုတိယဓာတ်ပုံကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၄ ရက်က ရုရှားရဲ့ RT သတင်းက ရုရှားနိုင်ငံမြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ရေး အကြောင်းဖော်ပြထားတဲ့ သတင်း ဒီနေရာမှာ တွေ့နိုင်ပါတယ်။

ဒီသတင်းရဲ့ခေါင်းစဉ်ကိုတော့ “ကြိုတင်စီစဉ်ထားတဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကို ရုရှား စတင်” ဆိုပြီးဖော်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ် (ဘယ်)နဲ့ မူလဓာတ်ပုံ(ညာ)ကို နှိုင်းယှဉ်
ပြထားတဲ့ Screenshotကို အောက်မှာတွေ့နိုင်ပါတယ်။

 

Image
နားလည်မှုလွဲစေတဲ့ ပို့စ် (ဘယ်)နဲ့ မူလဓာတ်ပုံ(ညာ)ကို ယှဉ်ပြထားတဲ့ Screenshot

 

တတိယဓာတ်ပုံ

တတိယမြောက်ဓာတ်ပုံကတော့ Photoshop ပြုလုပ်ထားတဲ့ ဓာတ်ပုံဖြစ်ပုံရပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်က ရခိုင်တပ်မတော် (AA) ရဲ့ ထုတ်ပြန်ချက်နဲ့အတူ သူတို့ရဲ့ ဝက်ဘ်ဆိုက်ဒီနေရာမှာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ် (ဘယ်)နဲ့ AA ဝက်ဘ်ဆိုက်ပေါ်ကဓာတ်ပုံ (ညာ)ကို ယှဉ်ပြထားတဲ့ Screenshotကို အောက်မှာတွေ့နိုင်ပါတယ်။

 

Image
နားလည်မှုလွဲစေတဲ့ ပို့စ် (ဘယ်)နဲ့ AA ဝက်ဘ်ဆိုက်ပေါ်ကဓာတ်ပုံ (ညာ)ကို ယှဉ်ပြထားတဲ့ Screenshot

 

 စတုထ္ထဓာတ်ပုံ

စတုထ္ထမြောက် ဓာတ်ပုံရဲ့ မူရင်းဓာတ်ပုံကိုတော့ AFP ကနေပြီး အတိတကျ ဖော်ပြနိုင်ခြင်းမရှိပါဘူး။ 

ဒါပေမဲ့ ဒီဓာတ်ပုံကို စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့စဉ် ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက အွန်လိုင်း ဒီနေရာမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ် (ဘယ်)နဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ပို့စ်ကဓာတ်ပုံ (ညာ)ကို ယှဉ်ပြထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

 

Image
နားလည်မှုလွဲစေတဲ့ ပို့စ် (ဘယ်)နဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ပို့စ်ကဓာတ်ပုံ (ညာ)ကို ယှဉ်ပြထားတဲ့ Screenshot

 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်