ထိုင်းနိုင်ငံက တိရစ္ဆာန်အရေအပြားရောဂါ လူတွေအပေါ် သက်ရောက်မှုမရှိကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေ ပြောဆို

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ထိုင်းနိုင်ငံမှာ အရေပြားရောဂါဗိုင်းရပ်စ်ကူးစက်နေတဲ့ တိရစ္ဆာန်တွေရဲ့အသားကို စားသုံးခဲ့တဲ့ လူလေးဦး သေဆုံးခဲ့တယ်ဆိုတဲ့အကြောင်းအရာကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုက မှားယွင်းပါတယ်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေကတော့ ဒီရောဂါဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်နိုင်တဲ့ ရောဂါမဟုတ်ဘူးလို့ ဆိုကြပါတယ်။ ပြီးတော့ ရောဂါကူးစက်ခံထားရတဲ့အသားတွေကို စားသုံးတဲ့လူတွေ သေခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထားတွေ AFP က မတွေ့ရှိခဲ့ပါဘူး။

ဒီအကြောင်းအရာကို ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၆၄,၀၀၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပိုစ့်ရဲ့ Screenshot

ပို့စ်ကို အခုလို ရေးသားဖော်ပြခဲ့ပါတယ်။

“သတိထားကြပါဗျ
ထိုင်းမှာ ဒီရက်ပိုင်း နွားတွေ ၊ ဝက်တွေမှာ
Virus တစ်မျိုးကူးစက်လာပြီး Zombie လို
အဖုအပိန့်တွေထွက်လာပါတယ်တဲ့ ... 
Virus မိထားတဲ့ နွားတွေ ၊ ဝက်တွေရဲ့
အသားကို စားသုံးမိသူတွေလည်း 
သေဆုံးသူ လေးဦးအထိရှိနေပါတယ်တဲ့
Virus က လူတွေကို ကူးနိုင် မကူးနိုင်ဆိုတာ
စောင့်ကြည့်နေဆဲပါတဲ့
ထိုင်းမှာတော့ အမဲသား ၊  ဝက်သား /ငါးတွေ
မစားကြတော့ပါဘူး
ဒီမှာလည်း  ဒီရက်ပိုင်း
အစားအသောကျ‌လေး ဂရုစိုက်ကျပါ
ထိုင်း မြန်မာဆိုတာ ကပ်လျက်လေးပါ 
အရေးကြီးပါတယ်
Source : Thailand” (မူရင်းသတ်ပုံအတိုင်း)

၂၀၂၁ ခုနှစ်၊ မတ်လ နှောင်းပိုင်းမှာ ထိုင်းနိုင်ငံမှာက ကျွဲနွားတိရစ္ဆာန်တွေမှာ အရေပြားအဖုအပိန့်ရောဂါ စတင် ကူးစက်ဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Bangkok Post သတင်းစာရဲ့ ဒီသတင်းမှာ ဖော်ပြခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၄၃ ခုက တိရစ္ဆာန်တွေမှာ အရေပြားရောဂါတွေကူးစက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျွဲနွားတိရစ္ဆာန် ၂၂,၁၁၂ ကောင် ဖျားနာခဲ့ပြီး ၂၈၅ ကောင်သေဆုံးခဲ့တယ်လို့ မွေးမြူရေးဖွံ့ဖြိုးမှုဆိုင်ရာဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးနှင့်တိရစ္ဆာန်ရေးရာဝန်ဆောင်မှုဗြူရိုက တာဝန်ရှိသူတစ်ဦးက ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာ AFP ကို ဖြေကြားခဲ့ပါတယ်။

ဌာနရဲ့ထုတ်ပြန်ချက်အရ ထိုင်းအာဏာပိုင်တွေအနေနဲ့ တိရစ္ဆာန်တွေအတွက် ရောဂါကာကွယ်ဆေး ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး တိရစ္ဆန်တွေ ပြောင်းရွှေ့သွားလာမှုတွေကို ထိန်းချုပ်မယ့်အစီအမံတွေလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းပြည်သူတွေ အသား၊ ငါးတွေ စားသုံးမှုအပေါ် ထိုင်းနိုင်ငံအစိုးရက တားမြစ်ထုတ်ပြန်တာမျိုး ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်ထိ မတွေ့ရပါဘူး။

ဒီပို့စ်ကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

ထိုင်းနိုင်ငံ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးအာဏာပိုင်တွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက တိရစ္ဆာန်အရေပြားရောဂါဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ခြင်းမရှိတဲ့အတွက် လူတွေအပေါ်မှာ သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ရောဂါထိန်းချုပ်ရေးနှင့်တိရစ္ဆာန်ရေးရာဝန်ဆောင်မှုဗြူရိုက (Bureau of Disease Control and Veterinary Services) က အရာရှိတစ်ဦးက “ဒီအဆိုဟာ မှားပါတယ်။ ရောဂါကူးစက်ခံထားရတဲ့တိရစ္ဆာန်တွေရဲ့အသားကို မစားသုံးဖို့ ကျွန်တော်တို့ အမြဲတမ်းအကြံပြုပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျအရ ဒီရောဂါဟာ တိရစ္ဆာန်ကနေ လူတွေဆီ ကူးစက်နိုင်ခြင်းမရှိပါဘူး”

အသားစားသုံးမှုကြောင့် လူတွေသေဆုံးတယ်ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီး အဆိုပါအရာရှိက “အရေပြားရောဂါကူးစက်ခံရတဲ့ တိရစ္ဆာန်တွေရဲ့အသားကို စားသုံးလို့ လူသေဆုံးမှုမျိုး မရှိပါဘူး”လို့ AFP ကို အတည်ပြုပါတယ်။

ထိုင်းနိုင်ငံ အစိုးရရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Traisulee Traisaranaku ကလည်း ဒီရောဂါဟာ သေဆုံးနိုင်ခြေနည်းတဲ့ရောဂါ (rare-fatal disease) ဖြစ်ပြီး “လူတွေကို မထိခိုက်နိုင်ဘူး”လို့  မေလ ၂၃ ရက်က ဖော်ပြခဲ့တဲ့ Reuters သတင်းမှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က တိရိစ္ဆာန်ဆေးကုသူတွေအတွက် ထုတ်ဝေတဲ့ ဒီလက်စွဲစာစောင်မှာလည်း “အရေပြားအဖုအပိန့်ရောဂါဟာ လူတွေကို မထိခိုက်ဘူး”လို့ ဖော်ပြထားပါတယ်။