အိန္ဒိယဓာတုဗေဒစက်ရုံဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်ကို ကိုဗစ်ကြောင့်သေဆုံးသူများဟု ဆိုထားသည့် ဗီဒီယိုပျံ့နှံ့
အိန္ဒိယ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး လူအများသေဆုံးနေကြသည်ဟူသော စာနှင့်အတူ ဖေ့စ်ဘွတ်ပေါ်တွင် ပျံ့နှံ့လျက်ရှိသော ဗီဒီယိုသုံးခုကို အကြိမ်ရေသောင်းနှင့်ချီ ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။ ယင်းအဆိုမှာ မှားယွင်းနေပါသည်။ ဗီဒီယိုတွင် တွေ့မြင်ရသူများမှာ ၂၀၂၀ ခုနှစ် မေလက အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ စက်မှုဆိပ်ကမ်းမြို့တစ်ခုတွင်ဖြစ်ပွားခဲ့သည့် ဓာတ်ငွေ့ယိုစိမ့်မှုဒဏ်ကို ခံစားရသူများဖြစ်သည်။
အဆိုပါဗီဒီယိုကို ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့က ဖေ့စ်ဘွတ်ပေါ်၌ ဤလင့်ခ်တွင် တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပို့စ်ကို ဖေ့စ်ဘွတ်ပေါ်တွင် အနည်းဆုံး အကြိမ်ရေ ၁,၁၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြသည်။
အဆိုပါပို့စ်နှင့်အတူ တွဲတင်ထားသည့် စာသားတွင် “မြန်မာပြည်ကလူတွေ မပေါ့ဆကြပါနဲ့ဦးနော်။ အစောပိုင်းက အိန္ဒိယမှာ ဗိုင်းရပ်စ်ပိုးမရောက်ဘူးဆိုပြီး ပေါ့ပေါ့ဆဆနေခဲ့ကြတာ အခု သေမှသေတော့လည်း ကြောက်စရာကြီးပဲ” ဟု ရေးသားထားသည်။
အဆိုပါဗီဒီယိုကို မေလ ၁၀ ရက်နေ့က ဤလင့်ခ်တွင်လည်း “အဆိပ်ငွေ့လား၊ ကိုဗစ်လား” ဟူသော မေးခွန်းနှင့်အတူ တွဲတင်ထားသည်ကို တွေ့ရသည်။ အဆိုပါပို့စ်ကို အနည်းဆုံး ၈၅၁ ကြိမ် ပြန်လည်မျှဝေခဲ့ကြသည်။
အဆိုပါပို့စ်တွင် ဖော်ပြချက်မှာ မှားယွင်းနေပါသည်။ ယင်းဗီဒီယိုများသည် မေလ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဝိသာခါပတ္တနမ်မြို့ရှိ ဓာတုဗေဒစက်ရုံတစ်ခုမှ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်တစ်ခုဖြစ်သည်။ အဆိုပါဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး လူရာနှင့်ချီ ဆေးရုံတင်ခဲ့ရကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ပထမဗီဒီယို
ဒီဂျစ်တယ်အတည်ပြုခြင်းဆိုင်ရာ ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် InVID-WeVerify ကိုအသုံးပြုပြီး ဗီဒီယိုမှ အဓိကပုံရိပ်များကို ထုတ်နုတ်၍ ဂူဂဲလ်တွင်ရှာဖွေရာ အဆိုပါဗီဒီယိုသည် ဝိသာခါပတ္တနမ်မြို့၌ ဖြစ်ပွားခဲ့သည့် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ဗီဒီယိုဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါဗီဒီယိုကိုပင် YouTube တွင် ဤလင့်ခ်၌ “Toxic gas leakage from LG polymers | Creates High Tension @Vizag | Vizag Gas Leak Video” ဟူသော ခေါင်းစဉ်ဖြင့် တင်ထားသည်ကို တွေ့ရသည်။ Vizag သည် ဝိသာခါပတ္တနမ်မြို့ကို ရည်ညွှန်းခြင်းဖြစ်သည်။
အချက်အလက်လွဲမှားစွာဖြင့် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်မှာ မူလဗီဒီယိုဖိုင်၏ ၁ မိနစ်၊ စက္ကန့် ၂၀ မှ ၂ မိနစ် ၂၆ စက္ကန့် နေရာအထိ ဖြတ်၍ တင်ထားခြင်းဖြစ်သည်။
အောက်ဖော်ပြပါ screenshot (ပုံရိပ်) များသည် အချက်အလက်လွဲမှားစွာဖြင့်တင်ထားသည့်ပို့စ် (ဘယ်) နှင့် YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားခြင်းဖြစ်သည်။


အချက်အလက်လွဲမှားစွာဖြင့်တင်ထားသည့် ပထမဗီဒီယို၏ စက္ကန့် ၂၀ တွင် AP31 ဖြင့်စသော လိုင်စင်နံပါတ်ပြားပါ ကားတစ်စီးကို တွေ့နိုင်ပါသည်။
‘AP31’ သည် ဝိသာခါပတ္တနမ်မြို့ရှိ လိုင်စင်နံပါတ်ပြားများအတွက် သတ်မှတ်ထားသော တရားဝင် အက္ခရာများဖြစ်ကြောင်း အန်ဒရာပရာဒက်ရှ်အစိုးရဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်ကို ဤလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ အန်ဒရာပရာဒက်ရှ်သည် အိန္ဒိယပြည်နယ်တစ်ခုဖြစ်ပြီး အဆိုပါပြည်နယ်တွင် ဝိသာခါပတ္တနမ်မြို့ရှိပါသည်။
ဒုတိယဗီဒီယို
ဒုတိယဗီဒီယိုဖိုင်မှ screenshot (ပုံရိပ်) များကို ထုတ်နုတ်၍ ဂူဂဲလ်တွင် ရှာဖွေရာ၌ အဆိုပါဗီဒီယိုတွင် တွေ့ရသော အလားတူ လူနာတင်ယာဉ်ပါဝင်သည့် ဓာတ်ငွေ့ယိုစိမ့်မှုအကြောင်းဗီဒီယိုကို BBC သတင်းဌာနက ဤလင့်ခ်တွင် မေလ ၈ ရက်နေ့က တင်ထားသည်ကို တွေ့ရသည်။
သတင်းခေါင်းကြီးတွင် “အိန္ဒိယ၌ ဓာတ်ငွေ့ယိုစိမ့်၊ လူ ၁၁ ဦးသေဆုံးမှုအတွက် တာဝန်ရှိသူများကို တရားစွဲဆိုထား” ဟု ပါရှိသည်။
အောက်တွင် အထင်မြင်လွဲမှားစေသောပို့စ်ပါ ဒုတိယဗီဒီယို (ဘယ်) နှင့် ဘီဘီစီ ဗီဒီယို (ညာ) တို့ကို screenshot (ပုံရိပ်) ဖြင့် နှိုင်းယှဉ်ပြထားပါသည်။
ဗီဒီယို၏ လေးစက္ကန့်တွင် ‘AP 31’ ဖြင့် စသောလိုင်စင်နံပါတ်ပြားကိုလည်း တွေ့မြင်နိုင်ပါသည်။ အောက်တွင် ဗီဒီယို၏ screenshot နှင့်အတူ လိုင်စင်နံပါတ်ပြားအား AFP က အနီဖြင့်ဝိုင်းပြထားသည်ကို တွေ့မြင်နိုင်ပါသည်။
တတိယဗီဒီယို
အထင်အမြင်လွဲမှားစေနိုင်သော တတိယပို့စ်ရှိ ဗီဒီယိုမှ screenshot (ပုံရိပ်) ကို ရှာဖွေကြည့်ရာတွင် အဆိုပါဗီဒီယိုကို အိန္ဒိယပြည်တွင်း သတင်းချန်နယ်တစ်ခုဖြစ်သော Prag News က YouTube တွင် မေ ၇၊ ၂၀၂၀ က ဤလင့်ခ်တွင် တင်ထားသည်ကို တွေ့မြင်ရပါသည်။
ဗီဒီယိုနှင့်အတူ တွဲတင်ထားသည့်စာတွင် “ဗီဇက်၌ ဓာတုစက်ရုံဓာတ်ငွေ့ယိုစိမ့်၍ လူ ၁၁ ဦးသေဆုံး၊ ၁၀၀၀ အဆိပ်သင့်၊ ယင်းဖြစ်စဉ်ကို Bhopal ဓာတ်ငွေ့ဖြစ်စဉ်နှင့် နှိုင်းယှဉ်ထား” ဟူ၍ ပါရှိသည်။
အောက်တွင် အမှားပို့စ်ပါ တတိယဗီဒီယို (ဘယ်) နှင့် Prag News ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားသည့် screenshot (ပုံရိပ်) ကို တွေ့မြင်နိုင်ပါသည်။
ဒုတိယဗီဒိယိုနှင့် တတိယဗီဒီယိုတို့ကို ဝိသာခါပတ္တနမ်မြို့ရှိ ဤလင့်ခ်ပါနေရာတွင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဂူဂဲလ်မြေပုံ (Google Street View) တွင် တွေ့မြင်နိုင်ပါသည်။
လမ်းတွင် ရှိနေသော အလားတူ အဆောက်အဦများကို မြင်သာစေရန် ဒုတိယဗီဒီယို (ညာအောက်)၊ တတိယဗီဒီယို (ညာအပေါ်) နှင့် ဂူဂဲလ်မြေပုံတွင် အသုံးပြုသူတစ်ဦး tag (နေရာအမှတ်အသားပြု) ထားသော ပုံရိပ် (ဘယ်) တို့၏ screenshot များကို အောက်တွင် နှိုင်းယှဉ်ဖော်ပြထားပါသည်။
