ကာမိုင်းမြို့ကို KIA သိမ်းတယ်ဆိုတဲ့အချက်အလက်မှားဓာတ်ပုံတွေပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 ဇွန် 2021 အချိန် 12h08
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အာဏာရယူလိုက်တဲ့ဖေဖော်ဝါရီလကစလို့ ဆန့်ကျင်ဆန္ဒပြသူတွေကို မြန်မာတပ်မတော်က ရက်စက်စွာနှိမ်နင်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့က မြို့တစ်မြို့ကို သိမ်းယူလိုက်တယ်လို့ဆိုထားတဲ့ဓာတ်ပုံတွေ Facebook ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ဒီဓာတ်ပုံတွေဟာ ၂၀၁၁ ကတည်းက အွန်လိုင်းပေါ်ကသတင်းတွေမှာ ပါဝင်နေတဲ့ဓာတ်ပုံတွေဖြစ်နေတာတွေ့ရပါတယ်။

အဲဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁,၂၀၀ ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံတွေနဲ့အတူ တွဲတင်ထားတဲ့စာသားက အခုလိုပါ။
“မြို့သိမ်းတယ်ဆိုတာ ဒါကိုခေါ်ပါတယ်
ကားမိုင်းမြို ကို KIA စစ်သားများ ဝင်ရောက်နေရာယူ” (မူရင်းရေးသားသည့်သတ်ပုံအတိုင်း)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ တပ်မတော်နဲ့ နှစ်ပေါင်းများစွာတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချလိုက်တဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက တပ်မတော်ကို အရှိန်မြှင့်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို နေရာအနှံ့အပြားအုံကြွမှုတွေလည်း ဖြစ်လာခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နင်းသတ်ဖြတ်မှုကြောင့် လက်ရှိအချိန်မှာ သေဆုံးသူ ၈၀၀ ကျော်ရှိနေပြီး တိုင်းပြည်ရဲ့အခြေအနေဟာလည်း မတည်မငြိမ်ဖြစ်လျက်ရှိပါတယ်။

Image
(၂၀၂၁ ခုနှစ်၊ ဇွန်လ ၂ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot)

အဲဒီဓာတ်ပုံတွေကိုပဲ အလားတူပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီပြောဆိုမှုတွေဟာ မှားယွင်းနေပါတယ်။

ပထမဓာတ်ပုံ

ပထမဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ Invisible Photographer Asia-IPA ဝဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်မှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်တုန်းက တင်ထားတာ တွေ့ရပါတယ်။

ပုံစာကတော့ အခုလိုဖြစ်ပါတယ်။ “ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စစ်သားများ မြို့နယ်အတွင်း ညနေခင်းကင်းလှည့်နေကြသည်။ မန်စီမြို့တွင် မြန်မာ့တပ်မတော်နှင့် KIA အကြား ဖြစ်ပွားသည့်မကြာသေးမီက တိုက်ပွဲများကြောင့် လိုင်ဇာမြို့တွင် နိုးနိုးကြားကြားရှိနေကြခြင်းဖြစ်သည်” 

ဒီဓာတ်ပုံဟာ ရန်ကုန်မြို့အခြေစိုက် ဓာတ်ပုံသတင်းထောက် ထူးတေဇာရဲ့ “Burma’s Hidden War” (မြန်မာနိုင်ငံ၏ အမေ့လျော့ခံစစ်ပွဲ) အမည်နဲ့ မြန်မာတပ်မတော်နဲ့ KIA အကြား ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံများစွာထဲက တစ်ခုဖြစ်ပါတယ်။ 

အဲဒီဓာတ်ပုံကို ထူးတေဇာရဲ့ဝဘ်ဆိုဒ်မှာလည်း တွေ့နိုင်ပါသေးတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ IPA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
(နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ IPA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot)

ဒုတိယဓာတ်ပုံ

ဒုတိယဓာတ်ပုံကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့ခါ ဧရာဝတီသတင်းဌာနရဲ့ ဒီလင့်ခ်မှာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ တုန်းက ရေးသားခဲ့တဲ့သတင်းနဲ့အတူ ပူးတွဲဖော်ပြထားတာ တွေ့ရပါတယ်။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “KIA ကို မြန်မာစစ်တပ်ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်”

ပုံစာကတော့ အခုလိုပါ။ “KIA တပ်ဖွဲ့ဝင်များ လိုင်ဇာရှေ့တန်းသို့ထွက်ခွာ (ဓာတ်ပုံ - Jinghpaw Kasa blog)”

အဲဒီဓာတ်ပုံကိုပဲ Jinghpaw Kasa Blog မှာ AFP က လိုက်လံရှာဖွေကြည့်တဲ့အခါ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တုန်းက ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ Jinghpaw Kasa blog ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
(နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ Jinghpaw Kasa blog ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot)

 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ